Monday, November 27, 2017


ဘာလီ မီးတောင် ပေါက်ကွဲမည့် အလားအလာကြောင့် လေကြောင်းခရီးစဉ်များကို သတိပေးထား အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ မောင့်အက်ဂွန်မီးတောင်မှ ပြာမှုန်များနှင့် မီးခိုးများ ကျွန်း၏ ကောင်းကင်ယံ မီတာ ၆ ထောင်အမြင့် အထိ မှုတ်ထုတ်နေခဲ့ရာ အင်ဒိုနီးရှား အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ဘာလီမီးတောင် အနီးတဝိုက် လေကြောင်း ပျံသန်းမှု သတိပေးမှုများ တိုးမြှင့် ဆောင်ရွက်နေသည်။ ကျွန်း၏ အရှေ့မြောက်ဘက် မီးတောင်အနီးရှိ အဆောက်အဦများ၊ ကားများနှင့် လမ်းများပေါ်သို့ မီးတောင်ပြာများ ဖုံးလွှမ်းသွား ခဲ့သဖြင့် လေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရကြောင်း၊ ညဘက်တွင် မီးတောင်မှ အနီရောင် ရဲရဲတောက်လောင် နေသည့် ချော်ရည်ပူများ လှုပ်ရှားနေပုံကို အန်တာရာဆိုသူ ရိုက်ကူးထားသည့် ဓာတ်ပုံတွင် မြင်ရကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင် သတင်းက ဖော်ပြသည်။ “အာဂွန်(Mount Agung) မီးတောင်လှုပ်ရှားမှုက ချော်ရည် မှုတ်ထုတ်တဲ့ အဆင့် ရောက်လာပါပြီ။ မီးတောင်ပြာ (ချော်မှုန့်) တွေလည်း မှုတ်ထုတ်နေမယ့် ကျနော်တို့ စောင့်ကြည့်ဖို့ လိုပါတယ်။ အင်အားကောင်းပြီး ပေါက်ကွဲနိုင်တဲ့ အဆင့်ဖြစ်တဲ့ အတွက် မျက်ခြည် မပြတ် သတိထားရမှာပါ” ဟု မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဂျီဒီဆွမ်တီကာ (Gede Suantika) က ပြောသည်။ ပင်လယ်လှိုင်း၊ ကမ်းခြေ၊ ဘုရားကျောင်း အလှအပများဖြင့် နာမည်ကျော်ကြားသော ဘာလီကျွန်းတွင် ပြီးခဲ့သည့်နှစ်က ခရီးသွား ၅ သန်းမျှ လာရောက် လည်ပတ်ခဲ့ကြသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး အာဂွန်မီးတောင် လှုပ်ရှားမှု တိုးပွားလာ ခြင်းကြောင့် ယင်းဒေသ တဝိုက်တွင် ခရီးသွားလုပ်ငန်း ဝင်ငွေ ကျဆင်းနေခဲ့သည်။ အာဂွန်မီးတောင် ဘာလီကျွန်း အရှေ့ခြမ်းတွင် ခန့်ညားထည်ဝါစွာ တည်ရှိနေပြီး မီတာ ၃ ထောင် မြင့်သည်။ ၎င်း မီးတောင်သည် ၁၉၆၃ ခုနှစ်က နောက်ဆုံး ပေါက်ကွဲခဲ့ပြီး လူပေါင်း ၁ ထောင် သေကြေကာ အနီးတဝိုက်ရှိကျေးရွာများ ပျက်စီး ဆုံးရှုံးခဲ့ရဖူးသည်။ အဆိုပါ မီးတောင်မှ ထုတ်လွှတ်လိုက်သော မီးတောင်ပြာ တိမ်တိုက်သည် အဓိကလေဆိပ် တည်ရှိသည့် ဘာလီကျွန်း၏ မြို့တော် ဒန်ပါဆာနှင့် ဝေးကွာလျက် ဘာလီကျွန်း၏ အရှေ့တောင်ဘက် အနီးရှိ လွန်းဘော့ကျွန်းဘက်သို့ ဦးတည်နေကြောင်း ဒါဝင်မြို့၊ သြစတြေးလျ မီးတောင်ဗေဒ ဗျူရိုအဖွဲ့၏ မီးတောင်ပြာ အကြံပေးစင်တာ (VACC) က ထုတ်ပြန်သည့် မြေပုံတွင် ဖော်ပြ ထားသည်။ အင်ဒိုနီးရှား အစိုးရကလည်း မီးတောင်စူးစမ်းရေး လေကြောင်း သတိပေးချက် (VONA) ကို သတိပေးမှု အမြင့်ဆုံး အနီရောင် အဆင့် တိုးမြှင့်လိုက်ပြီး မီးတောင်ပြာတိမ်တိုက်သည် ပေပေါင်း ၁၉၆၅၄ (၆၁၄၂ မီတာ) (သို့မဟုတ်) ယင်းထက် မြင့်တက်လာ နိုင်ကြောင်း ဆိုသည်။ သို့သော် လေဆိပ်သည် မီးတောင်ပြာများမှ လွတ်မြောက်နိုင်သောကြောင့် ဆက်လက်ဖွင့်ထား နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ “မီးတောင်ပြာတွေကို တချို့ ဧရိယာမှာပဲ တွေ့ရပါတယ်” ဟု လေဆိပ်နှင့် အခြားအစိုးရ တာဝန်ရှိသူများက ပူးတွဲ ကြေညာချက် တစောင်တွင် ဆိုထားသည်။ ပြည်တွင်းလေကြောင်း အားလုံးနှင့် လေဆိပ်တွေက ပုံမှန် လှုပ်ရှား လည်ပတ်လျက် ရှိသော်လည်း မီးတောင်ပြာ စမ်းသပ်မှုများမှာ အခြေအနေ ကောင်းမွန်မှု မရှိသေးဟု ယင်းကြေညာချက်က ဖော်ပြသည်။ အကယ်၍ အခြေအနေ ပြောင်းလဲ သွားခြင်း၊ ခရီးသည် အရေအတွက် တိုးပွားလာခြင်း ဖြစ်လျှင် အစားအသောက်နှင့် ဖျော်ဖြေရေး တိုးမြှင့်ပေးမည့် အပြင် ဘတ်စ်ကားပါ အပိုဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ဘာလီလေဆိပ် အန်ကာဆာပူရ ၁ အထွေထွေမန်နေဂျာ ယူနက်စူပရာယိုဂီ (Yunus Suprayogi) က ပြောသည်။ လေကြောင်းလိုင်းများက ၎င်းကိုယ်ပိုင် စည်းကမ်းချက်များ မထားရှိသော်လည်း လေဆိပ်အနေဖြင့် ခရီးသည်များကို ငွေပြန်အမ်း နိုင်ရေး အလွယ်တကူ ဆောင်ရွက်နိုင်အောင် စီစဉ်ထားပြီး အခြား အစီအစဉ်များလည်း ကြိုတင် ဆောင်ရွက်ထားကြောင်း ၎င်းက ပြောကြားသည်။ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် လေကြောင်း ခရီးစဉ်များ ပြန်စခဲ့ပြီးနောက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်း၌ လေကြောင်းသတိပေးချက်မှာ လိမ္မော်ရောင်မှ အနီရောင်အဆင့် ပြောင်းသွားသဖြင့် ဗာဂျင်းသြစတြေးလျ လေကြောင်းလိုင်း၏ ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။ “မီးတောင်ပြာနဲ့ လက်ရှိရာသီဥတု ထင်ရှားတဲ့ အချက်ပြမှုတွေကြောင့် ကြိုတင် သတိပေးကာကွယ်ရေး