တပ်ချုပ်ကို လူကြိုက်များလာနေသည် ဆိုးရွားလာသော နိုင်ငံရေးအကျပ်အတည်းတွင် မြန်မာ့တပ်မတော် အကြီးအကဲသည် အဓိက အရေးပါသူ ဖြစ်လာသည်။ သူနှင့် တိုင်းပြည်၏ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့သည် တဦးနှင့် တဦး မယုံကြည်ဘဲ ရှိကောင်းရှိမည် ဖြစ်သော်လည်း ရခိုင် အကျပ်အတည်းကို အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ပိုမိုဆိုးရွားလာသော နိုင်ငံတကာ ရုတ်ရုတ်သဲသဲ အခြေအနေများကြားတွင် သူသည် ဒေါ်အောင်ဆန်းစုကြည် အတွက် မရှိမဖြစ်လိုအပ်သော မဟာမိတ် ဖြစ်လာသည်။ ၎င်းတို့ ၂ ဦးအကြား အသစ်တဖန် ပြန်လည် ဆန်းသစ်လာသော ပူးပေါင်းဆောင်ရွက်မှု လက္ခဏာ အဖြစ် ဒေါ်အောင်ဆန်းစုကြည် သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရာထူးသက်တမ်းကို၂၀၂၀ ရွေးကောက်ပွဲ အထိ နောက်ထပ် ၂ နှစ်တိုးမြှင့်ပေးလိုက်သည်ဟု အစိုးရ၏ အတွင်းလူများ အဆိုအရ သိရသည်။ ပဋိပက္ခဖြစ်နေသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများကို အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက်သော ကြီးထွားနေသည့် နိုင်ငံတကာ မကျေနပ်မှုများ၊ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည့် ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာ ဟုခေါ်သော မွတ်စလင် ဒုက္ခသည် တသန်းနီးပါး၏ ဆိုးရွားလှသော အခြေအနေ၊ ၎င်းတို့၏ ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လာနိုင်ရန် စီစဉ်ခြင်း စသည့် အကျပ်အတည်းများသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေ ကင်းမဲ့လုနီးပါး ဖြစ်သွားစေသည်။ လွန်ခဲ့သောနှစ် သြဂုတ်လက နယ်စပ် ရဲစခန်းများကို စစ်သွေးကြွတိုက်ခိုက်မှု အပြီး ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်က လူမျိုးစုသုတ်သင်ရှင်းလင်းမှု ပြုလုပ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများနှင့် ကုလသမဂ္ဂတို့က စွပ်စွဲခဲ့သည်။ ဒုက္ခသည်များ ပြန်လာရေး၊ ရခိုင်ပြည်နယ်တွင် ပြန်လည် အခြေချရေး၊ ပြန်လည် သင့်မြတ်ရေးတို့ကို ကူညီရန် အစိုးရက သတိထား ရွေးချယ်ခဲ့သည့် နိုင်ငံတကာအကြံပေးအဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခံရသော အမေရိကန် အထက်လွှတ်တော် အမတ် ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ၏ မကျေနပ်မှုသည်လည်း အကြီးအကျယ် တုန်လှုပ် သွားစေခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပေါ် သူ၏ ဝေဖန်မှုသည် ထိခိုက်နစ်နာစေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အကြီးအကျယ် ရိုက်ခတ်နေမည် ဖြစ်သည်။ ထိုဖြစ်စဉ်သည် အစိုးရက စီစဉ်ထားသည့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည် ထိတွေ့ဆက်ဆံရေး အထူးသဖြင့် အနောက်နိုင်ငံများနှင့် တင်းမာမှု လျော့ပါးရေးကို နောက်ပြန်ကွေ့ သွားစေခဲ့သည်။ တချိန်က မြန်မာ့ဒီမိုကရေစီ သူရဲကောင်းနှင့် အနောက်နိုင်ငံများ၏ အချစ်တော် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာ နယ်ပယ်တွင် ပိုမို အထီးကျန် ဖြစ်လာသည်။ ပို၍ ပို၍ မိတ်ဆွေ နည်းလာပြီး