Sunday, February 4, 2018

The Voice

ဆော်ဒီအာရေဗျ ညွန့်ပေါင်းတပ်ဖွဲ့၏ ထိုးစစ်ကြောင့် ယီမင်ရှိ ကလေးငယ်များစွာ သေဆုံးခဲ့ရဟု ကုလပြောကြား ရီယတ်၊ ဖေဖော်ဝါရီ ၃ ယမန်နှစ် နွေရာသီမှစ၍ ဆော်ဒီအာရေဗျ ဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့က ယီမင်ရှိ ဟော်တီသူပုန်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် ယီမင် ကလေးငယ်ပေါင်း မြောက်မြားစွာ သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ရပ်က ဆိုကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ ကုလသမဂ္ဂ ကလေးငယ်များနှင့် စစ်မက်ပဋိပက္ခဆိုင်ရာရုံး (UNOCAC) ၏ သီးသန့်ထုတ်ပြန်သော အစီရင်ခံစာကို Aljazeera က ဖတ်ရှုခဲ့ရပြီးနောက် ယီမင်တွင် ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် ကလေးငယ်များစွာ သေဆုံးခဲ့သည်ဟူသော အချက်ကို သိရှိခဲ့ခြင်းဖြစ်သည်။ ယင်းအစီရင်ခံချက်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဟော်တီသူပုန်များအပေါ် ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ ထိုးစစ်ကြောင့် ကလေးငယ် ၆၈ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိသွားသည်။ သို့သော် UNOCAC က ဟော်တီသူပုန်များ၏ သတ်ဖြတ်မှုကြောင့် ယမန်နှစ် နွေရာသီတွင် ကလေးငယ် ၁၈ ဦး သေဆုံးခဲ့ရသည်ဟုလည်း စွပ်စွဲဖော်ပြ ထားသည်။ ထိုစဉ်က ယီမင်တွင် နေ့စဉ် ဆော်ဒီ ညွန့်ပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်မှု အကြိမ် ၂၀ အထိ ပြုလုပ်ခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များလည်း စီးနင်းတိုက်ခိုက်ခံခဲ့ရသည်။ ဆော်ဒီအာရေဗျနှင့် အခြားသော အာရပ်နိုင်ငံများသည် ၂၀၁၅ ခုနှစ်က စတင်ကာ ဟော်တီသူပုန်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဟော်တီသူပုန်များက ဆော်ဒီအာရေဗျတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ထိုးစစ်ဆင်ခဲ့ကြခြင်းလည်းဖြစ်သည်။ ယခုထွက်ရှိလာသည့် ကုလသမဂ္ဂ အစီရင်ခံစာနှင့်ပတ်သက်၍ ဆော်ဒီ ညွန့်ပေါင်းတပ်ဖွဲ့က ၎င်းတို့သည် ဟော်တီသူပုန် ပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုသည် ယီမင်သမ္မတ အဘတ်ရာဘူမန်ဆာဟာဒီ၏ တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ UNOCAC က ယီမင်တွင် ကလေးစစ်သား စုဆောင်းမှုများလည်း တိုးမြင့်လာကြောင်း၊ အထူးသဖြင့် ဟော်တီသူပုန်များနှင့် ယီမင်အမျိုးသားတပ်မတော်က ကလေးငယ်များကို စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ UNHCR မှ ပြောရေးဆိုခွင့်ရှိသူကမူ ယီမင်နိုင်ငံတွင် အဆိုပါစစ်မက် ပဋိပက္ခများကြောင့် လူထောင်နှင့်ချီ၍ အကူအညီအထောက်အပံ့များ လိုအပ်လျက် ရှိသည်ဟု ပြောကြားသည်။
Source : https://goo.gl/dKfe2V
via IFTTT

No comments:

Post a Comment