စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှု တားမြစ်မူဝါဒများ ပြောင်းလဲမည် မြန်မာနိုင်ငံ၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု တားမြစ်ရေး အတွက် လိုအပ်သည့် မူဝါဒများ ပြောင်းလဲ ချမှတ်သွားမည် ဟု သမ္မတ ဦးဝင်းမြင့် က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ ဇွန်လ ၆ ရက်က ပြုလုပ်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား အဖွင့် မိန့်ခွန်း ပြောကြားလိုက်သည်။ “တခါသုံး ပလပ်စတစ် အသုံးပြုမှု လျှော့ချရေး၊ ပြန်လည်ပြုပြင်သုံးစွဲနိုင်တဲ့ ပစ္စည်းများကို ပိုမိုသုံးစွဲရေးစတဲ့ အမူအကျင့် ကောင်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို တိုက်တွန်းအားပေးဖို့နဲ့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်နိုင်ရေးအတွက် လိုအပ်တဲ့ မူဝါဒများကို ပြောင်းလဲ ချမှတ်သွားရမှာဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။ ထို့ပြင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ပြောင်းလဲနေသည့် နည်းပညာ အခြေအနေများနှင့် ကိုက်ညီစေရန် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည် ပြင်ဆင်ရေးဆွဲရမည် ဖြစ်ကြောင်းကိုလည်း သမ္မတ ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။ လူဦးရေ များပြားလာကာ မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့် အတူ စွန့်ပစ်ပစ္စည်းထွက်ရှိမှု ပိုမိုုများပြားလာသည် ကို တွေ့ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အနေနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို နိုင်ငံတကာတွင် အောင်မြင်နေသည့် နည်းပ ညာ၊ အရင်းအမြစ်များ အပေါ် အခြေခံကာ စနစ်တကျ စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စွန့်ပစ်ပစ္စည်းများကို ပြန်လည် ပြုပြင်ထုတ်လုပ်နိုင်ရေး အတွက် ပြည်တွင်းရှိ အသေးစား အလတ်စား လုပ်ငန်းများကို အားပေး ဆောင်ရွက်ရမည် ဖြစ်ပြီး တချိန်တည်း၌ နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ စွန့်ပစ်ပစ္စည်းများ တင်သွင်းရာတွင် စုပြုံလာမှု မရှိစေရေး အတွက်လည်း ဂရုစိုက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။ လက်ရှိ ပလပ်စတစ် အမှိုက် အပါအဝင် အမှိုက်စွန့်ပစ်မှု ဆိုင်ရာ ကိစ္စများအတွက် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့် ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ် (၂၀၁၇-၂၀၃၀) ကို ရေးဆွဲထားပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူရန် ဆက် လက် တင်ပြသွားမည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှွန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ပြောသည်။ အဆိုပါ မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်အရ ထိရောက်သည့် စွန့်ပစ်ပစ္စည်း သိမ်းဆည်းခြင်း ဝန်ဆောင်မှု လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းနှင့် စက်မှုလုပ်ငန်းများ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ အတွက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသည့် စီမံခန့်ခွဲမှုစနစ်ကို တိုးမြှင့်ဆောင်ရွက်ရန် စသည့်အချက်များကို အမျိုးသား အဆင့်မှ မြို့နယ်အဆင့် အထိ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် 3R actions ဟုခေါ်သော ထွက်ရှိမှု လျှော့ချခြင်း (Reduce)၊ ပြန်လည်သုံးစွဲခြင်း (Reuse)၊ ပြန်လည် သုံးစွဲခြင်း( Recycle) နည်းများဖြင့် ဆောင်ရွက်ရန်၊ စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲမှုအတွက် လည်ပတ်နေသည့် ရန်ပုံငွေထားရှိရန်၊ စွမ်းဆောင်ရည်နှင့် အသိပညာ မြှင့်တင်ပေးရန်၊ လေ့ကျင့် သင်ကြားပေးရန် စသည့် အချက်များကို ဆောင်ရွက်သွားရမည် ဖြစ်သည်။ လက်ရှိတွင် ပလပ်စတစ်အသုံးပြုမှုများ အရမ်းများပြားလာသည်နှင့် အမျှ ပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးလာသည့် အတွက် ပြည်သူတဦးချင်းစီမှ ပလပ်စတစ် အသုံးပြုမှုနှင့် တကိုယ်စာ အမှိုက်ထွက်ရှိမှုတို့ကို လျှော့ချသင့်ကြောင်း၊ အစိုးရ အနေဖြင့် သင့်တော်သည့် မူဝါဒများ ချမှတ် အကောင်အထည်ဖော်ခြင်း၊ ထိရောက်သော အသိပညာ ပေးခြင်းတို့ကို ဆောင်ရွက်သင့် ကြောင်း ပလပ်စတစ် အသုံးပြုမှု လျှော့ချရေးနှင့် အမှိုက်ကင်းစင်ရေး ဆောင်ရွက်နေသော ပရဟိတအဖွဲ့ဖြစ်သည့် Clean Yangon မှ တာဝန်ခံ မသဉ္ဇာအေးက ပြောသည်။ “ပြောရမယ်ဆိုရင် အသားငါးတွေကို ဖက်နဲ့ ထုတ်ခဲ့တဲ့အချိန်တွေရှိတာပဲ။ အဲဒီလို အခြေအနေမျိုး ရအောင် ဘယ်လို ပြန် ကြိုးစားကြမလဲ။ ဈေးတိုင်းကို မလုပ်နိုင်လည်း နည်းနည်းချင်းစီပေါ့နော်။ ဈေးသည်တွေကို ကြွပ်ကြွပ်အိတ်သုံးတာ လျှော့ဖို့ အသိပညာပေးတာတွေ လုပ်ရမှာပေါ့။ ခုနက ပြောသလို ပရဟိတအဖွဲ့တွေချည်းလည်း မရဘူး။ ပြည်သူတွေနဲ့လည်း မရဘူး။ အစိုးရဌာနတွေက အကုန်ပူးပေါင်းပြီး ဒါကိုလုပ်မှရမှာ။ လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ပေးဖို့လည်း လိုတာပေါ့” ဟု မသဉ္ဇာအေးက ပြောကြားသည်။ မြန်မာနိုင်ငံသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဆိုုင်ရာ ပါရီသဘောတူညီချက်၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း၊ စတော့ဟုမ်း ကွန်ဗင်းရှင်း စသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များတွင် လက်မှတ်ရေးထိုးကာ ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ The post စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှု တားမြစ်မူဝါဒများ ပြောင်းလဲမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2Ju1v8o
via IFTTT
No comments:
Post a Comment