ရခိုင်အရေး မိတ်ဆွေကောင်းများ အားပေးမှု လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော ရခိုင်ပဋိပက္ခကို ကိုယ်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အောင်မြင်စေရန် ဆန္ဒရှိကြသည့် မိတ်ဆွေများ၏ ထောက်ခံအားပေးမှုသည် တန်ဖိုး မဖြတ်နိုင်သည့် အရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းက နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်အတူ မိန့်ခွန်းပြောကြားသည့် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မတူကွဲပြားနေသည့် အသိုက်အဝန်းများအကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ သဟဇာတဖြစ်မှုများ ရရှိရန် ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က “ပုပ်ရဟန်းမင်းကြီးအနေနဲ့ မိမိတို့ မြန်မာပြည်သူပြည်သားတွေ လိုအပ်နေတဲ့ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူမှုရေးအရ သဟဇာတရှိမှုတို့အပေါ် နားလည်မှုပေးခြင်းဟာ မိမိတို့အတွက် ခွန်အားနဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်လာပေးပါတယ်”ဟု ပြောသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရခိုင်ပြည်မြောက်ပိုင်းနေ ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်ဆလင် ၆ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခြင်းကို အဓိက ဖြစ်စေခဲ့သော တပ်မတော်၏ အကြမ်းဖက်ဆန့်ကျင်မှု စစ်ဆင်ရေးများကြောင့် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဝိုင်းဝန်းရှုတ်ချနေချိန်တွင် မြန်မာနိုင်ငံကို အလည်အပတ် ရောက်လာခြင်းဖြစ်သည်။ နိုဝင်ဘာလ ၃၀ ရက် မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ခရီးဆက်မည်လည်း ဖြစ်သည်။ “ကျွနု်ပ်၏ ခရီးစဉ်သည် မြန်မာနိုင်ငံ တဝှမ်းလုံးတွင် မှီတင်းနေထိုင်ကြကုန်သောသူ အားလုံးကို ရင်းနှီးစွာ တွေ့ဆုံရန် ဖြစ်ပါသည်။ တရားမျှတသော၊ ပြန်လည်ကျေအေးသင့်မြတ်သော၊ အလုံးစုံပါဝင်သော လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရန် ကြိုးစားလုပ်ဆောင်သူများကိုလည်း အားပေးစကား ပြောကြားလိုပါသည်”ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းအပါအဝင် နိုင်ငံတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရေး အချက်အလက်ရှာဖွေရေး ကုလသမဂ္ဂ၏ ကော်မရှင်ကို ပြည်တွင်းဝင်ခွင့်ကို မြန်မာနိုင်ငံက ပယ်ချငြင်းဆိုနေချိန်နှင့် တိုက်ဆိုင်စွာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရာတွင် လူ့အခွင့်အရေးကို လေးစားမှ ရှေ့ဆက်နိုင်မည်ဟု ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂ ပေါ်ထွန်းလာခြင်းကို ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းတွင် အလေးထားပြောကြားသည်။ ၂၀၁၂ ခုနှစ်ကတည်းက လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများ ဖြစ်နေခဲ့ပြီး ဘာသာရေး အစွန်းရောက် အမျိုးသားရေးဝါဒ ခေါင်းထောင်လာနေချိန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အတူ ယှဉ်တွဲ နေထိုင်ရေးကို ဖော်ဆောင်သည့် လုပ်ငန်းစဉ်ကြီးတွင် မြန်မာနိုင်ငံရှိ ဘာသာရေး အဖွဲ့အစည်များတွင် ထူးထူးခြားခြား တာဝန်များ ရှိသည်ဟုလည်း ဆိုသည်။ “ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များအား ကုသ ကြေအေးနိုင်ရေးသည် အရေးအကြီးဆုံး နိုင်ငံရေးနှင့် ဘာသာရေး ဦးစားပေးလုပ်ငန်းများအထဲ အမြင့်ဆုံး ဖြစ်စေရပါမည်”ဟုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်က အတည်ပြုသတ်မှတ်ခဲ့သည့် နိုင်ငံတော်သီချင်းသည် “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ” ဆိုသည့် စကားရပ်နှင့်အညီ မြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ ခိုင်မာသည့် ခံယူချက်ကို ထင်ဟပ်ပြသနေကြောင်း၊ ယခု အစိုးရသည် ယခင်အစိုးရ အစပြုပေးခဲ့သည့် တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက်အပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက် ဖော်ဆောင်နေကြောင်း ပြောသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများမှ အထူးသဖြင့် ပင်လုံငြိမ်းချမ်းရေးညီလာခံသည် အကြမ်းဖက်ခြင်းကို ချုပ်ငြိမ်းစေရန်၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သောသူအားလုံး၏ အခွင့်အရေးများ အား လေး စားမှုရှိစေရန်၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ ဆွေးနွေးသည့် ညီလာခံ ဖြစ်ကြောင်း ချီးကျူးသွားသည်။ “စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်ရန် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကျနော်အနေဖြင့် နှစ်သက်အားရကြောင်း ဖော်ပြရန်သာ ရှိပါတော့သည်”ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နေပြည်တော်တွင် မိန့်ခွန်း မပြောမီ သမ္မတ ဦးထင်ကျော်နှင့် သွားရောက်တွေ့ဆုံခဲ့သေးသည်။ မြန်မာနိုင်ငံနှင့် ဗာတီကန်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု တည်ထောင်ပြီး ၆ လမျှ အကြာတွင် ပုပ်ရဟန်းမင်းကြီးက မိမိတို့ နိုင်ငံသို့ လာရောက်ခဲ့မှုအပေါ် ဝမ်းသာပီတီဂုဏ်ယူမိကြောင်း၊ ယခု ခရီးစဉ်သည် နီးကပ်သည့် ဆက်ဆံရေး၏ သမိုင်းမျက်နှာစာသစ်ကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ The post ရခိုင်အရေး မိတ်ဆွေကောင်းများ အားပေးမှု လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2zNyDnO
via IFTTT
No comments:
Post a Comment