အရ ဒီနေ့ လေကြောင်း ခရီးစဉ်ကို ဘာလီမှာ အတက်အဆင်း မလုပ်ဘဲ ဖျက်သိမ်းဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဗားဂျင်းသြစတြေးလျ လေကြောင်းလိုင်းက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။ အလားတူ အဲအေးရှားကလည်း ဘာလီနှင့် လွန်းဘော့သို့ ပျံသန်းရန် ရှိသည့် လေကြောင်း ခရီးစဉ်များကို ဖျက်သိမ်းခဲ့သည်။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကွင်တက်စ်နှင့် ဂျက်စတားလေကြောင်းတို့မှာ လေယာဉ် အတက်အဆင်း ဆက်လက် ရှိနေခဲ့ သော်လည်း ဂျက်စတားက ၎င်း၏ ဝက်ဘ်ဆိုက်တွင် လုံခြုံစိတ်ချရသည့် အကြောင်းပြချက် အတွက် အချိန်တိုအတွင်း အပြောင်းအလဲ ရှိနိုင်ကြောင်း သတိပေးဖော်ပြခဲ့သည်။ အင်ဒိုနီးရှားအလံ တပ်ဆင်ထားသည့် ဂါရူဒါလေကြောင်းကလည်း လွန်းဘော့သို့ အတက်အဆင်း ခရီးစဉ်အားလုံး ဖျက်သိမ်း ထားသည်။ လွန်းဘော့လေဆိပ်ကို တနင်္ဂနေ့ မွန်းလွဲပိုင်းက ပိတ်လိုက်ပြီး အာဏာပိုင်များက ယနေ့နံနက် အထိ အခြေအနေကို အဆက်မပြတ် စောင့်ကြည့် ကိုင်တွယ်နေကြောင်း အင်ဒိုနီးရှား ခရီးသွားဝန်ကြီးဌာနမှ ပြောခွင့်ရသူတဦးက ထုတ်ဖော် ပြောကြားသည်။ ဘာလီကျွန်းရှိ အာဂွန်မီးတောင် အနီးတဝိုက် ခန့်မှန်းခြေ ၇ ဒသမ ၅ ကီလိုမီတာ (၄ ဒသမ ၇ မိုင်) ပတ်လည်မှ တပါး ကျွန်း၏ အခြားနေရာများသည် ကမ္ဘာလှည့် ခရီးသွားများ ဘေးကင်းစိတ်ချရဆဲ ဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးကာကွယ်ရေး အေဂျင်စီက ဆိုသည်။ “ပေါက်ကွဲဖို့ အခြေအနေ ရှိတယ် ဆိုပေမယ့်လည်း မီးတောင်သဘာ၀ လှုပ်ရှားမှုအဆင့်က မြင့်တက်ခြင်း မရှိသေး” ဟု ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။ အာဂွန်မီးတောင် အတွက် အရေးပေါ်အခြေအနေမှာ လက်ရှိတွင် အဆင့် ၃ ဖြစ်ပြီး အမြင့်ဆုံးအဆင့် သတ်မှတ်ချက်ထက် တဆင့် နိမ့် အခြေအနေ ရှိသည်။ ဒန်ပါဆာရှိ တရုတ်ကောင်စစ်ဝန်ရုံးက ၎င်းနိုင်ငံသားများကို တနင်္ဂနွေနေ့က ဘာလီတွင် သောင်တင်မည့် အခြေအနေ ရှိသဖြင့် ပြင်ဆင်ထားကြရန် သတိပေးချက်များ ပေးပို့ထားသည်။ ကိုးကား ။ ။ Reuters The post ဘာလီ မီးတောင် ပေါက်ကွဲမည့် အလားအလာကြောင့် လေကြောင်းခရီးစဉ်များကို သတိပေးထား appeared first on ဧရာဝတီ.
Source : http://ift.tt/2i9187t
via IFTTT

No comments:

Post a Comment