ဂျပန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန် စသည့် အနောက်နိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည် ကို ကျောခိုင်းလာကြသည်။ မြန်မာနိုင်ငံအတွင်းတွင်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရည်မှန်းချက်နှင့် မဟာဗျူဟာ အပေါ် ပိုမို စိတ်ပျက်လာ ကြသည်။ မြန်မာနိုင်ငံသား အများစု၏ သစ္စာခံမှုကို ရရှိသော်လည်း နိုင်ငံရှိ လူမျိုးစု အုပ်စုများ၊ လူမှုအခြေပြု အဖွဲ့များနှင့် အခြားသော တက်ကြွ လှုပ်ရှားသူများ၏ ထောက်ခံမှုကို အကြီးအကျယ် ဆုံးရှုံးခဲ့သည်။ သူမ၏ ကျင့်ဝတ်ဆိုင်ရာ ခေါင်းဆောင်မှုသည်လည်း အကြီးအကျယ် စိန်ခေါ်ခံနေရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်ပြိုင်ခေါင်းဆောင် အဖြစ် ထွက်ပေါ်လာပြီး သူ၏ နိုင်ငံရေး ရည်မှန်းချက်မှာလည်း ပိုမို ထင်ရှားလာသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရေးပါသူ ဖြစ်လာသလို သူသည် ထိုအချက်ကို အနာဂတ် အတွက် အသုံးချရန် မျှော်လင့်လာသည်။ ပြည်သူများ အကြားတွင် သူ့အပေါ် လူထုထောက်ခံမှုနှုန်း မြင့်တက်လာသည်။ တပ်တွင်း ထောက်ခံမှုလည်း တက်လာပြီး ဘီလ်ရစ်ချတ်ဆန်၏ ပြစ်တင်ရှုတ်ချမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထောက်ခံမှုကို အားကိုးရန်မှ အပ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ၎င်းတို့ ၂ ဦးကြားကွာဟမှုမှာ ကြီးမားနေဆဲ ဖြစ်သော်လည်း ခေါင်းဆောင် ၂ ဦးတို့သည် အရေးပါသော ပြဿနာ အများအပြားတွင် စတင် ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်သည်။ ၎င်းတို့ ၂ ဦးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိုမို ပူးပေါင်းဆောင်ရွက်ကြပြီး တရုတ်နိုင်ငံက လိုအပ်သော ပေါင်းကူး အဖြစ် ဆောင်ရွက်ပေးသည်။ တနှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံသည့် လွန်ခဲ့သော အောက်တိုဘာလက အစည်းအဝေးသည် နိုင်ငံရေး ဆွေးနွေးပွဲများ အကြောင်းဆွေးနွေးရန်နှင့် ခွဲထွက်ရေး ပြဌာန်းချက်ကို ပူးတွဲကန့်ကွက်ကြောင်း သဘောတူရန် ဖြစ်သည်။ ထိုမှ စတင်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံ၏ ထောက်ခံမှုဖြင့် တူညီသော သီချင်းကို သီဆိုနေကြသည်။ လွန်ခဲ့သောနှစ်က နှစ်ဦးစလုံး တရုတ်နိုင်ငံသို့ သီးခြားစီ သွားရောက်ပြီးနောက် ၎င်းတို့ အကြား ဒုတိယ တွေ့ဆုံမှုမှာ တပ်မတော်တွင် ရာထူးဆက်ခံခြင်းကို ဆွေးနွေးရန် ဖြစ်သည်ဟု တပ်မတော်နှင့် အစိုးရအတွင်းမှ ယုံကြည် စိတ်ချရသော ရင်းမြစ်များက ဆိုသည်။ ရလဒ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာထူးသက်တမ်း တိုးပေးခြင်း ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၆ ခုနှစ် မတ်လက အာဏာလွှဲပြောင်းခြင်း၏ အစိတ်အပိုင်း အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရာထူးသက်တမ်းကို ၂ နှစ်တိုးပေးပြီးနောက် ထပ်မံ သက်တမ်းတိုးပေးရန် ငြင်းဆန် နေခဲ့ပြီးမှ ယခုကဲ့သို့ ထပ်မံသက်တမ်း တိုးပေးခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့တပ်မတော်ကို တည်ထောင်သူနှင့် လွတ်လပ်ရေး