လုံခြုံရေး အကာအကွယ်များ မပါဝင်ဘဲ ဒုက္ခသည်ပြန်ပို့ကြတော့မလား ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေးကို လတ်တလော အာရုံစိုက်နေကြသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဗဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် အရာရာ အခြေအနေ ကောင်းမွန်နေခြင်း မရှိသည်မှာ သေချာသည်။ ဒုက္ခသည် အကြီးအကဲများနှင့် လူငယ်များ ပိုမို ပျောက်ဆုံးလာကြောင်း ကယ်ဆယ်ရေး အေဂျင်စီများ၊ စခန်းတာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများက ပြောကြားနေချိန်တွင် အာဆာ (ARSA) အဖွဲ့နှင့် အဆက်အသွယ်ရှိသည် ဟူသော သံသယဖြင့် လူငယ်များကို ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ဟု ဆိုသူများက ကြိုတင်အသိမပေးဘဲ ဖမ်းဆီးနေသည် ဟူသော စိတ်အနှောင့်အယှက် ဖြစ်စရာသတင်းများလည်း ထွက်ပေါ်နေသည်။ အသက် ၂၆ နှစ် အရွယ် နားကမဲ (Nur Kamal) နှင့် အသက် ၁၅ နှစ်အရွယ် နားကိုဒေါ (Nur Kodor) တို့ ညီအကို ၂ ယောက် ဒီဇင်ဘာလ ၁၄ ရက်နေ့က ယူသီယာ အပါဇီလာရှိ စခန်းမှ အထက်ပါ ကဲ့သို့သော (ဖမ်းဆီးမှု) ဖြစ်ပေါ်ခဲ့သည်။ ၎င်းတို့ ၂ ဦးသည် လွန်ခဲ့သော ရက်အနည်းငယ်က စခန်းသို့ ပြန်ရောက်လာသည် ဟု သတင်းရင်းမြစ်များက ဆိုသည်။ ထောက်လှမ်းရေး ဌာန သို့မဟုတ် အခြားအဖွဲ့ တဖွဲ့က ၎င်းတို့ကို မည်သည့်အတွက် တလကြာမျှ ဖမ်းဆီးထိန်းသိမ်းထားသည်ကို မည်သူမျှ သေချာစွာ မသိကြပေ။ ထိုဖြစ်ရပ်အကြောင်း မည်သူမျှ နှုတ်ခမ်းမဟရဲဘဲ ပဟေဠိသာ ဖြစ်နေသည်။ လွန်ခဲ့သော ၅ အတွင်း ထိုကဲ့သို့ လူ တဒါဇင်ကျော် ပျောက်ဆုံးခြင်းနှင့် ပတ်သက်သော ကောလာဟလများ ရှိသည်။ ကော့ဗဇားတွင် ပျံ့နှံ့နေသော ကောလဟလများ အနက် တခုမှာ ၎င်းတို့ ၂ ဦးသည် အာဆာနှင့် ကြီးထွားလာသော လူကုန်ကူး ဂိုဏ်းတခုနှင့် ဆက်စပ်မှု ရှိနိုင်သည် ဟူသော သတင်းကြောင့် အာဏာပိုင်များက သတိထားမိလာသည် ဟူ၍ ဖြစ်သည်။ ရိုဟင်ဂျာ လူငယ်များကို ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက ၎င်းတို့၏ စခန်းများတွင် ရှောင်တခင် ဝင်ရောက် ဖမ်းဆီး ရလောက်အောင် ဖြစ်စေသော ခိုင်မာသည့် အထောက်အထားများကို ကော့ဗဇားအုပ်ချုပ်ရေးပိုင်းက ရရှိထားပါသလား။ ယခု အချိန်အထိ မည်သူမျှ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ ခရိုင် အာဏာပိုင်များသည် သတင်းထုတ်ပြန်ရန် ငြင်းဆန်နေသည်။ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ သို့မဟုတ် လူ ပျောက်ဆုံးမှုများသည် အာဆာ အဆက်အသွယ်နှင့် ပတ်သက်သည်မှာ မှန်ကန်လျှင် ၎င်းသည် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံအကြား ဂျီဟတ်အုပ်စုများနှင့် ပတ်သက်သည့် ထောက်လှမ်းရေး သတင်းဖလှယ်ရေး သဘောတူညီချက်နှင့် ပတ်သက်နေမည်မှာ သေချာသည်။ လွန်ခဲ့သောနှစ်က