ဆိပ်ကမ်းသစ်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရ လွှတ်တော်တွင် တင်ပြ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သရက်တောကျေးရွာနှင့် ကွမ်းခြံကုန်းမြို့နယ် တော်ခလူးကျေးရွာကြား တွင် ဘက်စုံသုံး ဆိပ်ကမ်းသစ်ဆောက်လုပ်မည့် စီမံကိန်းတခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယနေ့ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့သည်။ အဆိုပါနေရာတွင် ဆိပ်ကမ်းသစ်ဆောက်လုပ်ရန် မြေဧက ၁၀၅၃ ဧက လျာထားသတ်မှတ်ပြီး ပထမအဆင့်တွင် မြစ်ကမ်းနားအရှည် ၂ ဒသမ ၂ ကီလိုမီတာ တလျှောက်ရှိ မြေဧက ၅၀၀ ကို အကောင်အထည်ဖော်ရန် လျာထား သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ယနေ့ (ဇွန် ၅ရက်) ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် လာရောက်ရှင်းပြခဲ့ခြင်းဖြစ်သည်။ ဝန်ကြီး ဦးဇော်အေးမောင်က “အောင်မြင်မယ့် အလားအလာကောင်းများကို တွေ့ရှိရတဲ့အတွက် ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးခြင်းကို အဓိကထား၍ အခြားပြည်ပပို့ကုန် သွင်းကုန်များကိုပါ လက်ခံဆောင်ရွက် နိုင်မည့် ဆိပ်ကမ်းများပါဝင်သော Multipurpose Terminal ဘက်စုံသုံးဆိပ်ကမ်းသစ် တစ်ခုတည်ဆောက် နိုင်ရန် လွှတ်တော်သို့ လုပ်ငန်း စီမံကိန်း အစီရင်ခံစာအား တင်ပြခြင်းဖြစ်ပါတယ်” ဟု ရှင်းလင်းခဲ့သည်။ ရန်ကုန်မြို့တွင်းရှိ ဆိပ်ကမ်းများမှာ တဖြေးဖြေးနှင့် ပြည်တွင်းဆိပ်ကမ်းများ ဖြစ်လာသောကြောင့် ပင်လယ်ဝ ဘက်တွင် ဆိပ်ကမ်းသစ်များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီလ ၂ ရက်နေ့က ပြုလုပ်သည့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ပြီး ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ရန်ကုန်ဟာ ဆိပ်ကမ်းမြို့အဖြစ်နဲ့ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်တဲ့ မြို့ကြီးအဖြစ် ဆောင်ရွက်သွားဖို့ ကျနော်တို့ မျှော်မှန်းပါတယ်။ ဒီအတွက် ကုန်စည်များကို ရန်ကုန်ကို အခြေပြုပြီး မြန်မာနိုင်ငံအတွက်သာမဟုတ်ပဲနဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိစပ်နေတဲ့ နိုင်ငံအားလုံးနဲ့ ကုန်တွင်းပိုင်းတွေကို ပင်လယ်ရေကြောင်း အသုံးချနိုင်ဖို့အတွက် ကျနော်တို့ အသုံးပြုဖို့ မျှော်မှန်းပါတယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်အကြား မြေနေရာကို စက်သုံးဆီ သိုလှောင်စခန်းနှင့် ဘက်စုံသုံးဆိပ်ကမ်း တည်ဆောက်ရန်အတွက် ဆောင်ရွက်ခဲ့ရာ နိုင်ငံတကာ အတွေ့အကြုံရှိ ကုမ္ပဏီများဖြစ်သည့် Royal Haskoning ကုမ္ပဏီ၊ Surbana Jurong ကုမ္ပဏီများနှင့် ပဏာမ ဖြစ်နိုင်ခြေလေ့လာခြင်း၊ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး ဦးဇော်အေးမောင်က “ဆိပ်ကမ်းသစ်ဟာ Downtown ဧရိယာနဲ့ လွတ်ကင်းတဲ့အတွက် ကုန်စည်လက်ခံနိုင် မှု ပမာဏများရင် များသလို နောင်အနာဂတ်ကာလမှာ ဆိပ်ကမ်းဧရိယာ ပိုမိုတိုးချဲ့ရန် လိုအပ်ပါကလည်း အလွယ်တကူ ချဲ့ထွင်နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းဧရိယာရဲ့ ရေစူးအနက်ဟာ ၉ မီတာရှိတဲ့အတွက် ယခုလက်ရှိ ရန်ကုန်ဆိပ်ကမ်းများကို ဆိုက်ကပ်နေတဲ့ ကုန်သေတ္တာတင် သဘောၤများထက် ပိုမိုကြီးမားတဲ့ သဘောၤများ ဆိုက်ကပ်ဝင်ထွက်နိုင်သဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လာနိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိသည့် ဆိပ်ကမ်း ၉ ခု ရှိသည့် အနက် ရေကြောင်း ကုန်သွယ်မှုများ၏ ၉၅ ရာခိုင်နှုန်း ကူးသန်းသွားလာနေသည့် ရန်ကုန်ဆိပ်ကမ်းသည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အဓိကအကျဆုံးဖြစ်ကြောင်း အဆိုပါ စီမံကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိအခြေအနေအရ ရန်ကုန်ဆိပ်ကမ်းတွင် သဘောၤ၂၆ စီး၊ သီလဝါတွင် ၂၀ စီး တပြိုင်တည်း ဆိပ်ကပ်နိုင်ပြီး စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် ထိုင်းနိုင်ငံတို့နှင့် တိုက်ရိုက်ကုန်သွယ်လျက်ရှိကြောင်း စီမံကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ The post ဆိပ်ကမ်းသစ်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရ လွှတ်တော်တွင် တင်ပြ appeared first on ဧရာဝတီ.
Source : https://ift.tt/2JisQHj
via IFTTT
No comments:
Post a Comment