“၂၀၂၀ ကျရင် အဖြေပေါ်မှာပဲ”လို့ ဆိုတဲ့ မကွေးတိုင်း ဝန်ကြီးချုပ် အစိုးရသစ်သက်တမ်း ၁ နှစ်ခွဲကျော် ကာလအတွင်း မကွေးတိုင်း ဒေသကြီး၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ သဘာဝ သယံဇာတ စီမံခန့်ခွဲမှု အခြေအနေများနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဇူးဇူးနှင့် ထွန်းထွန်းတို့က သွားရောက် တွေ့ဆုံးမေးမြန်းထားပါသည်။ မေး ။ ။ ဝန်ကြီးချုပ် တာဝန်ယူတဲ့ ကာလအတွင်း မကွေးတိုင်းဒေသကြီး အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ အဲဒီထဲမှာ မှ ဘယ်လုပ်ငန်းကို အားရကျေးနပ်မှု ရှိပါသလဲ ဖြေကြားပေးပါ။ ဖြေ ။ ။ ကျနော်တို့က ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားနဲ့ အညီ ရွေးကောက်ပွဲ ဝင်ခဲ့သလို တတ်နိုင်သမျှ ကြိုးစားဆောင်ရွက် တယ်။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်။ ဝေဖန်တဲ့ သူတွေကတော့ အပြုသဘောနဲ့ ဝေဖန်တာ စေတနာနဲ့ ဝေဖန်တာ ရှိသလို အပြစ်မရှိ အပြစ်ရှာပြီး ဝေဖန်တာတွေလည်း ရှိတယ်။ ပြောရရင် အခုလိုမျိုး လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်ရ တာကိုက တိုးတက်မှု တခုလို့ ကျနော်ပြောချင်တယ်။ ကျနော်တို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ပြီးခဲ့တဲ့ တနှစ်တာ အတွင်း ဆောင်ရွက်ချက်တွေက ပြောခဲ့ပြီးပြီ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း ပါတယ်။ သတင်းစာ ရှင်းလင်းပွဲလည်း လုပ်ခဲ့တော့ သိပ်မပြောတော့ဘူး။ ဒီတော့ ဘတ်ဂျက်နှစ် အသစ် ဧပြီ ၁ ရက်နေ့ကစပြီး ဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ခဲ့သလဲ။ ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတာတွေကို ပဲ မှတ်သားမိသလောက် ပြောပြမယ်။ ပထမဆုံး ပြောချင်တာက ဧပြီလထဲမှာ မုန်တိုင်းဝင်လို့ မန်းရွှေစက်တော်မှာ ရေကြီးတယ်။ ဘယ်လောက်ထိ ရေကြီးသလဲ ဆိုတော့ ပွဲခင်းထဲ ပေါင်လယ်လောက်ထိ ၃ ပေကျော်လောက် ရေတွေတက်လာတယ်၊ မုန်တိုင်းမိုးကြောင့်…။ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကမုန်တိုင်းလာပြီ ဆိုတဲ့ သတင်းကို ၁၄ ရက်နေ့ည ကတည်းက စပြီးသိရတယ်။ ညချင်းပဲ လုံနယ်ဝန်ကြီးကို အကြောင်းကြား တယ်။ ၁၅ ရက် မနက် လုံနယ်ဝန်ကြီးက မန်းရွှေစက်တော်မှာ လိုအပ်တာတွေ စီမံခန့်ခွဲပြီး ၁၆ ရက် ညနေ မှာပဲ ဆိုင်တွေ ပြောင်းရွှေ့ဖို့ အားလုံး စီစဉ်ပြီးသွားနိုင်တယ်။ ပွဲခင်းကို ၁၅/၁၆ ကျမှ လာတဲ့ သူတွေကိုလည်း လမ်းကနေတားပြီး ပြန်လွှတ်တာ တွေ ရှိတယ်။ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဘာမှ အသေအပျောက် အဆုံးအရှုံး မရှိဘူး။ သို့သော် ကြံဖန်ပြီး အပြစ်မရှိ အပြစ်ရှာ ဝေဖန်တာတွေလည်း ကြုံရတယ်။ အစိုးရက ပိတ်ပွဲ မတိုင်ခင် ၂ ရက် ကြိုပိတ်တဲ့ အတွက် ဒါ တောစောင့်နတ် တောင်စောင့်နတ် နတ်ကောင်း နတ်မြတ်တွေက မုန်းတိုင်းနဲ့ တိုက်တယ် ဆိုပြီး ကြံဖန်ဝေဖန်တာ ခံရတယ်။ ကျနော်တို့ဆောင်ရွက်ချက်က မုန်တိုင်းလာမှန်း သိလို့ အသေအပျောက် မရှိ၊ ဆုံးရှုံးမှု မရှိအောင် ကြိုပိတ်လိုက်တာ။ ပိတ်လိုက်လို့ မုန်တိုင်းလာတာ မဟုတ်ဘူး။ ဒါ ကျနော်တို့ရဲ့စီမံခန့်ခွဲမှု အတွက် ဂုဏ်ယူ ဝမ်းသာစရာပဲ။ နောက်တချက် ပြောချင်တာက ယခုနှစ်ထဲမှာ အဆင့်မြှင့်ပြီး တိုးပေးတဲ့ ကျောင်းတွေ ရှိတယ်။ မူလတန်းကို မူလတန်းခွဲ လုပ်တယ်။ အ.