Tuesday, February 6, 2018


ဝေးလံခေါင်ဖျား ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေဟု တပ်မတော်ပြော မြန်မာနိုင်ငံ အတွင်း ဝေးလံခေါင်ဖျား ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်နိုင်မှု အားနည်းခြင်းနှင့် ဆေးကုသရန် စရိတ် မတတ်နိုင်ခြင်းများကြောင့် ပြည်သူ အချို့မှာ ဆေးကုသနိုင်ရေး အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း တပ်မတော်သား ကိုယ်စားလှယ် တဦးက ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြောသည်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ခင် တင်းသွင်းသည့် နိုင်ငံသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံအားကောင်းရန် Mobile Medical Team များဖွဲ့စည်း၍ ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်းပေးရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး တင်မာဆွေက အထက်ပါ အတိုင်း ဝင်ရောက် ဆွေးနွေးသွားခြင်း ဖြစ်သည်။ ဗိုလ်ကြီး တင်မာဆွေ က “ဝေးလံခေါင်ဖျား အရပ်ဒေသများနှင့် ကျေးလက်နေ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ အခက်အခဲများစွာရှိမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးသည်။ စရိတ်မတတ်နိုင်၍ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသရန် အခက်အခဲ ကြုံနေရသည့် အပြင် ပြည်သူများအနေဖြင့် ကျန်းမာရေး ဗဟုသုတ အားနည်းခြင်း၊ လူမှုစီးပွားဘဝ အခက်အခဲများရှိနေခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနိုင်ခြင်းမရှိဟု ဆိုသည်။ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် နိုင်ငံတဝန်းရှိ ဒေသများသို့ တပ်မတော်က နယ်လှည့် ဆေးကုသရေး အဖွဲ့များ စနစ်တကျ ဖွဲ့စည်း၍ ဝေးလံခေါင်ဖျား အရပ်ဒေသများ၊ ကျေးလက်နေ ပြည်သူလူထုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ယနေ့အထိ ဆောင်ရွက်လျက် ရှိပြီးနောင်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းပြောဆိုသည်။ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဖြင့် ပြည်သူလူထု၏ ကျန်းမာရေး မြှင့်တင့်ပေးရန် လွှတ်တော်က အစိုးရကို တိုက်တွန်းနေချိန် တပ်မတော်က နိုင်ငံတဝန်းလုံးတွင် ယင်းလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ကြာနေပြီ ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့သည်။ အခြား တပ်မတော်သား ကိုယ်စားလှယ်တဦး ဖြစ်သူ ဗိုလ်မှူး ဝင်းမင်းထွေး ကလည်း အစိုးရက လိုအပ်ချက်များ ပြည့်မီအောင် ဆောင်ရွက်နေစဉ်တွင် တပ်မတော်က ဝေးလံသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနေရာ ၂၂ ခုတွင် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် တပ်မတော် ဆရာဝန် ၃၄ ဦး ဖြင့် အလုပ် လုပ်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း၊ အခြားနေရာများတွင် အလားတူ လုပ်ငန်းများကို တပ်မတော်က ဆောင်ရွက်နေသည်ဟု ဆိုသည်။ ဗိုလ်မှူး ဝင်းမင်းထွေး က “အခြေခံ အကျဆုံးဖြစ်တဲ့ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ကျေးလက်ဒေသမှာ မှီတင်းနေထိုင်တဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်း