မြန်မာ အစိုးရသည် အာဆာနှင့် ပတ်သက်သူ ၁၃၀၀ ကျော်၏ စာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပေးပို့ခဲ့သည်။ လက်နက်ငယ်များနှင့် ပျောက်ကျား ယူနီဖောင်းများကို အချို့သော တဲများတွင် သိုလှောင်ထားသည် ဟု ယူသီယာ အပါဇီလာရှိ ဘာလုခါလီဒေသမှ စခန်းတာဝန်ခံများ၊ တရားသူကြီးများနှင့် ရဲများ သတင်းရသောကြောင့် ထောက်လှမ်းရေးများကို ဝင်ရောက်ရှာဖွေစေသည် ဟုလည်း ကယ်ဆယ်ရေး အေဂျင်စီ သတင်းရင်းမြစ်များက ဆိုသည်။ သို့သော် ထောက်လှမ်းရေးဌာနကို ဆက်သွယ်နိုင်ခြင်း မရှိသောကြောင့် ထိုသတင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ထိုသို့သော ဖြစ်ရပ်များ၏ အကြောင်းရင်းကို ရှာရန် လွန်စွာခက်ခဲနေသည်။ သို့သော် စိုးရိမ်စရာ ကောင်းသည်မှာ လူ ပျောက်ဆုံးမှုများ မှန်မှန်တိုးလာနေခြင်း ဖြစ်သည်။ အာဏာပိုင်များက ရှင်းလင်းခြင်း မရှိသမျှ ကာလပတ်လုံး နားကမဲလ်နှင့် နားကိုဒေါတို့၏ ဖြစ်ရပ်သည် ပဟေဠိ အဖြစ် ရှိနေမည် ဖြစ်သည်။ သိရှိရသော အချက်တခုမှာ ၎င်းတို့ ပျောက်ဆုံးသွားပြီးနောက် ၎င်းတို့၏ မိဘများက ရဲတပ်ဖွဲ့နှင့် ဘာလုခါလီ အကွက် (၁ )၊ ဘီ ၃၂ စခန်းတာဝန်ခံ မိုဟာမက် တယ်လပ် (Mohammad Talut) တို့ကို တိုင်ကြားခဲ့သည် ဟူသော အချက်ဖြစ်သည်။ ထိုလူငယ် ၂ ဦးကို ရှာဖွေပြီး ဘေးကင်းစွာ ပြန်လာနိုင်အောင် လုပ်ပေးရန် ရဲတပ်ဖွဲ့ကို ဖိအားပေးနိုင်သည့် ကယ်ဆယ်ရေး အေဂျင်စီများကိုလည်း ၎င်းတို့က အကူအညီတောင်းခဲ့သည်။ တချိန်တည်းတွင် လျစ်လျူရှု မထားနိုင်သော ကြီးထွားနေသည့် ခြိမ်းခြောက်မှုမှာ ကျယ်ပြန့်လာနေသော လူကုန်ကူးမှု ကွန်ရက်နှင့် မူးယစ်ဆေးဝါး သယ်ဆောင်သူ အဖြစ် လုပ်ကိုင်ရန် ဆွဲဆောင်မှု ဖြစ်သည်။ အကျည်းတန်လှသော လူကုန်ကူးမှုသည် ကော့ဗဇားဒေသတွင် ခေါင်းထောင်ထ လာနေပြီး ထိခိုက်လွယ်သော ဒုက္ခသည်များ အတွက်ပိုမို အန္တရာယ်များသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနေသည်။ ယခု အခြေအနေသည် ဇာတ်လမ်းတခု၏ အစပိုင်းမျှသာ ဖြစ်နိုင်သည်။ ထိုသို့သော ဇာတ်လမ်းများသည် ဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ပြန်သွားသော အခါတွင်လည်း ကြုံတွေ့ရမည့် ဖြစ်ရပ်များ ဖြစ်သည်။ ဒုက္ခသည်များ အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးနေသော သတင်းရင်းမြစ်တခုက အောက်ပါအတိုင်း ပြောသည်။ “သူတို့ကို ခေါ်ရောင်းပြီး ငွေရနေသရွေ့ ရိုဟင်ဂျာတွေ ဘယ်ရောက်နေနေ လူကုန်ကူးသူတွေက ဂရုမစိုက်ဘူး။ လူကုန်ကူးသူတွေက နယ်စပ် ၂ ဖက်စလုံးမှာ ရှိနေတာ” ဟု ဆိုသည်။ နားကမဲလ်နှင့် နားကိုဒေါတို့ ကဲ့သို့သော အကြောင်းအရာများသည် အဖြေမရှိသော မေးခွန်းများစွာကို ပေါ်ပေါက်စေပြီး ထို မေးခွန်းများက အာဆာကဲ့သို့သော မွတ်စလင် အစွန်းရောက်များနှင့် ပူးပေါင်ဆောင်ရွက်နေသည့် ကြီးထွားလာသော