လ.က ကို အ.ထ.ကခွဲ လုပ်တယ်။ အ.ထ.ကခွဲ ကို အ.ထ.က အဆင့်မြှင့်တယ်။ တနိုင်ငံလုံးမှာမှ ၅၀၀၀ လောက်ပဲ ရှိတဲ့ အနက်မကွေးတိုင်းဒေသကြီးက အဆင့်မြှင့်တင်ပေးခဲ့တဲ့ ကျောင်းစုစုပေါင်း ၁၀၁၂ ကျောင်း ရှိတယ်။ တနိုင်ငံလုံးရဲ့ ၅ ပုံ တပုံလောက် ရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းပညာရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ပညာရေးမှာ စွမ်းဆောင်ရည် ဘယ်လိုရှိတယ် ဆိုတာ ခန့်မှန်းလို့ ရတယ်။ နိုင်ငံနဲ့ အဝှမ်းမှာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေ ဆိုတာသာ ရှိတယ်…၊ တရားဝင်ရုံး ဆောက်ဖို့တော့ ဘတ်ဂျက် ချထားပေးတာ မရှိသေးဘူး။ တချို့ဆို ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်မှာ ရုံးလုပ်ထားရတယ်။ တနိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးယန္တရားမှာ အခြေခံကျဆုံး ဖြစ်တဲ့ ရပ်/ကျေးရုံးမှာ လုပ်ငန်းဆောင်တာတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရပ်/ကျေးရုံး တရုံးကို သိန်း ၁၀၀ (၁၀ သန်း) အကုန်ကျခံပြီး ဆောက်ပေးမယ်။ သို့သော် ဘတ်ဂျက်ခွဲတမ်း မပြည့်စုံတဲ့အ တွက် ၂၅ မြို့နယ်မှာ ၁ မြို့နယ် ၁ရုံးနှုန်းနဲ့ ၂၅ ရုံးပဲ ဆောက်ပေးနိုင်သေးတယ်။ အခု စလုပ်နေပြီ။ မကွေးတိုင်းရန်ပုံငွေက ဒီထက် အဆင်ပြေရင် ပြေသလို ရွာတွေ တိုးတိုးပြီး ဆောက်ဖို့ရှိတယ်။ လောလောဆယ် ဆောက်ပေးနိုင် တာကတော့ မြေရှိတယ်၊ အဆောက်အဦ ဆောက်ပေးဖို့ပဲ လိုတဲ့ဟာတွေ။ တချို့ကျတော့ မြေလည်း မရှိ၊ နေရာလည်း မရှိဘူး ဆိုတာမျိုးကျ မစဉ်း စားနိုင်သေးဘူး။ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေ ဆောက်ပေးခြင်း အားဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးရေး ကျန်းမာရေးတွေမှာ အများကြီး အထောက်အကူပြုနိုင်မယ် လို့ ကျနော်ထင်တယ်။ မေး ။ ။ ဝန်ကြီးချုပ် လက်ထက်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ အရင်ကထက် ဘတ်ဂျတ်ပိုရလာတယ် လို့ သိရတယ်။ ဘယ် လောက်ရပြီး ဒါတွေကို ဘယ်လို စီမံခန့်ခွဲပါသလဲ။ ဖြေ ။ ။ ကျနော်တို့ တိုင်းဒေသကြီးတွေကို ပြည်ထောင်စုက အချိုးကျထောက်ပံ့တဲ့ ငွေသည် ယခင်ထက် စာလို့ရှိရင် ၁၀ ဆလောက်ကို ပိုတိုးရတယ်။ အခွန်အတုပ်တွေ ဆိုလည်း ကျနော်တို့က ပိုတိုးရအောင် လုပ်နိုင်တယ်။ ဥပမာ အားဖြင့် ပြီးခဲ့တဲ့ အစိုးရလက် ထက်က ရခဲ့တဲ့ အခွန်အတုပ်ထက် စာရင် စည်ပင်လိုင်စင်ကြေးတွေ ဘာတွေ ဝက်လိုင်စင် အမဲလိုင်စင် စည်ပင်သာယာအခွန် လိုင်စင် စသဖြင့် အခွန်အရပ်ရပ်က ရတဲ့ စုစုပေါင်းသည် ကျပ်ငွေသိန်းပေါင်း ၁၇၀၀ လောက် ပိုရတာ ရှိတယ်။ ကုန်သွယ်လုပ်ငန်းခွန်တွေ ဘယ်လောက်တိုးရတယ် ဆိုတာ ပြောချင်တာ။ ပြီးခဲ့တဲ့ဟာထက် ဆယ်ဆလောက် တိုးရတယ်။ ဒီလိုတိုးရတော့ ပခုက္ကူ၊ သရက်၊ မင်းဘူး ခရိုင်မြို့ကြီးတွေမှာ ဝန်ထမ်းတွေ အတွက် အိမ်ယာဆောက်ဖို့ ပြည်ထောင်စု အစိုးရ ခွဲတမ်းချပေးတဲ့ ကုန်သွယ်လုပ်ငန်းခွန်က ရတဲ့ ငွေထဲက ၁ လုံးကို သန်း ၁ ထောင်လောက် တန်တဲ့ အိမ်ယာတွေ မကြာခင် ဆောက်မယ်။ တင်ဒါ ခေါ်ထားပြီးပြီ။ ဒီလိုဆောက်လို့ရှိရင် ဝန်ထမ်းတွေမှာ အိမ်လခ ၇ ထောင်လောက်နဲ့ လူရိုသေရှင်ရိုသေ နေရမယ်။ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနေရမယ်။ အခုကျ သူတို့ အပြင်မှာ ၅ သောင်း ၁ သိန်းပေးနေရတယ်။ ရတဲ့ လခနဲ့ ဘယ်လိုမှ မကာမိဘူး။ ဘယ်တုန်းကမှ ဒီလိုမျိုး လုပ်မပေးခဲ့တာကို ကျနော်တို့ လက်ထက်မှာ ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး အတွက် လုပ်ပေးနိုင်တဲ့ အတွက် အင်မတန်ကို ဝမ်းသာစရာပဲ။ ဒါနဲ့ပတ်သက်ပြီး ဆောက်သင့်တဲ့ နေရာမှာ ဆောက်ဖို့ မြေတွေဘာတွေ အကုန်လုံး စီစဉ်ပြီးပြီ။ မကွေးတိုင်းဒေသကြီးမှာ လွှတ်တော် မရှိသေးဘူး။ အခုက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ခန်းမတခုကိုယူပြီး ကျပ်ကျပ် ညပ်ညပ်နဲ့ အလုပ် လုပ်နေရတယ်။ ကျပ်ငွေသန်းပေါင်း ၄၀၀၀ ကျော် ၅၀၀၀ လောက်ကုန်ကျမယ့် တိုင်းဒေသကြီး လွှတ်တော် အသစ် ဆောက်ဖို့ ကျနော်တို့ စတင်နေပြီ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ တင်ဒါခေါ်တယ်။ အစိုးရဘက် ဝန်ကြီးချုပ်က သော်လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌက သော်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးက သော်လည်းကောင်း ဘာမှ နာမည် မထွက်ဘူး။ ဘယ်သူ့ ပေးဝေသနည်း၊တရားသနည်း၊ မတရားသနည်း ဘာမှ မကြားရဘူး။ စည်းနဲ့ ကမ်းနဲ့ တိုင်းအဆင့် ခရိုင် အဆင့် တင်ဒါခေါ်ပြီးမှ လုပ်ခွင့် ပေးလိုက်တယ်။ နောက်တခုက ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ ဘယ်မှာမှ မလုပ်သေးတဲ့ မွေးကင်းစကလေးသူငယ်များ စွန့်ပစ်ခြင်းက ကာကွယ် တားဆီးရေး အတွက် မကွေးမှာ သားဖွားမီးယပ်ပါရဂူ အဖြစ် ၅ နှစ် တာဝန် ထမ်းဆောင်သွားတဲ့ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးဇနီး ဆရာမကြီးက သားဆက်ခြားဖို့ ဘယ်လို လုပ်ရမလဲ။ ကိုယ်ဝန် မရှိအောင် ဘယ်လိုနေ ထိုင်ရမယ်။ ကွန်ဒုံးတွေ သုံးရမယ် စသဖြင့် ပညာပေး လုပ်ငန်းတွေ လုပ်တယ်။ ဒါ မကွေးတိုင်းက ပထမဆုံးပါ ဆိုတော့။ ဒါ ပြောရမှာပဲ မပြောမပြီး မတီးမမြည်။ ဥပမာ စာပေးစာယူလာဖြေကြတယ်။ တချို့ လူငယ်တွေပီပီ စိတ်လွတ်ကိုယ်လွတ် နေတယ်။ မလိုအပ်ဘဲ သားသမီးရှိတယ်။ ဖျက်ချတယ်။ သေတယ်။ ဒါမျိုးတွေကအစ ကာကွယ်တားဆီးနိုင်အောင် ကြိုးစားနေတဲ့ လုပ်ရပ်တခုပေါ့။ နောက်တခုက မကွေးတိုင်းမှာ ဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်လုံတယ်။ ပြစ်မှုထင်ရှားတယ် ဆိုရင် ကျူးလွန်သူကို ဥပဒေအရ ထောင်ဒဏ် အနှစ် ၂၀ ချဖို့ ဆုံးဖြတ်ထားတယ်။ ဥပဒေရုံးတွေ တရားရုံးတွေက လည်း ဒီအတိုင်းပဲ ကျနော့်ကို ပြောတယ်။ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ လုပ်ထားတယ်။ မူးယစ်ဆေးဝါးကိစ္စ တွေမှာလည်း ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့ တိုင်းအစိုးရအဖွဲ့က ညွန်ကြားထားတယ်။ မဟာဓာတ်အားလိုင်း မရောက်နိုင်တဲ့ နေရာတွေ ၁၀ မိုင်အထက် ၁၅ မိုင်၊ မိုင် ၂၀ ဝေးတဲ့ ကျေးလက် တောရွာတွေမှာ ဆိုလာနဲ့ လျှပ်စစ်မီး ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ ပခုက္ကူခရိုင်ဘက်မှာ မြိုင်တို့ ရေစကြိုတို့ ကျောက် တောင်တို့ နာမည်တော့တချို့မေ့နေတယ်။ အဲဒီရွာတွေမှာလုပ်ပေးခဲ့တယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် လူမှုစီးပွားအရ ပိုပြီးဖွံ့ ဖြိုးလာတယ်။ ရွာတိုင်းတော့ လုပ်မပေးနိုင်သေးဘူး။ လေးငါးရွာပဲ ရှိသေးတယ်။ ရွာတိုင်းကို လုပ်မပေးနိုင်တာက ပြည်ထောင်စုအစိုးရ ကျေးလက်ဦးစီးဌာနက ၆၀ ရာခိုင်နှုန်း ကုန်ကျစရိတ် ထည့်ရတယ်။ သက်ဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်တဲ့ ကုမ္ပဏီက ၂၀ ရာ ခိုင်နှုန်းထည့်ပြီး မီတာခကို သူတို့က ၅ နှစ်ယူမယ်။ ပြီးရင်တော့ ကျေးလက် မီးကော်မတီကကျေးလက်ဖွံ့ဖြိုးရေး ဆက်လုပ်ပေါ့။ ရပ်ရွာက ၂၀ ရာခိုင်နှုန်း ထည့်ရတယ်။ ဒါကို မထည့်နိုင်လောက်အောင် ဆင်းရဲချို့တဲ့တဲ့ ရွာကျရင် ကျနော်တို့က လုပ်မပေးနိုင်ဘူး။ နွားစာ ရိတ်စက်တွေ၊ ရေခဲသေတ္တာတွေ၊ ပန်ကာတွေ၊ အပေါ်စက် အောက်စက်တွေ၊ ထမင်းပေါင်းအိုးတွေထိ သုံးနိုင်ပြီ ဆိုရင် ကျန်းမာရေး၊ ပညာရေး၊ သစ်တောပြုန်းတီးမှု စတာတွေကို အများကြီး အကျိုးပြုမယ်။ မေး ။ ။ ဝန်ထမ်းတွေ အတွက် အိမ်ယာတွေ ဆောက်လုပ်မယ် ဆိုတော့ စီမံကိန်းက စနေပြီလား။ ဘယ်တော့လောက် အပြီး ဆောက်မယ် လို့ ခန့်မှန်းထားပါသလဲ။ ဖြေ ။ ။ ဒါက ၂၀၁၇-၂၀၁၈ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ဆောက်မှာ။ ကုန်သွယ်လုပ်ငန်းခွန်က ရတဲ့ ပိုက်ဆံ တွေနဲ့ ဆောက်မှာ။ တလုံးကို သန်း ၁၀၀၀ လောက် တန်တယ် ဆိုသော်လည်းပဲ ဖြည့်စွက်ရန်ပုံငွေမှာ ပြည်ထောင်စုကို ဘတ်ဂျက်တွေ တင်တဲ့အခါ ကျပ်သန်းပေါင်း ၅၀၀၀ လောက် ဖြတ်တောက် ခံလိုက်ရတာတွေ ရှိတယ်။ ဒီတော့ ဆောက်မယ့်နေရာ တွေကို ကျပ်သန်း ၆၀၀ စီပေးမယ်။ အခု တင်ဒါခေါ်ထားပြီ ဖြစ်တဲ့ အတွက် လာမယ့် ဒီဇင်ဘာလထဲမှာကို စဆောက်နိုင်မယ် ထင်တယ်။ လောလောဆယ် ကျပ်သန်း ၆၀၀ စီပေးထားမယ်။ လိုတဲ့ ဘတ်ဂျက်ကတော့ လာမယ့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ပါလာမှာပေါ့။ မေး ။ ။ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ပြန်သွင်းတဲ့ ပိုက်ဆံတွေကိုရော ဘယ်နေရာတွေမှာ အသုံးပြုနေပါသလဲ။ ဖြေ ။ ။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်တုန်းက စာရင်း မတွေ့တဲ့ ကျပ်သန်းပေါင်း ၇၀၀၀ ကျော် ရှိတယ်။ အဲဒါကို ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ညွှန်ကြားချက် အရ ဘယ်ပစ္စည်းတွေ ပြန်တောင်းပါ ဆိုလို့ မီနီဘတ်စ် ၃ စီး၊ ဒက်ဘယ် ကပ်ကား တစီး၊ဘက်ဟိုး တစီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဆီက ပြန်ရတယ်။ ရွှေသုခ ငွေချေးလုပ်ငန်းကနေ ပိုက်ဆံတွေ ပြန်ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ဇူလိုင် ၃၁ မှာ သူတို့ ပြောထားတဲ့ ကတိအတိုင်း ပေးခဲ့တဲ့ ငွေတွေသည် ကျပ်ငွေ သန်း ပေါင်း ၃၂၇၉ သန်း (၃ ဒသမ ၂၇၉ ဘီလီယံ)ရှိတယ်။ ဒီပိုက်ဆံတွေ ရပြီလား။ ဒါတွေကို