Thursday, February 1, 2018


တိုက်ပွဲပြင်းထန်နေချိန်တွင် တပ်မတော် နှင့် KIA တို့ တရုတ်တွင် သီးသန့်တွေဆုံ တိုက်ပွဲများဖြစ်ပွားနေသည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့တို့မှ နှစ်ဖက် စစ်ဘက် ခေါင်းဆောင်းများ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့၌ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ တွေ့ဆုံမှုတွင် တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်ခဲ့ပြီး KIA ဘက်မှ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အတူ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် တို့ ဦးဆောင် တက်ရောက်ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးရန် အတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) မှ အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) က ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) က “ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ပါတယ်။ တခြားဘယ်သူ ပါလဲတော့ မသိဘူး။ ကိုယ် ညှိပေးလိုက်တာပဲ။ ဒါပေမယ့် ကိုယ်က မပါတော့ ဘာတွေ ဆွေးနွေးလဲမသိဘူး။ ကိုယ်မပါပဲ ပြောရင်လည်း ရမ်းတုတ်သလိုပဲ ဖြစ်နေမယ်။ စစ်ဘက်နဲ့တွေ့တာ ဆိုတော့ တိုက်ပွဲအကြောင်းတွေ ဖြစ်မှာပေါ့” ဟု ပြောသည်။ KIA နှင့် နီးစပ်သည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့(PCG) မှ ဦးဆန်းအောင်ကလည်း “တွေ့တာတော့ တွေ့ပါတယ်။ သူတို့ရဲ့ ဆွေနွေးတဲ့ အချက်တွေ၊ သဘောတူညီတဲ့ အချက်တွေကတော့ ဘာမှမသိရသေးဘူး။ အဓိကတော့ စစ်ရေးနဲ့ ပတ်သက်တာ ဖြစ်ပါလိမ့်မယ် ဆွေးနွေးတာ။ စစ်တပ်နဲ့ဆိုတော့ စစ်ရေးနဲ့ ပတ်သက်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။ တပ်မတော်နှင့် KIA အကြား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ စတင်၍ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ တနိုင်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားဖြစ်ပွားလျှက်ရှိနေချိန်တွင် တပ်မတော်မှ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် KIA မှ ခေါင်းဆောင်များ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ “အခုတွေ့ဆုံနေတဲ့ အချိန်မှာ ဒီဘက်က ထိုးစစ်ဆင် မြှင့်နေတဲ့ အချိန်ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့လည်း ဘာမှ မမျှော်လင့်သေးပါဘူး။ တွေ့တာတော့ တွေ့တယ်။ ဒါက အလွတ်သဘော တွေ့တာ တရားဝင် တွေ့ဆုံ ခြင်းတော့ မဟုတ်သေးဘူး”ဟု PCG မှ ဦးဆန်းအောင် က ပြောသည်။ အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး KIA ဘက်ကိုဆက်သွယ် မေးမြန်းသော်လည်းဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိသည့်အတွက် တစုံတရာမသိရပေ။ KIA သည် တပ်မတော်အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးခဲ့ပြီး ငြိမ်းချမ်းရေးကိုရယူခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်တွင် ကချင်ပြည်နယ်၌ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးရယူထားမှု ပျက်ပယ်သွားခဲ့ပြီးယနေ့ချိန်ထိ မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။ ၂၀၁၁ ခုနှစ်က တကျော့ပြန် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် တိုက်ပွဲရှောင် ၁သိန်းကျော် ရှိနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်းသိရသည်။ လက်ရှိတွင် KIA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။ FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့် တပ်မတော်(AA) တို့ ပါဝင်ကြသည်။ The post တိုက်ပွဲပြင်းထန်နေချိန်တွင် တပ်မတော် နှင့် KIA တို့ တရုတ်တွင် သီးသန့်တွေဆုံ appeared first on ဧရာဝတီ.
Source : http://ift.tt/2rXMDHR
via IFTTT

No comments:

Post a Comment