ရုရှားစွက်ဖက်မှုကိစ္စ စုံစမ်းနေသော အထူးကောင်စီကို ဖြုတ်ပစ်ပါက ပြဿနာတက်နိုင်ကြောင်း ဒီမိုကရက်များသတိပေး နယူးယောက်၊ ဖေဖော်ဝါရီ ၃ အမေရိကန်သမ္မတ ရွေးပွဲတွင် ရုရှားတို့ ကြားဝင်စွက်ဖက်ခဲ့မှုကို စုံစမ်းစစ်ဆေးနေသည့် အထူးကောင်စီကို ဖြုတ်ပစ်ရန် နိဒါန်းပျိုးသည့်အနေနှင့် အငြင်းပွားဖွယ် မှတ်တမ်းကိုအသုံးမချရန် သမ္မတထရမ့်ကို အကြီးတန်း ဒီမိုကရက်အမတ်များက သတိပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ထိုလုပ်ရပ်သည် နစ်ဆင်လက်ထက် နောက်ပိုင်း မတွေ့ရတော့သော အခြေခံဥပဒေ အကျပ်အတည်းပြဿနာကို ဖြစ်စေနိုင်သည်ဟု ဒီမိုကရက်အမတ်များက သတိပေးသည်။ အာဏာအလွဲသုံးစားပြုသည်ဟု FBI ကို စွပ်စွဲထားသည့် မှတ်တမ်းကို ရီပတ်ဘလစ်ကန်တို့က ရှာဖွေပြုစုခဲ့ပြီးနောက် ထုတ်ပြန်ရန်အတွက် ကန့်သတ်အဆင့် လျှော့ချမှုကို ထရမ့်က အတည်ပြုခဲ့သည်။ ထရမ့်၏ မဲဆွယ်အဖွဲ့ဝင်တစ်ဦးကို ထောက်လှမ်းစောင့်ကြည့်ခွင့် ဝရမ်းရရှိရန်အတွက် မခိုင်လုံသော အထောက်အထားကို FBI က အသုံးပြုခဲ့သည်ဟု ထိုစာတမ်းတွင် စွပ်စွဲထားသည်။ ဒီမိုကရက်များကမူ ထိုမှတ်တမ်းသည် ရုရှားကိစ္စ စုံစမ်းစစ်ဆေးနေမှုကို နှောင့်ယှက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဝေဖန်နေကြသည်။ FBI ကလည်း ထိုစာတမ်းထုတ်ပြန်မှုကို ကန့်ကွက်ခဲ့ပြီး အဓိကအချက်များကို ချန်လှပ်၍ လိုရာရွေးကာ ထုတ်ပြန်သည်ဟု မှတ်ချက်ပေးသည်။ သောကြာနေ့က ထုတ်ပြန်လိုက်သော မှတ်တမ်းသည် ရုရှားကိစ္စ စုံစမ်းနေသော FBI ကို သိက္ခာချရန် ရှက်ဖွယ်လိလိ ကြိုးပမ်းခြင်းဖြစ်သည်ဟု ဒီမိုကရက်များက ပြောကြားသည်။ ဆီးနိတ်နှင့် ကွန်ဂရက်လွှတ်တော်မှ ချတ်ရှူမာ၊ နန်ဆီပီလိုစီ အစရှိသော အကြီးတန်း ဒီမိုကရက်အမတ်များက အထူးအရာရှိ ရောဘတ်မူလာနှင့် ဒုတိယရှေ့နေချုပ် ရိုဆင်စတိန်းတို့အား ထရမ့်က ထုတ်ပယ်ရန် ကြိုးစားနေမှုကို ကန့်ကွက် သတိပေးလိုက်ကြသည်။ ယင်းကဲ့သို့ အကြောင်းမဲ့လုပ်ရပ်သည် ရုရှားကိစ္စ စုံစမ်းစစ်ဆေးမှုကို ပိတ်ဆို့ရန် ကြိုးစားခြင်းဖြစ်သည်ဟု သတ်မှတ်ယူဆမည်ဖြစ်ကြောင်း ဒီမိုကရက် အမတ်များက သတိပေးသည်။ အိမ်ဖြူတော်ကမူ တရားရေးဌာနကို အပြောင်းအလဲလုပ်မည် မဟုတ်ကြောင်းနှင့် မစ္စတာရိုဆင်စတိန်းသည်လည်း လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်ရမည်ဟု အပြည့်အဝ မျှော်လင့်နိုင်ကြောင်း ရှင်းလင်းထုတ်ပြန်သည်။ ထိုမှတ်တမ်းတွင် ထရမ့်၏ မဲဆွယ်အဖွဲ့ဝင် ကာတာပေ့ချ်၏ တယ်လီဖုန်းကို ကြားဖြတ်နားထောင်ရန် တရားရုံးခွင့်ပြုချက် ရယူခဲ့သည့်ကိစ္စကို