ဘယ်မှာ သုံးမှာလဲ ဆိုပြီး ပြည်ထောင်စု အစိုးရက မေးထားတာ ရှိတယ်။ ဒါကြောင့် အခု ဖြည့်စွက် ရန်ပုံငွေတောင်းခံပြီး သုံးတဲ့ ကာလမှာ ဒါတွေကို ပြည်ထောင်စုအစိုးရကို စည်းနဲ့ ကမ်းနဲ့ အညီသုံးဖို့ တင်ပြထားတာ ရှိတယ်။ သုံးခွင့်လည်း ရမှာပဲ။ ဘာတွေသုံးမလဲ ဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဌာနဆိုင်ရာတွေ ရှိတယ်။ အဲဒီက ညွှန်မှူးတွေ ဒုညွှန်မှူးတွေ တိုင်းထဲမှာ ပတ်ပြီး သွားနေရတဲ့ အခါ သုံးရတဲ့ကားတွေက ပြောရရင် ချိုကျိုးနားရွက်ပဲ့။ မန်းမှုတ်ပြီး သုံးနေရတာ။ ကားအစုတ်တွေ ပေါ့။ ဒါကြောင့် တတိုင်းလုံး အတွက် တကယ်တမ်းလှုပ်ရှားသွားလာရတဲ့ သစ်တောတို့ စိုက်ပျိုးရေးတို့ ပညာရေးတို့ မြေစာရင်း ဦးစီးဌာနတို့ ခုနောက်ဆုံးဖွဲ့တဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) တို့အတွက် လိုအပ်တဲ့ ပစ်ကတ်ကားလေးတွေ ဝယ်ပေးဖို့ အဲဒါ သန်း ၂၀၀ လျာထားတယ်။ မဟာဓာတ်အားလိုင်းနဲ့ ဝေးတဲ့ နေရာတွေမှာ တိုက်နယ်ဆေးရုံတွေ ရှိတယ်။ သေရေးရှင်ရေး မိုးထဲ ရေထဲကျရင် ခွဲဖို့ စိတ်ဖို့ သူတို့မှာ ဒီဇယ်နဲ့ လည်တဲ့ အင်ဂျင်တွေကိုပဲ အားကိုးရတာ။ ဒီဇယ်အင်ဂျင်တွေ လည်ပတ်ဖို့ တိုက်နယ်ဆေးရုံ ၂၉ ခု ၁၀ သိန်းနှုန်းနဲ့ ထောက်ပံ့တော့ ၂၉ သန်း ပေးထားတာ ရှိတယ်။ နောက်ပြီး အပြည်ပြည်ဆိုင်ရာနဲ့ ဆက်သွယ်တာပဲ ဖြစ်ဖြစ်၊ ပြည်ထောင်စု အစိုးရနဲ့ ချိတ်ဆက်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် ပွင့်လင်းမြင်သာမှု၊ မြန်ဆန်မှု၊ တခြားသော အာဆီယံနိုင်ငံတွေနဲ့ တန်းတူလုပ်နိုင်ဖို့ E-Government လုပ်နိုင်ဖို့အတွက် အဲဒီထဲကနေ ကျပ်ငွေ သန်း ၁၀၀ သုံးတယ်။ မကွေးတိုင်း ၂၅ မြို့နယ် အတွက် အမှိုက်သိမ်းယာဉ် brand new တော့ မဝယ်နိုင်ဘူး။ ဂျပန်မှာ လေးငါးနှစ်သုံးပြီးသား အမှိုက်သိမ်း ယာဉ်တွေ ဝယ်ဖို့ ခရိုင် ၅ ခရိုင် မြို့နယ်ပေါင်း ၂၅ မြို့နယ်အတွက် ၃၃ စီးဝယ်ဖို့ ကျပ်ငွေသန်းပေါင်း ၉၉၀ လျာထားတယ်။ တချို့မကွေးတိုင်းထဲမှာ ရွာကြီးတွေ တိုက်နယ်ကြီးတွေ ရှိတယ်။ ဥပမာ မြစ်ခြေ၊ ကျောင်းတော်ရာ၊ ပလို့၊ လယ်ကိုင်းလိုမျိုးတွေ အတွက် မီးသတ်ကား၊ ရေသယ်ယာဉ်၊ မီးသတ်စခန်း စသဖြင့် လိုအပ်သလို အသုံးချနိုင်ဖို့ အတွက် ကျပ်ငွေသန်းပေါင်း ၉၁၀ လျာထားတယ်။နောက်တခါ ရွှေစက်တော်လို ဘုရားပွဲတော်ကြီးတွေမှာ သုံးဖို့ ရေဆိုးစုပ်တဲ့ဟာ မိလ္လာစုပ်ထုတ်ဖို့ ကားတွေ မရှိဘူး။ ဒီလို စည်ပင်သာယာ အတွက်လိုအပ်မယ့် ခရိုင် ၅ ခရိုင်အတွက် တခရိုင်တစီး ကား ၅ စီးဝယ်ဖို့ အတွက် သန်း ၁၅၀ လျာထားတယ်။ များများစားစား သုံးတာကတော့ လက်ရှိမှာ မကွေးတိုင်းက ကုတင် ၂၀၀ ဆံ့ တိုင်းဆေးရုံကြီးကို ကုတင် ၅၀၀ ဆေးရုံဖြစ်ဖို့ အဆင်မြှင့်တဲ့ အနေနဲ့ ၅ ထပ် တိုးချဲ့လူနာဆောင် ဆောက်နေပြီ။ အရင် အစိုးရလက်ထက် တောင်းသွားတာကတော့ ၂ ထပ် လူနာဆောင်ပဲ။ ၅ ထပ်ဆောင်ဆောက်ဖို့ အတွက် ကျပ်ငွေ သန်းပေါင်းများစွာ ကုန်မယ်။ ခွဲ စိတ်ခန်းတွေလည်း ပါမှာပေါ့။ ဒါ ဆောက်ဖို့ ပြည်ထောင်စု ဘတ်ဂျက်နဲ့ လုပ်ရတာ ဆိုတော့ တနှစ်ကို သန်း ၄၀၀ ပေးလိုက်။ သန်း ၇၀၀ ပေးလိုက်။ အလီလီ ပေးနေရတော့ ငါးနှစ်ခြောက်နှစ်ကြာမှ ဒီဆေးရုံက ပြီးမယ့် သဘောရှိတယ်။ မြန်မြန်ပြီးလေ မကွေးတိုင်းပြည်သူတို့ အတွက် အများကြီး အထောက်အကူ ရလေ ဖြစ်တဲ့ အတွက်ကြောင့် တိုင်းဆေးရုံကြီး တိုးချဲ့ ၅ ထပ်ဆောင် ဆောက်ဖို့ အတွက် မကွေးတိုင်း ရန်ပုံငွေထဲ ကနေ သန်း ၅၀၀ ပေးလိုက်တယ်။ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာ အချိန်နဲ့ တပြေးညီဆောင်ရွက်နိုင်ဖို့ ဆိုင်ကယ်တွေ လိုတယ်။ သူတို့မှာလည်း သူတို့လခနဲ့ ဘယ့်နှယ့်လုပ် ဝယ်နိုင်မှာလဲ။ နိုင်ငံတော် ဘတ်ဂျက်ကလည်း ခွဲစိတ်ပေး နေရတော့ မလောက်ငတဲ့ အတွက်ကြောင့် ဆိုင်ကယ် ၁၃၇ စီး လိုပါတယ် ဆိုပြီး တင်ပြတယ်။ တစီးကို ၈ သိန်းခွဲ လောက်နဲ့။ ဂျပန်၊ ယိုးဒယားလောက်တော့ မဝယ်နိုင်ဘူး။ တရုတ်ဘီး ကောင်းကောင်းလောက်ကို ၈ သိန်းခွဲနဲ့ ဝယ်ဖို့ ၁၁၅ သန်း။ နောက်တခုက မကွေးတိုင်းမှာ လယ်သမား ယာသမားတွေ အတွက် တကယ်ကောင်းတဲ့ စံမီတဲ့ အထွက်နှုန်းကောင်းတဲ့ မျိုးစေ့ကောင်းတွေ ရဖို့ဆိုရင် မျိုးစေ့ဘဏ် ကောင်းကောင်းရှိဖို့လိုတယ်။ မျိုးစေ့ဘဏ်က မကွေးတိုင်း တတိုင်းလုံးမှာ ပွင့်ဖြူနဲ့ မကွေး နှစ်မြို့ပဲ ရှိတယ်။ မျိုးစေ့ကောင်းကောင်း ရဖို့အတွက် လိုအပ်သလို ဆောင်ရွက်ဖို့ ငွေရှိမှ ဖြစ်မှာ။ ငွေလိုပါတယ် ပြောလို့ တိုင်းစိုက်ပျိုးရေး မန်နေဂျာကို သန်း ၁၅၀ (သိန်း ၁၅၀၀) ပေးထားတယ်။ ဘယ်က ပိုက်ဆံတွေနဲ့ ပေးသလဲ ဆိုတော့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်တုန်းက ရခဲ့တဲ့ ရေနံနဲ့ လက်ယက်တွင်း ဖွံ့ဖြိုးမှု လုပ်ငန်းရှင်တွေ ထည့်တဲ့ ကျပ်ငွေ သန်းပေါင်း ၃၂၇၉ သန်းကနေ လုပ်ပေးခဲ့တာ။ ပြီးခဲ့တဲ့ အစိုးရက ရခဲ့တဲ့ ငွေတွေကို အလေလွင့် မရှိအောင် စည်းနဲ့ ကမ်းနဲ့ သုံးမယ်။ ပြည်ထောင်စုကိုလည်း တင်ပြမယ်။ ပြည်ထောင်စုကလည်း ခွင့်ပြုမှာပဲ။ မေး ။ ။ အမ်းမှာ ဆူပူမှုတွေ လုပ်ဖို့ တယောက် ၅ သိန်းနဲ့ လူစု စည်းရုံးတဲ့ကိစ္စ ဝန်ကြီးချုပ်က အမှုဖွင့်တယ် လို့ သိရတယ်။ အဲဒါ အခု ဘယ်လိုအခြေအနေ ရှိပါသလဲ။ ဖြေ ။ ။ Facebook မှာ အကောင့်အတုတွေနဲ့ မြှောက်ထိုးပင့်ကော် လုပ်တာ၊ သွေးဆူအောင်လုပ်တာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် က ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ တသန်းလောက် နေရာချထားမယ် ဆိုပြီး Facebook မှာ တက် လာတယ်။ဒါတွေနဲ့ တပြိုင်တည်းမှာ အမ်းမြို့ကို ဆူပူအောင်လုပ်ဖို့ ဆိုပြီး ကျနော့် မကွေးမြို့မှာ လာပြီးတော့ လိုက်ခဲ့၊ ၅ သိန်း ပေးမယ်။ ဘာလုပ်ရမှာတုန်း ဆိုတော့ အမ်းမှာ ဆူပူမှုအုံကြွအောင် သွေးထိုးလှုံ့ဆော်ရမယ်။ ၅ သိန်းက ဒီပြန်လာမှ ရမှာ။ လမ်းမှာ အရက် သောက်ချင်သောက်။ စားချင်တာစား။ ပွေချင်ရှုပ်ချင်တယ် ဆိုရင် ပြည့်တန်ဆာမတောင် ရှာပေးအုံးမယ် ဆို ပြီး ပြောတယ်။ အသံဖိုင်တွေ ရှိတယ်။ အထောက်အထား သက်တွေနဲ့ သက်ဆိုင်ရာက အဲဒီလူကို ပုဒ်မ ၁၂၄ (က) နဲ့ အမှုဖွင့် စစ်ဆေး နေတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွန်ကြားရေးမှူး ဦးသန်းစိုးက တာဝန်ယူပြီးတော့ အမှုအထောက် အထားတွေနဲ့ ထွက်ဆိုမှုတွေကို စုံစမ်းမှုတွေ လုပ်နေတုန်း