MyTel က မတ်လ၌ ဝန်ဆောင်မှု စမည် ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ဗီယက်နမ်အခြေစိုက် Viettel နှင့် ပြည်တွင်းကုမ္ပဏီများ ဖွဲ့စည်းထားသည့် Myanmar National Telecom Holdings ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ထားသည့် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ MyTel က မတ်လတွင် ဝန်ဆောင်မှု စတင်မည်ဖြစ်ကြောင်း အဆိုပါအော်ပရေတာထံမှ သိရသည်။ လက်ရှိအချိန်တွင် MyTel ၏ ကိုယ်ပိုင်အရောင်းဆိုင်များ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်မှုများရှိနေပြီဖြစ်ကာ မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုကို လာမည့် မတ်လထက် နောက်မကျဘဲ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း Mytel ၏ Chief External Relation Officer ဦးဇော်မင်းဦးက ပြောကြားသည်။ “ကျွန်တော်တို့ မတ်လထက် နောက်မကျဘဲ ဝန်ဆောင်မှုပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။ အဆိုပါ စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ Mytel ကို ဗီယက်နမ်အခြေစိုက် Viettel ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နေသော ပြည်တွင်းကုမ္ပဏီများက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအခြေစိုက် Viettel ကုမ္ပဏီသည် အာဆီယံနိုင်ငံအချို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်တွင် မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိပြီး ကမ္ဘာ့ထိပ်တန်း တယ်လီကွန်းကုမ္ပဏီ ၃၀ ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ “သူတို့အရင်က ဖေဖော်ဝါရီလထဲမှာ စဖြစ်မယ်ဆိုပြီး ပြောထားတယ်။ အခုတော့ မတ်လထဲကို နောက်ဆုတ်ထားတယ်။ တတိယအပတ်လောက် ဖြစ်မယ်လို့တော့ ကြားထားတယ်”ဟု MyTel မိုဘိုင်းလ်ဆင်းမ်ကတ်နှင့် ဖုန်းငွေဖြည့်ကတ်များကို အရောင်းကိုယ်စားလှယ်ယူထားသူတစ်ဦးက ပြောဆိုသည်။ လက်ရှိအချိန်တွင် ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်း၌ ဆက်သွယ်ရေးအော်ပရေတာ သုံးခုဖြစ်သော MPT ၊ တယ်လီနောနှင့် အူရီဒူးတို့က ဖုန်းခေါ်ဆိုခများကို ၁ မိနစ်လျှင် ၁၀ ကျပ် (ဆင်းမ်ကတ်အမျိုးအစားတူ အချင်းချင်း) သို့ လျှော့ချလိုက်ပြီး အင်တာနက်အသုံးပြုခနှုန်းများကိုလည်း ယခင်က နှုန်းထားများထက် အသီးသီး လျှော့ချထားသည်။
Source : https://goo.gl/y5DXxJ
via IFTTT
No comments:
Post a Comment