ဖော်ပြထားပြီး ဝရမ်းရရန် မခိုင်လုံသော အထောက်အထားကို အသုံးပြုခဲ့သည်ဟု FBI ကို စွပ်စွဲထားသည်။ ယင်း အထောက်အထားသည် ဟီလာရီကလင်တန် မဲဆွယ်အဖွဲ့က ထောက်ပံ့ထားသော သူများထံမှ အချက်အလက်များကို အခြေခံထားခြင်းဖြစ်သည်ဟုလည်း စွပ်စွဲထားသည်။ မှတ်တမ်းထုတ်ပြန်မှုကို ထောက်ခံသော ရီပတ်ဘလစ်ကန်များကမူ ထို မှတ်တမ်းသည် FBI နှင့် တရားရေးဌာနအတွင်းမှ လုပ်ရပ်အလွဲများနှင့် နိုင်ငံရေး ဘက်လိုက်မှုတို့ကို ဖော်ထုတ်ခြင်းဖြစ်သည်ဟု ပြောကြားကြသည်။ သမ္မတထရမ့်ကလည်း FBI နှင့် တရားရေးဌာနမှ ထိပ်ပိုင်းအရာရှိများသည် ရီပတ်ဘလစ်ကန်ပါတီ ထိခိုက်အောင် ရည်ရွယ်လုပ်ဆောင်နေသည်ဟု သောကြာနေ့က စွပ်စွဲပြောဆိုခဲ့သည်။ မှတ်တမ်းပြုစု ထုတ်ပြန်သူ အိမ်ဖြူတော် ထောက်လှမ်းရေး ကော်မတီအကြီးအကဲ ဒီဗင်နူနက်စ်ကလည်း မှတ်တမ်းသည် လူထုယုံကြည်မှုအပေါ် ချိုးဖောက်မှုကို ညွှန်ပြနေပြီး ပြုပြင်ပြောင်းလဲမှုများ အစပျိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ ထောက်လှမ်းခံရသူ ပီတာပေ့ချ်ကလည်း တရားရေးဌာနနှင့် အမှုရင်ဆိုင်ရာတွင် ထိုမှတ်တမ်းကို တင်ပြမည်ဟု ပြောကြားသည်။ သို့သော် ယခု ထုတ်ပြန်မှုကို ရီပတ်ဘလစ်ကန် အမတ်တိုင်းက ထောက်ခံကြခြင်း မဟုတ်ပေ။ ဆီနိတ်တာ ဂျွန်မက်ကိန်းက ၎င်း၏ လုပ်ဖော်ကိုင်ဖက် ရီပတ်ဘလစ် ကန်အမတ်တစ်စုနှင့် သမ္မတထရမ့်တို့သည် ရုရှားခေါင်းဆောင်ပူတင်၏ လက်ခုပ်ထဲတွင် ကစားနေကြသည်ဟု ဝေဖန်ပြောဆို လိုက်သည်။ “ရပ်လိုက်ကြပါတော့။ အမေရိကရဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်အောင် ဆက်လုပ်နေကြမယ်ဆိုရင် ပူတင်အတွက် အလုပ်လုပ်ပေးသလို ဖြစ်နေပြီ”ဟု ဂျွန်မက်ကိန်းက ပြောကြားသည်။ ပြီးခဲ့သော မေလက ထရမ့်၏ ထုတ်ပယ်ခြင်းခံခဲ့ရသူ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းကိုမေကလည်း ထိုမှတ်တမ်းသည် ရိုးဖြောင့်မှုမရှိဘဲ လမ်းကြောင်းလွှဲခြင်းဖြစ်သည်ဟု twitter တွင် ပြောဆိုလိုက်သည်။ လက်ရှိ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးကလည်း ဝန်ထမ်းများထံ အီးမေးလ်ပို့ရာတွင် “အပြောဆိုတာလေလိုပဲ ပေါပါတယ်။ ခင်ဗျားတို့လုပ်နေတဲ့ အလုပ်ကသာ ထိုက်တန်တဲ့သက်သေပါ။ စည်းမျဉ်းစာအုပ်အတိုင်း လွတ်လပ်စွာ လုပ်ဆောင်ရမယ့် ကျုပ်တို့အားလုံးရဲ့ ပိုင်းဖြတ်ချက်အတိုင်း ကျုပ်ရပ်တည်သွားမယ်။ ခင်ဗျားတို့ဘက်က ကျုပ် ရပ်တည်မယ်”ဟု ပြောကြားသည်။
Source : https://goo.gl/STvB5v
via IFTTT
No comments:
Post a Comment