ရှိတဲ့ ကျနော်တို့လို နိုင်ငံမျိုးမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ရယူသုံးစွဲ နိုင်စွမ်းရှိတဲ့ Rural Community Health Care စနစ် အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရေးဟာ အလွန်ပင် အရေးကြီးလှပါတယ်” ဟု ပြောသည်။ အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနကမူ လွှတ်တော် ကိုယ်စားလှယ် တိုက်တွန်းသည့် လုပ်ငန်းများသည် အစိုးရက ဆောင်ရွက်နေသည့် လုပ်ငန်းများ ဖြစ်သဖြင့် အဆိုကို မှတ်တမ်းတင်ရန်သာ သဘောထားပေးသဖြင့် ယင်းအဆိုအား လွှတ်တော်က မှတ်တမ်းအဖြစ်သာ အတည်ပြုခဲ့ရသည်။ အစိုးရအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်းနယ်လှည့် ကျန်းမာရေးကုသမှု လုပ်ငန်းများဖြင့် မိခင်ပေါင်း ၁ သန်း ၂ သိန်းကျော်၊ အသက် ၅ နှစ် အောက် ကလေး ၇ သိန်းကျော်၊ သက်ကြီးရွယ်အို ၉ သောင်းကျော် စုစုပေါင်းလူဦးရေ ၂ သန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက လွှတ်တော်တွင် ပြောသည်။ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၀၀၀ ကျော်ရှိရာ၂၀၁၆ ခုနှစ်မှာ ပြည်သူ့ဆေးရုံ ၁၁၉၁ ရုံရှိပြီး ၂၀၁၇ ခုနှစ်တွင် ၁၂၂၅ ရုံ၊ တိုးတက်လာသကဲ့သို့ ၂၀၁၇ ခုနှစ်စာရင်းအရ ဆရာဝန် ၄၇၃၀ ဦး၊ သူနာပြု ၃၆၈၅၁ ဦး၊ ကျေးလက် အခြေပြု စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သား ၄၇၀၁၀ ဦး၊ အရန်သားဖွား ၃၇၈၀ ဦးရှိကြောင်း လေ့လာတွေ့ရှိရသည်ဟု ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် အမတ် ဦးစိုင်းသီဟကျော် က “စရိတ်စကမတတ်နိုင်လို့ မသွားနိုင်လို့ ဆိုတာထက် ဆေးရုံ၊ ဆေးခန်းတွေက အရမ်းဝေးနေတဲ့အခါ သွားလာဖို့ မော်တော်ဆိုင်ကယ်၊ ကားဆိုတာမျိုး စီးစရာမရှိလို့ မသွားနိုင်တဲ့ ပြည်သူတွေကတော့ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားကော်မတီဝင် ဒေါ်ဖြူဖြူသင်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် ယခင်ကထက် ပိုမို ကောင်းမွန် လာသော်လည်း တနိုင်ငံလုံးကို လွှမ်းခြုံနိုင်မှု မရှိသေးသဖြင့် စရိတ်မတတ်နိုင်၍ ဆေးရုံ၊ ဆေးခန်းများသို့ မသွားရောက်နိုင်သော ပြည်သူများ ရှိနေဆဲဖြစ်ကြောင်းပြောပြသည်။ “အကုန်လုံး ဆေးရုံဆေးခန်း သွားနိုင်ဖို့ ဆိုတာကတော့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိသေးတယ်။ အဲဒါကြောင့် ဆေးရုံကို မသွားနိုင်သေးတဲ့သူက ရှိနေသေးတာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က ပြောသည်။ တပ်မတော်ကမူ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ၅ နှစ်တာ ကာလအတွင်း နေရာဒေသ ၅၀ ကျော်ရှိ ပြည်သူလူထု ၅၉၀၀၀၀ ခန့်ကို တပ်မတော် ဆေးရုံကြီး များနှင့် ဆေးတပ်ရင်း၊ တပ်ဖွဲ့များမှာ ပါရဂူ ၂၁၈၅ ဦး၊ ဆေးမှူး ဆရာဝန် ၃၅၄ ဦး၊ သူနာပြုအရာရှိ ၇၉၃ ဦး အခြား အဆင့်တပ်ဖဲ့ွဝင် ဦးရေ ၁၃၄၈ ဦး၊ စုစုပေါင်း ၃၆၈၀ ဦးတို့က ပါဝင်ကူညီ စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ The post ဝေးလံခေါင်ဖျား ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေဟု တပ်မတော်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2BXeVSt
via IFTTT

No comments:

Post a Comment