Wednesday, February 7, 2018

Eleven Media Group

မြန်မာနိုင်ငံမြောက်ပိုင်း မိုးသစ်တောတွင် အမြီးပါသည့်ပင့်ကူများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိ သုသေတနပညာရှင်များသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မိုးသစ်တောတစ်ခုတွင် နှစ်ပေါင်းသန်း ၁၀၀ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်း ထင်းရှူးသစ်ခေါက်တွင် ရှည်လျားသောအမြီးပါသည့် ပင့်ကူကျောက်ဖြစ် ရုပ်ကြွင်းများကို တွေ့ရှိခဲ့ရကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခင်က သိရှိထားခြင်းမရှိသော အဆိုပါ ပင့်ကူမျိုးစိတ်ကျောက်ဖြစ် ရုပ်ကြွင်းများတွင် တွေ့ရှိရသည့် ကင်းမြီးကောက်အမြီးနှင့်ဆင်တူသည့် ယင်းအမြီးသည် ၎င်း၏ခန္ဓာကိုယ်ထက်ပင် ပို၍ရှည်လျားနေကြောင်း၊ ၎င်း၏ဝမ်းဗိုက်ရှိ အမွှေးများမှ ပိုးချည်မျှင်များ ထုတ်ပေးကြောင်း ယင်းပညာရှင်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဝမ်းဗိုက်ပိုင်းရှိ အမြီးနှင့်တူသော ယင်းအရာသည် ပင့်ကူအိမ်များဆောက်ရာတွင် အသုံးပြုခြင်းဖြစ်သည်။ သုံးမီလီမီတာရှည်လျားသော ယင်းအမြီးသည် အသစ်တွေ့ရှိခဲ့ရသည့် Chimearachne Yingi ပင့်ကူမျိုးစိတ်၏ ခန္ဓာကိုယ်အရှည် ၂ ဒသမ ၅ မီလီမီတာထက် ပိုမိုရှည်လျားသည်။ ယင်းကဲ့သို့ ရှာဖွေတွေ့ရှိမှုသည် ဒိုင်နိုဆောခေတ်မတိုင်မီက နေထိုင်ခဲ့ကြသည့် ယနေ့ခေတ် ပင့်ကူများနှင့် ဆက်နွှယ်ကြောင်း အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ အဆိုပါ ပင့်ကူရုပ်ကြွင်းများသည် ရှည်လျားသောအမြီးနှင့် ဝမ်းဗိုက်ရှိအမွှေးများမှ ပိုးချည်မျှင်ထုတ်ပေးသော Attercopus ဟုခေါ်သည့် နှစ်ပေါင်းသန်း ၃၀၀ သက်တမ်းရှိ ပင့်ကူများနှင့်ဆင်တူကြောင်း Nature Ecology and Evolution တွင် သုတေသနပညာရှင်များက ရေးသားခဲ့သည်။ Chimearachne Yingi သို့မဟုတ် Chimera ပင့်ကူသည် ခြေနှင့်အစွယ်လေးစုံအပါအဝင် အခြားပင့်ကူမျိုးစိတ်များကဲ့သို့ပင် အခြားသွင်ပြင်လက္ခဏာများလည်း ပါဝင်သည်။ လွန်ခဲ့သောဆယ်စုနှစ်သုံးခုခန့်က Attercopus ပင့်ကူမျိုးစိတ်အား ရှာဖွေတွေ့ရှိမှုတွင် ပါဝင်ခဲ့သည့် ပါမောက္ခပေါဆယ်ဒန်က ပင့်ကူကျောက်ဖြစ်ရုပ်ကြွင်းသစ်များသည် ရှေးဟောင်းပင့်ကူများမှသည် ခေတ်သစ်ပင့်ကူများအထိ ပျောက်ဆုံးနေသော ဆက်နွှယ်မှုနှင့် ဆင်တူကြောင်း ပြောကြားခဲ့သည်။ Chimera ပင့်ကူသည် Cretaceous ခေတ်အတွင်း ထင်းရှူးပင်များ၏ သစ်ခေါက်များတွင် နေထိုင်ခဲ့ဖွယ်ရှိကြောင်း၊ ၎င်း၏ရှည်လျားသောအမြီးကို ကင်းမြီးကောက်အချို့နှင့် အလားတူဦးမှင်တစ်ခုအဖြစ် အသုံးပြုခဲ့ဖွယ်ရှိဟု ယုံကြည်ကြောင်း ပေါဆယ်ဒန်က ပြောကြားခဲ့သည်။ ပိုးချည်မျှင်ထုတ်လုပ်နိုင်သည့် အစွမ်းသည် အရှေ့တောင်အာရှတွင် တွေ့ရှိခဲ့ရသော Liphistiidae ဟုလူသိများသည့် ရှေးဦးပင့်ကူမျိုးနွှယ်တစ်ခုနှင့်ဆင်တူသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်နေသည်။
Source : http://ift.tt/2C0dvqA
via IFTTT

No comments:

Post a Comment