နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း အဆင့်မြင့် နည်းပညာသုံး၍ ကင်းလှည့်ဆောင်ရွက်နေ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ နတ်မတောင်(ခေါနူးစုမ်) အမျိုးသားဥယျာဉ်အတွင်း တရား ဥပဒေစိုးမိုးရေးအတွက် အဆင့်မြင့် နည်းပညာကို အသုံးပြု၍ ကင်းလှည့်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သားငှက်ထိန်း သိမ်း ရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS မှ သိရသည်။ ဝိတိုရိယဟုလည်း လူသိများသည့် နတ်မတောင် အမျိုးသား ဥယျာဉ်အတွင်း ဂျီပီအက်စ်ကို အခြေခံ၍ SMART ဟု အတို ကောက် ခေါ်ဆိုသော ထိန်းသိမ်းရေး နယ်မြေများ စောင့်ကြည့် စစ်ဆေးခြင်းနှင့် အစီရင်ခံခြင်းစနစ်ဖြင့် ဆောင်ရွက်နေ ခြင်းဖြစ်ပြီး၊ တိရစ္ဆာန်များ အချက်အလက် ကောက်ယူခြင်းနှင့် အခြားအချက်အလက်များ ကောက်ယူရာတွင် ပိုမိုတိကျ မြန်ဆန်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း WCS Myanmar မှ သုတေသနလက်ထောက် ဦးရဲလင်းအောင် က ဧရာဝတီသို့ ပြောသည်။ “တောထဲသွားရင် ခြေရာတွေ့တဲ့နေရာကို GPS နဲ့ မှတ်တယ်။ အချက်အလက်ပုံစံမှာ တခါတည်း ဖြည့်တယ်။ မုဆိုးတဲတွေ၊ ထောင်ချောက်တွေ၊ လင့်စင်တွေ တွေ့လည်း မှတ်တယ်။ ဖောင်ဖြည့်တယ်။ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံကိုပါ ဒေတာထဲ ထည့်တယ်။ မြို့ပြန်ရောက်လို့ အချက်အလက် တွေသွင်းပြီးရင် မြေပုံတခု ရလာမယ်။ အဲဒီ အချက်အလက်တွေအရ ဥယျာဉ် အုပ်ချုပ်ရေးမှူးတွေက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပိုပြီး မြန်ဆန်လာမယ်။ မှန်ကန်လာမယ်” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ကင်းလှည့်ထိန်းသိမ်းခြင်း စီမံကိန်းကို သစ်တောဦးစီးဌာန၊ အာဆီယံ ဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်းဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၀ခုနှစ် အောက် တိုဘာလ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ နတ်မတောင် အမျိုးသား ဥယျာဉ် အတွင်း တောရိုင်း တရိစ္ဆာန် ထိန်းသိမ်းရေး ဆိုင်းဘုတ် များ(ဓာတ်ပုံ – ဦးသိန်းလွင် facebook) ကင်းလှည့်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်ရာတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို ထိ ရောက်စွာ ဖော်ထုတ်နိုင်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် ယခု အချိန်တွင် အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေကြောင်းကိုလည်း ဦးရဲလင်းအောင် ကဆက်လက်ပြောဆိုသည်။ အဆိုပါဒေသတွင် တရားမဝင် အမဲလိုက်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊ တရားမဝင် သစ်ထုတ် ခြင်း၊ သဘာဝ နယ်မြေ များအတွင်း တရားမဝင်ကျူးကျော်နေထိုင်ခြင်း၊ တရားမဝင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲ ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊ ငါးမိုင်းခွဲခြင်း၊ သတ္တုတူးဖော်ခြင်းတို့ကြောင့် သဘာဝနယ်မြေများမှာ စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရကြောင်း WCS မှ သိရသည်။ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ၊ နတ်မတောင် အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်က “SMART နည်း ပညာနဲ့ စပြီး ကင်းလှည့်နေပြီ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ်အထိ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ရေးဆွဲထား တယ် အဓိကတော့ conservation ဆိုတဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်တာပါ”ဟု ဆိုသည်။ ကင်းလှည့်ထိန်းသိမ်းရေး လုပ်ငန်းများကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် နည်းပညာ အဆင့်မြှင့်ကာ ကွန်ပျူတာစနစ် အခြေခံသည့် SMART နည်းပညာဖြင့် ကင်းလှည့် ထိန်းသိမ်းခြင်း ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များရှိ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ကြီးကြပ်မှုကော်မတီများထံသို့ လည်း SMART နည်းပညာသုံး၍ ကင်းလှည့်ထိန်း သိမ်းခြင်း လုပ်ငန်းကို ပြီးခဲ့သည့် ဇန်နဝါရီ လထဲ၌ မိတ်ဆက်ထားကြောင်း သိရသည်။ ဒေသခံများက ခေါနူးစုမ်ဟု ခေါ်သည့် နတ်မတောင် သည် ပေပေါင်း ၁၀၅၀၀ ရှိကာ ဝိတိုရိယဟုလည်း လူသိများပြီး သတ်မှတ်ထားသည် အမျိုးသား ဥယျာဉ် အကျယ်အဝန်းမှာ ၁၇၆,၃၀၀ ဧကရှိ၍ နို့တိုက်သတ္တဝါ ၃၄ မျိုး၊ ငှက်မျိုးစိတ် ၃၀၀ ကျော်၊ အပင်မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်၊ သစ်ခွမျိုးစိတ် ၂၀၀ ကျော် ရှိကြောင်း သိရသည်။ The post နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း အဆင့်မြင့် နည်းပညာသုံး၍ ကင်းလှည့်ဆောင်ရွက်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2EmTEH7
via IFTTT
No comments:
Post a Comment