လှုပ်ရှားမှု၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သောကြောင့် တပ်မတော်နှင့် အကြီးအကဲကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်နေသော်လည်း လက်တွေ့တွင် တပ်မတော်ကသာ ပွဲကို စီစဉ်နေပြီး ဒေါ်အောင်ဆန်းစုကြည် မှာ အခြားရွေးစရာ မရှိဘဲ တပ်မတော်၏ လွှမ်းမိုးသော အနေအထားကို လက်ခံနေရ သည်။ ထုတ်ပြန်ကြေညာခြင်း မရှိသည့် ၎င်းတို့ ၂ ဦးကြား အာဏာ လွန်ဆွဲပွဲသည် လွန်ခဲ့သော နှစ်၏ အချိန်အများစုတွင် ထင်ရှားလာသည်။ ၎င်းတို့သည် အဓိက မဟာမိတ်များနှင့် အိမ်နီးချင်းများထံ ၎င်းတို့ကို ၎င်းတို့ ရေပမ်းစားအောင် ပြုလုပ်ပြီး တိုင်းပြည်ခေါင်းဆောင်နှင့် တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြသကြသည်။ ၂၀၁၇ နှစ်လယ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ပခရီးများသည် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည် ဟု သူမနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပနိုင်ငံ အများအပြားနှင့် ဂျပန်နှင့် အိန္ဒိယသို့ သွားရောက် လည်ပတ်သောအခါ နိုင်ငံတကာ စင်မြင့်တွင် သူ့ကို အသိအမှတ်ပြုခြင်းကို အားပေးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အိမ်ရှင်နိုင်ငံများကို အပြစ်တင်သည်။ ထိုနိုင်ငံအားလုံးတွင် သူ့ကို နိုင်ငံအကြီးအကဲများက လက်ခံတွေ့ဆုံသည်။ အထူးသဖြင့် အိန္ဒိယနှင့် ဂျပန်တွင် အရပ်သား ခေါင်းဆောင်များသည် လာရောက်လည်ပတ်သော စစ်ဘက်အကြီးအကဲများကို တွေ့ဆုံခြင်း မရှိပေ။ တွေ့ဆုံလျှင် သံတမန်ကျင့်ဝတ် ဖောက်ဖျက်ရာ ရောက်သည်။ သို့သော် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံပြီး ကြီးမားသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က သတင်းများတွင် ဖော်ပြခြင်း မရှိခဲ့သော အချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထက် ပိုမို အရေးပါကြောင်း မည်မျှကိုယ်ရည်သွေးခဲ့သည်၊ သူမကို အထီးကျန်စေရန် မည်သို့ လုပ်ခဲ့သည် ဟူသော အချက်များ ဖြစ်သည်။ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည့် တရုတ်၏ နိုင်ငံတကာနယ်ပယ်၊ အထူးသဖြင့် အာရှဒေသတွင် ပြိုင်ဘက်များ ဖြစ်သောကြောင့် မြန်မာ့တပ်မတော်သည် ဘက်မလိုက်ဘဲ တရုတ်ကိုလည်း မထောက်ခံကြောင်း ၂ နိုင်ငံလုံးတွင် သူပြောသည်။ တရုတ်ကို ကံကြမ္မာ လုံးလုံးလျားလျား ပုံအပ်သော အရပ်သားခေါင်းဆောင်နှင့် သူ့အကြား လုံးဝ ကွဲပြားသော အချက်မှာ ထိုအချက်ဖြစ်သည် ဟုလည်း ခေါင်းဆောင် ၂ ဦးလုံးကို သူပြောသည်။ ထိုသို့ ပြောဆိုသောကြောင့် တရုတ်ခေါင်းဆောင်များ၊ အထူးသဖြင့် မြန်မာ့တပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမာခံ မဟာမိတ်ဟု သတ်မှတ်သော တရုတ် ဗိုလ်ချုပ်ကြီးများကို ဒေါသ ထွက်စေသည်။ သို့သော် လွန်ခဲ့သောနှစ် ဩဂုတ်လက စတင်သော ရခိုင်ပြည်နယ်မှ အုံကြွမှုများသည် အခြေအနေကို လုံးဝပြောင်းလဲ သွားစေသည်။ ထိုဖြစ်ရပ် မတိုင်မီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ဘက် အရာရှိများက ၎င်းတို့သည် ဝါရှင်တန်ကိုပင် စည်းရုံးနိုင်မည်ဟု ထင်ခဲ့ကြသည်။ ကာကွယ်ရေးကိစ္စများ အတွက် သူ့ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဖိတ်ခေါ်မည်ဟုပင် တပ်မတော်အကြီးအကဲက ယုံကြည်နေခဲ့သည်။ အမေရိကန်လုပ် စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သည့် Lockheed C-130 Hercules များကိုပင် ဝယ်ယူရန် မြန်မာနိုင်ငံကို ခွင့်ပြုမည်ဟု သူထင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး နှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။ ထိုအင်ဂျင် ၄ လုံးတပ် စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်များသည် ထူးခြားသည်။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့် ပြေးလမ်းကို အတက်အဆင်း အတွက် အသုံးပြုနိုင်ပြီး ၎င်းကို လေကြောင်းတိုက်ခိုက်၊ ရှာဖွေ၊ ကယ်ဆယ်ရေး၊ ရေပိုင်နက်ကင်းလှည့်ခြင်းတွင် စသည်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်သည်။ “မြန်မာနိုင်ငံကို ဒီလေယာဉ်တွေ ရောင်းစရာ အကြောင်းမရှိဘူး” ဟု အမည်မဖော်လိုသော ဝါရင့်အမေရိကန် စစ်သံမှူး တဦးက ပြောသည်။ သို့သော် အရပ်ဘက်သုံး အဖြစ်ထုတ်လုပ်ထားသည့် L-130 လေယာဉ်များ ရောင်းချခြင်းကို အမေရိကန်အစိုးရက တားဆီးပိတ်ပင်တာမျိုး မရှိကြောင်းနှင့် ၎င်းကို တိုက်ပွဲတွင် သုံးရန် လွယ်ကူစွာ ပြုပြင်နိုင်ကြောင်း ထိုသူကပင် ပြောသည်။ အမေရိကန်၏ ပြန်လည် ကျေအေးခြင်းသည် ယခုအခါ အတိတ်က အိပ်မက်မျှသာ ဖြစ်သည်။ ဝါရှင်တန်တွင် ကြိုဆို လက်ခံရမည့် အစား ရခိုင်ပြည်နယ်မှ ဖြိုခွင်းမှုများကို ပြုလုပ်ခဲ့သည် ဟု သတ်မှတ်ခံရသည့် မြန်မာထိပ်တန်း တပ်မှူး အချို့ကိုပင် ပစ်မှတ်ထား အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် မြန်မာ့တပ်မတော်အပေါ် သဘောထား တင်းမာစေရန်နှင့် ထိုဖြိုခွင်းမှုကို လူမျိုးစု သုတ်သင်ရှင်းလင်းခြင်းဟု သတ်မှတ်ရန် အမေရိကန်ကို အားပေးရာတွင် ကြံရာပါဖြစ်ခဲ့သည်ဟု အတွင်းလူများက စွပ်စွဲကြသည်။ ယခုမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်ဇောနီ အစား နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ စွဲချက်များကို ရင်ဆိုင်ရမည့် အလားအလာ ရှိနေသည်။ ယင်းသည် စစ်ဘက်ကို တားဆီးရန် ကိရိယာ အဖြစ် ရည်ရွယ်ခဲ့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုသို့ မဖြစ်ရန် တားဆီးမှု အားလုံးကို ပြုလုပ်ရမည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ခြောက်လှန့်နေသည်။ ထို့ကြောင့် ရစ်ချတ်ဆန်က ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်ခြင်းကြောင့် နိုင်ငံတကာအလယ် သူမ၏ရပ်တည်မှုကို မထိခိုက်နိုင်သည်သာမက ဖြစ်ပျက်သမျှ အခြေအနေ အားလုံး၏ ရည်မှန်းချက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်တွင်း အနေအထားကိုသာ လုံးဝနီးပါး ပိုမို ခိုင်မာစေရန်လည်း ဖြစ်သွားသည်။ (southasianmonitor.com တွင် ဖော်ပြထားသည့် Larry Jagan ၏ Myanmar’s military chief’s popularity on the rise ကို ဘာသာပြန်သည်။) The post တပ်ချုပ်ကို လူကြိုက်များလာနေသည် appeared first on ဧရာဝတီ.
Source : http://ift.tt/2GB3DHc
via IFTTT
No comments:
Post a Comment