မူးယစ်မှောင်ခို ကွန်ရက်ကို ညွှန်ပြနေသည်။ ပိုမို စိုးရိမ်စရာကောင်းသည်မှာ လေ့လာသင်ယူပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အတူ ကယ်ဆယ်ရေး လုပ်ငန်းနှင့် ရပ်ရေးရွာရေး ဆောင်ရွက်လိုသော လူငယ်များကို အစွန်းရောက် အုပ်စုများက လွတ်လပ်မှုနှင့် ပိုမိုကောင်းမွန်သော ဘဝကို အကြောင်းပြကာ စည်းရုံးသိမ်းသွင်းမည့် အချက်ဖြစ်သည်။ အလားတူဖြစ်ရပ်များ ယခင်ကလည်း ဖြစ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် ၂ ဖက်လုံးမှ ရိုဟင်ဂျာများကို လူကုန်ကူးသည့် ခြိမ်းခြောက်မှု ကြီးထွားနေကြောင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ မီဒီယာများက အမြဲလိုလို ရေးသားနေသည်။ မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးဝါး၊ အထူးသဖြင့် ယာဘနှင့် မက်သာဖက်တမင်း မှောင်ခိုလုပ်ငန်းနှင့် ယှဉ်တွဲ ကြီးထွားလာသည့် လူကုန်ကူးမှုကွန်ရက်နှင့် ထိုဒေသတွင်လှုပ်ရှားနေသော မူးယစ်ဂိုဏ်းများ အကြောင်း သတင်းများမှာ အသစ်အဆန်း မဟုတ်ပေ။ တက်ခ်နက်နှင့် ယူသီယာသည် မြန်မာနိုင်ငံနှင့် ကုန်းမြေနယ်နမိတ် ထိစပ်နေပြီး ယာဘ မှောင်ခိုသွင်းသော လမ်းကြောင်း ဖြစ်နေသည်။ “လုံခြုံရေးတွေက မြစ်ကြောင်းနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးကို သွားတဲ့ လမ်းကြောင်းကိုပဲ အာရုံစိုက်နေတော့ ပျောက်သွားတဲ့ သူတွေကို ကုန်းလမ်းကပဲ ခေါ်သွားတယ် ဆိုရင် ဘာမှ အံ့ဩစရာ မရှိဘူး” ဟု အမည်မဖော်လိုသော ကယ်ဆယ်ရေး အေဂျင်စီ ဝန်ထမ်းတဦးကပြောသည်။ ထိုပြဿနာသည် အရှုပ်ထုပ်ကို ဖြည်လိုက်သကဲ့သို့ ဖြစ်နေပြီး မူးယစ်ဆေးနှင့် လူကုန်ကူးမှုအကြား ဆက်စပ်မှုနှင့် ရိုဟင်ဂျာ လူငယ်များ သားကောင်အဖြစ် ကျရောက်ရသည့် သတင်းများ မှန်ကန်ကြောင်း အထောက်အထား ဖြစ်လာသည်ဟု မူးယစ်ဆေးနှင့် လူကုန်ကူးမှုများကို မှတ်တမ်းတင် တိုက်ဖျက်နေသော အဖွဲ့များက ပြောသည်။ ထိုဆက်စပ်မှုကို မြင်နိုင်ရန် ခက်ခဲခြင်း မရှိပေ။ လွန်ခဲ့သော ၄ လအတွင်း ဒုက္ခသည်စခန်းများတွင် ကယ်ဆယ်ရေး လုပ်သား သို့မဟုတ် ကြီးကြပ်စောင့်ကြည့်သူများက အဆိုးရွားဆုံး အခြေအနေတခုကို စိုးရိမ်နေသည်။ “ဒုက္ခသည် ဟန်ဆောင်ပြီး မြန်မာနိုင်ငံက ဝင်လာပြီး ဒီက အသိုင်းအဝန်းမှာ ရောနှောနေထိုင်ပြီး ပြစ်ဒဏ်ကင်းလွတ်နေတဲ့ မှောင်ခိုသမားတွေက ထိခိုက်လွယ်တဲ့ ရိုဟင်ဂျာ လူငယ်တွေနဲ့ အမျိုးသားတွေကို အကာအကွယ် အဖြစ် အသုံးချနေကြတယ်” ၎င်းတို့ထဲမှ တဦးက ဆိုသည်။ စစ်တကောင်းမှ အဆင့်မြင့် အရာရှိများ၊ နိုင်ငံရေးသမားများနှင့် အဆက်အစပ် ရှိသောကြောင့် ကြီးထွားလာသည့် မူးယစ် ဂိုဏ်းများ အကြောင်းသည် ဘင်္ဂလားဒေ့ရှ် မီဒီယာတွင် လွန်စွာ များပြားနေသည်။ မူးယစ်မှောင်ခို လုပ်ငန်းတွင် တက်ခ်နက်အပါဇီလာ ဥက္ကဌ ဂျဖာအလန် နှင့် အာဏာရ အဝါမီ အဖွဲ့ချုပ် လွှတ်တော်အမတ် အဗ္ဗဒူ ရာမန်ဘိုဒီ တို့၏ အခန်းကဏ္ဍသည် မကြာခဏ ဆိုသလို မီဒီယာတွင် ပါလာတတ်သည်။ ဂျဖာအလန်၏ နေအိမ်ကို မူးယစ်အထူးတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဝင်ရောက် ရှာဖွေကြောင်းနှင့် နယ်စပ်မှ ယာဘ သယ်ဆောင်သည့် ရိုဟင်ဂျာ ၃၁ ဦးကို ဖမ်းဆီးသည့် သတင်းများ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် Dhaka Tribune က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးအေဂျင်စီများက လူ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အများစုမှာ ရိုဟင်ဂျာ အမျိုးသားများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် မီဒီယာသတင်းများ အရ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် ဖမ်းမိသော ယာဘ ဆေးပြား အရေအတွက်မှာ ၅ သိန်းကျော်ပြီ ဖြစ်သည်။ ဩဂုတ်လ ၂၅ ရက်နောက်ပိုင်းတွင် ဒုက္ခသည်ဟန်ဆောင်ပြီး ဝင်ရောက်လာသော ယာဘမှောင်ခိုသမား အရေအတွက် မှာလည်း ၅၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး ဌာနများက မကြာမီက ထုတ်ဖော်ပြောခဲ့သည်။ လွန်ခဲ့သော ၃ လ အတွင်း ယာဘ သယ်ဆောင်သူ နောက်ထပ် ၁၀၀၀ ခန့်သည်လည်း အခြားသော နည်းလမ်းများဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်ခဲ့သည် ဟု ၎င်းတို့က သံသယရှိသည်။ မူးယစ်ဆေးဝါး သုံးစွဲမှု တားဆီးကာကွယ်ရေး အသင်းက မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအရ ယာဘ ဆေးဝါးများ၏ ၉၀ ရာခိုင်နှုန်းသည် နတ်မြစ်ကို ဖြတ်သန်းကာ ဝင်ရောက်လာသည်ဟု သိရသည်။ ထိုအသင်း၏ ဥက္ကဌ အာရပ် ချောင်ဒရီ၏ အဆို အရ ယာဘကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် နေရာ ၄၃ ခုမှ တဆင့် မှောင်ခိုသွင်းနေသည်ဟု သိရသည်။ ပျောက်ဆုံးနေသူများ ပဟေဠိကို ဖြေရှင်းပြီး ၎င်းတို့၏ ကံကြမ္မာကို ဆုံးဖြတ်ရန် တရားဥပဒေ စိုးမိုးရေး ဌာနများက ကြိုးစားနေစဉ်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများသည် ဒုက္ခသည်ပြန်လည် ပို့ဆောင်ရေးကို နည်းအမျိုးမျိုးနှင့် ထိခိုက်စေသော လူကုန်ကူးမှု ကွန်ရက်နှင့် မူးယစ်ဆေးဝါးကုန်သွယ်ရေးတို့၏ ခြိမ်းခြောက်မှုကို စဉ်းစားသုံးသပ်ပြီး ပူးပေါင်းကိုင်တွယ်ကြရန် လိုသည်။ (Bidhayak Das ၏ Rohingya Repatriation Futile Without a Strong Security Shield ကို ဘာသာပြန်သည်။ Bidhayak Das သည် အိန္ဒိယ နိုင်ငံတကာ မီဒီယာများတွင် လုပ်ကိုင်ခဲ့သော ဝါရင့်သတင်းစာဆရာတဦးဖြစ်ပြီး ယခုအခါ ဧရာဝတီသတင်းဌာန အတွက် ရေးသားလျှက်သည်။) The post လုံခြုံရေး အကာအကွယ်များ မပါဝင်ဘဲ ဒုက္ခသည်ပြန်ပို့ကြတော့မလား appeared first on ဧရာဝတီ.
Source : http://ift.tt/2FCy9iI
via IFTTT
No comments:
Post a Comment