Oriental Spa က တရုတ်နိုင်ငံသူ ၁၇ ဦး ပြည့်တန်ဆာမှုဖြင့် တရားစွဲခံရ ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် Oriental Spa အမည်ရှိ အလှပြင်ဆိုင်၌ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် နေ သည် ဆိုသော တရုတ်နိုင်ငံသား အမျိုးသမီး ၁၇ ဦးကို ပြည့်တန်ဆာ ဥပဒေဖြင့် တောင်ဥက္ကလာပ မြို့နယ် တရားရုံးတွင် ယနေ့ တရားစွဲတင်၍ စတင် စစ်ဆေးနေကြောင်း သိရသည်။ တောင်ဥက္ကလာပ မြို့နယ် စခန်းမှူး ဒုရဲမှူး ရွှေဌေးက“ပထမဖွင့်ထားတဲ့ ပြည့်တန်ဆာ ၃(က)/(ခ)အမှု စစ်တာပါ။ တရုတ် နိုင်ငံသား အမျိုးသမီး ၁၇ ယောက်ပါ။ ဒီနေ့ တရားလို စစစ်တာပါ”ဟု ပြောသည်။ ပြည့်တန်ဆာ ပုဒ်မ ၃(က)/(ခ) အရ ပြစ်မှု ထင်ရှားပါက တနှစ်အောက်မနည်းသော အလုပ်ကြမ်းနှင့် ထောင်ဒဏ် သို့ မဟုတ် သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ချမှတ် ခံရနိုင်ကြောင်း သိရသည်။ တောင်ဥက္ကလာပ မြို့နယ် အမှတ် ၈ ရပ်ကွက်၌ Oriental Spa အမည်ဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲ အလှပြင်ဆိုင် ဗန်းပြ၍ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် တောင်ဥက္ကလာရဲစခန်းမှ တပ်ဖွဲ့ဝင် များက မေ ၂၂ ရက် နံနက်ပိုင်းတွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည်။ ထုတ်ပြန်ချက်တွင် ဖမ်းဆီးခံရသူ ၂၇ ဦးအနက် တရုတ်နိုင်ငံသူ ပြည့်တန်ဆာ အမျိုးသမီး ၁၇ ဦးကို ပြည့်တန်ဆာ နှိပ်ကွက် ရေး အက်ဥပဒေ ပုဒ်မ ၃(က)/(ခ)၊ ဆိုင်ရှင်နှင့် မန်နေဂျာ တရုတ်နိုင်ငံသား ၂ ဦး အပါအဝင် တခြားဆိုင်ဝန်ထမ်း ၈ ဦးတို့ အား ပြည့်တန်ဆာ နှိပ်ကွက်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့် အသီးသီး အရေးယူထားသည်ဟုလည်း ဖော်ပြထားသည်။ Oriental Spa အမှုတွင် တရုတ်နိုင်ငံသား အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၁၉ ဦး ပါရှိကြောင်း သိရသည်။ ဆိုင်ရှင်ဖြစ်သူကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း သိထားပြီးဖြစ်သကဲ့သို့ ၎င်း၏ပတ်စ်ပို့ကို ရရှိထားပြီး ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေကြောင်း၊ ၎င်းတရုတ်နိုင်ငံသားသည် လေဆိပ်မှ ထွက်ခွာသွား ခြင်း မရှိသေးကြောင်း ဒုရဲမှူး ရွှေဌေးက ပြောသည်။ ဖမ်းဆီး ခံထားရသည့် တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ ၎င်းက “သံရုံးဘက်က အခုချိန်ထိ ဘာမှ အဆက်သွယ် မလုပ် သေးပါဘူး” ဟု ဆိုသည်။ ပြည့်တန်ဆာ အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တရုတ်နိုင်ငံသူ ၁၇ ဦးအမှု၏ ဒုတိယအကြိမ်မြောက် ရုံးချိန်းကို လာ မည့် ဇွန်လ ၂၀ ရက်တွင် ပြန်လည် ချိန်းဆိုထားသည်ဟုလည်း ဒုရဲမှူး ရွှေဌေးက ပြောသည်။ ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက် အရ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အများစုတွင် ပတ်စ်ပို့၊ ဗီဇာ မရှိကြောင်း တွေ့ရ သော် လည်း ယနေ့အချိန်အထိ လဝက ဥပဒေများဖြင့် တရားစွဲဆိုခြင်း မရှိသေးသည်ကို တွေ့ရသည်။ Oriental Spa အမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် တောင်ဥက္ကလာ ရဲစခန်းသို့ ဧရာဝတီက သွားရောက်မေး မြန်းခဲ့ရာ တချို့ကို လဝက ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိသူတဦးက ဖြေဆိုထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ယနေ့ရုံးချိန်း အပြီးတွင် ဒုရဲမှူး ရွှေဌေးကို မေးမြန်းရာ“မိတဲ့သူအားလုံးက ပတ်စ်ပို့၊ ဗီဇာလည်း အားလုံးရှိတယ်။ သူတို့ ဗီဇာကလည်း Business ဗီဇာပါပဲ။ အကုန်ရှိပါတယ်။ တရားဝင် လေကြောင်းဖြင့် ရောက်လာတဲ့သူ တွေပါ”ဟု ပြောဆိုသည်။ ယနေ့ တရားရုံး စစ်ဆေးမှုတွင် အမှုတွဲမှ ကျန်ရှိသူ ၁၀ ဦးကိုလည်း ပြည့်တန်ဆာ နှိပ်ကွက်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲတင် သွားမည်ဟုလည်း စုံစမ်း သိရှိရသည်။ ဖမ်းဆီးခံရသူ ၂၇ ဦးတွင် ၁၇ ဦးသည် ပြည့်တန်ဆာ လုပ်ကိုင်သည့် ပုဒ်မဖြင့် တရားစွဲခံရပြီး ကျန်ရှိသည့် ၁၀ ဦးက ပြည့် တန်ဆာခေါင်း လုပ်သူအဖြစ် တရားစွဲဆို ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ “ဖြစ်ရပ်တခုတည်း ဖမ်းတာကို နှစ်မှု ခွဲတင်တာ။ ပြည့်တန်ဆာကို တမှုတင်တယ်။ ပြည့်တန်ဆာခေါင်းကို တမှုတင်တယ်” ဟု ယခု အမှုတွင် ပါဝင်သော လားရှိုး၊ ကွတ်ခိုင်တို့မှ လာရောက် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အမျိုးသမီး ၃ ဦး အတွက် လိုက်ပါ ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းက ပြောသည်။ ၎င်း၏အမှုသည် ၃ ဦးသည် Oriental Spa ၏ အလုပ်ခေါ်စာကို အွန်လိုင်းမှတဆင့် တွေ့ရှိရာမှ လျှောက်ထားပြီး လာရောက် လုပ်ကိုင်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးကြောင်း၊ ယခုအခါ ပြည့်တန်ဆာခေါင်း ပုဒ်မ ၅ (၁) ဖြင့် အမှုဖွင့် ခံထားရကြောင်း လည်း ဦးမြင့်သန်း က ရှင်းပြသည်။ ယင်းအမှုတွဲ၌ ဖမ်းဆီးခံရသူများတွင် သန့်ရှင်းရေး ဝန်ထမ်းများလည်း ပါဝင်ရာ ထိုဝန်ထမ်းများသည် Oriental Spa မှ ဝန်ထမ်းများ မဟုတ်ဘဲ Oshin သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာ ၁ ဦးနှင့် သန့်ရှင်းရေး လုပ်သား ၂ ဦး စုစုပေါင်း အမျိုးသား ၃ ဦး ဖြစ်ကြောင်း Oshin မှ စာရေးမ ဖြစ်သူ မနွယ်နွယ်စန်းက ရှင်းပြသည်။ “ကျမတို့က ခေါ်တဲ့ဆီ သွားလုပ်ပေးရတာပဲ။ အဲဒီနေ့က အိုတီဆင်းတာ။ ည ၁၂ နာရီလောက် သန်ရှင်းရေး သွားလုပ် ပေးပြီး ပစ္စည်းသိမ်း ပြန်မယ် လုပ်တုန်းမှာ အဖမ်းခံလိုက်ရတာ”ဟု ၎င်းက ပြောပြသည်။ The post Oriental Spa က တရုတ်နိုင်ငံသူ ၁၇ ဦး ပြည့်တန်ဆာမှုဖြင့် တရားစွဲခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2M0LdSW
via IFTTT
No comments:
Post a Comment