ဆိုတော့ အခုမှ လုပ်ငန်းစဉ် စရုံရှိသေးတယ်။ အဲဒီလူ ဘယ်သူ ဘယ်ဝါ ဆိုတာတော့ နာမည်တော့ ထုတ်မပြောချင်ဘူး။ မေး ။ ။ ဝန်ကြီးချုပ်တို့ အစိုးရလက်ထက် တိုင်းအတွင်း အခွန်ကောက်ခံမှု အခြေအနေ ဘယ်လိုရှိပါသလဲ။ ဖြေ ။ ။ ရေနံ လက်ယက်တွင်းတွေ သာမကဘဲ ကျောက်မီးသွေးတို့၊ အုတ်၊ သဲ၊ ကျောက်တို့ဆီကလည်း အခွန်အတုတ်တွေ ကောက်နေတယ်။ ရေနံ လက်ယက်တွင်းကနေ ကောက်တဲ့ ၁ ဧက ကျပ် ၃၀၀၀ ဆိုတာက ပြည်ထောင်စု ဘတ်ဂျက်ထဲကို ဝင်တယ်။ ကျနော်တို့မှာရေနံချက်ဖို မရှိတဲ့အတွက် စစ်ကိုင်းတိုင်း မုံရွာမှာ ရှိတဲ့ ကျောက္ကာ ရေနံချက်ဖိုကို သွားပြီးချက်ဖို့ အတွက် ဖြတ်သန်း သယ်ဆောင်ရာမှာ ဖွံ့ဖြိုးရေး ရန်ပုံငွေအနေနဲ့ ရေနံတပီပါကို ကျပ် ၃၀၀၀ နှုန်း ကောက်တယ်။ တချို့လ တွေဆိုရင် သယ်ဆောင်ခွင့် မျှောစာက ရတဲ့ဝင်ငွေက ကျပ်သိန်း ၂၀၀၀ ကျော် ၃၀၀၀ နီးပါးရှိတယ်။ မေး ။ ။ မကွေးတိုင်းထဲမှာကော ရေနံချက်ဖို လုပ်ဖို့ မရှိဘူးလား။ ဖြေ ။ ။ ဒါအတွက် ကြိုးစားနေကြတယ်။ ကျနော်တို့ အစိုးရအနေနဲ့က မြေနေရာပေးဖို့ အဆင်သင့်ပဲ။ ချက်ဖို ဆိုရင် အန္တရာယ် များတယ်။ ရေနံစက်ရုံ အသေးစားပေါ့။ လုပ်ငန်းရှင်တွေကလည်း ကြိုးစားနေကြတယ်။ အကောင်အထည်တော့ မပေါ်သေးဘူး။ စက်ရုံ အသေးစားလုပ်ဖို့ ကတော့ တရုတ်ကပဲ လာတော့တယ်။ ဂျပန်နဲ့ တခြားဟာတွေတော့ မလာတော့ဘူး။ ဖြစ်လာဖို့ ကြိုးစား နေကြပါတယ်။ ကျနော်တို့ဘက်က မြေပေးဖို့ အဆင်သင့်ရှိပေမယ့် စိုက်ပျိုးလို့ ရတဲ့ မြေဆိုရင်တော့ မပေးဘူး။ စိုက်ပျိုး မြေက ရှားလာပြီလေ။ မေး ။ ။ ရေနံလက်ယက်တွင်းတွေကနေ ရန်ပုံငွေတွေ ရနေပေမယ့် အားလုံးကို စိစစ်နိုင်ရဲ့လား။ ဖြေ ။ ။ လစ်ဟာမှုတွေတော့ ရှိတယ်။ အကုန်လုံးတော့ တတွင်းချင်း လိုက် မစစ်နိုင်ဘူး။ ဥပဒေညွန်ကြားချက်တွေ အရ ခွင့်ပြု ထားတာကတော့ ပေ ၁၀၀၀ အထိပဲ တူးပါ ဆိုပေမယ့် တချို့ကျတော့ ပေ ၁၀၀၀ ကျော်မှ တူးလို့ ရတာတွေ ရှိတယ်။ လိုက် စစ်ဖို့ ကျတော့ ရဲ၊မြေစာရင်း၊ ထွေ/အုပ်စတဲ့ ဝန်ထမ်းအင်အားက မပြည့်စုံဘူး။ အခက်အခဲတွေ ရှိတယ်။ မေး ။ ။ ဒေသမှာ လုပ်ကိုင်နေတဲ့ သူတွေက ရေနံလက်ယက်တွင်းတွေကို တရားဝင်လုပ်ခွင့် ရဖို့ တင်ပြထားတွေ ရှိပေမယ့် ကြန့်ကြာမှုတွေ ရှိနေတယ် လို့ ပြောကြတယ်။ ဘာကြောင့်များပါလဲ။ ဖြေ ။ ။ တင်ပြလျှောက်ထားတာ တွေက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ကနေ စတယ်။ အဆင့်ဆင့် စာတင်လာတဲ့ အခါ တူးခွင့် ပေးလိုက်ပါ ဆိုပြီး တရားဝင် ခွင့်ပြုပေးဖို့ ကျနော်တို့မှာ အာဏာ မရှိဘူး။ ထောက်ခံပေးလို့ပဲ ရတယ်။ ဒါကိုမှ ပြည်ထောင်စု အဆင့်က တူးခွင့်ချပေးဖို့ ဆုံးဖြတ်တာ။ ထောက်ခံပေးတာမှာလည်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ ပါသလား။ သစ်တော ကြိုးဝိုင်းထဲ ပါသလား။ တပ်မတော်ရဲ့ စီမံကိန်းထဲ ပါသလား စတဲ့ အချက်တွေကို စိစစ်ပြီးမှ ထောက်ခံပေးရတာ။ မထောက်ခံလိုက် တာတွေလည်း ရှိတယ်။များသောအားဖြင့် ထောက်ခံပေးတာကတော့ ဒေသခံတွေကို ပါပဲ။ မေး ။ ။ ဝန်ကြီးချုပ်တို့ ဆီမှာ ရေနံမြေ အသစ် တွေ့ထားတယ် ဆိုတာရော ဘယ်လို ဖြစ်သွားပြီလဲ။ ထုတ်ဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ သုံးသပ်မှုတွေလည်း ကြားနေလို့ပါ။ ဖြေ ။ ။ အဲ့ဒါက ထောက်ရှာပင်နဲ့ မန်းရေနံမြေ အနောက်ဘက်က နေရာကို ပင်စင်ယူထားတဲ့ ဘူမိဗေဒပညာရှင် တဦးက ဒီနေရာက အလားအလာ ကောင်းပါတယ် ဆိုပြီးပြောလို့ ကျနော် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ တင်ပြလိုက်တယ်။ ဒါကို MOGE က ပညာရှင်တွေက ကွင်းဆင်းစစ်ဆေးတဲ့ အခါ ဒီနေရာက ရေနံတွေ့နိုင်တဲ့ မြေသဘာဝ မဟုတ်တဲ့ အတွက် မတွေ့နိုင်ပါဘူး ဆိုပြီး ကျနော်တို့ အစိုးရအဖွဲ့ကို လာရှင်းပြတယ်။ MOGE ကတော့ ဒီနေရာမှာ နေရံရှာဖွေရေး မလုပ်မှာ သေချာတယ်။ ဒါကို စိတ်ဝင်စားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တချို့က လေ့လာနေတယ်။ ကျနော်တို့ကို ပြောတဲ့ ပညာရှင်ကတော့ ရေနံရှိနိုင်တဲ့မြေ အမျိုးအစား မဟုတ်သော်လည်းပဲ ရေနံရှိနိုင်မယ့်နှုန်း မြင့်မားတယ် လို့ သုံးသပ်ထားတာကို လုပ်ငန်းရှင်တချို့ကို ပြောပြထားတယ်။ ဒါကို တူးဖြစ်မဖြစ်ကတော့ ကျနော်လည်း မသိဘူး။ မေး ။ ။ မကွေးတိုင်းထဲမှာ သစ်ခိုးထုတ်တဲ့ ကိစ္စတွေလည်း ရှိနေတယ် လို့ သိရပါတယ်။ ဒါကိုရော ဝန်ကြီးချုပ်တို့ ဘယ်လို စီမံ ဆောင်ရွက်နေပါသလဲ။ ဖြေ ။ ။ သစ်ခိုးထုတ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မိအောင်ဖမ်းနိုင်ဖို့ဆိုတာ ရဲတပ်ဖွဲ့အင်အား ပြည့်စုံမှ ရမှာ။ အပြည်ပြည်ဆိုင်ရာ စံနှုန်းအရ ဆိုရင် ကျနော်တို့ မကွေးတိုင်းထဲမှာ နိုင်ငံသား ၄၀၀ မှာ ရဲ ၁ ယောက်လောက် ရှိရမယ့် နေရာမှာ နိုင်ငံသား ၁၀၀၀ ကျော်မှ ရဲ ၁ ယောက်လောက် ရှိတော့ မပြည့်စုံ မလုံလောက်ဘူး။ ဒါကြောင့် ဂန်ဂေါနဲ့ သရက်ခရိုင်မှာ သစ်တောရဲ ဆိုပြီး နေပြည်တော်က ပို့ပေးထားတာရှိတယ်။ ဖမ်းမိတဲ့ အထဲက ထွက်ပြေးနေတဲ့ တရားခံတွေ ရှိတယ်။ ဖမ်းမိထားတဲ့ သစ်တွေကို နိုင်ငံတော်ကနေလေလံတင်ပြီး ပြန်လည် ရောင်းချနေပါတယ်။ သစ်တင် မကပါဘူး။ နွားမှောင်ခိုတွေ ဆိုရင်လည်း မွေးမြူရေး ဝန်ကြီး ကိုယ်တိုင် ဆင်းဖမ်းပါတယ်။ မေး ။ ။ ဝန်ကြီးချုပ် တာဝန်ယူတာ အခုဆို နှစ်နှစ်နီးပါးပြည့်တော့မယ်ပေါ့ နော်။ ဒီကာလတွေ အတွင်းမှာ ဝန်ကြီးချုပ်အနေနဲ့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရပါသလဲ။ ဖြေ ။ ။ အခက်အခဲကတော့ နှစ်ပေါင်း ၅၀ လောက် ဇောက်ထိုးမိုးမျှော် ဖြစ်နေတာတွေ။ အဂတိ လိုက်စားမှု အများဆုံး။ တရား ဥပဒေစိုးမိုးမှု အနည်းဆုံး။ ပြည်သူလူထုကို ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ အထဲမှာ အညံ့ဖျင်းဆုံးဆိုတဲ့ အနေအထားတွေကနေ ကျနော်တို့ စတင် ဆောင်ရွက်နေကြရတာ။ အရင်အစိုးရ လက်ထက်ကတည်းက လွှတ်တော်ဥက္ကဋ္ဌတွေ ကိုယ်တိုင် ထိုင်းဘက်ကို လေ့လာရေးသွားကြတော့ အဲဒီမှာ ခန္ဓာကိုယ်ကို ရင်းနှီးပြီး လုပ်စားနေကြတဲ့ ပြည့်တန်ဆာတွေထဲမှာ ၉၀ ရာခိုင် နှုန်းလောက်က မြန်မာပြည်က ဖြစ်နေတယ် လို့ တဖက်က ပြောလိုက်တာကို သူတို့ကိုယ်တိုင် သိခဲ့ရတာ။ ဒါ ၂၀၁၃/၂၀၁၄ လောက်ကသိခဲ့ရတာ။ ဒီထဲမှာ နယ်စပ်က တိုင်းရင်းသူတွေတင် မကပဲ မကွေးကတောင် ပါသေးတယ် လို့ ပြောကြတယ်။ ထိုင်းမှာ ရောက်နေတဲ့ မြန်မာ ဆရာဝန်မလေး တယောက်ကလည်း ပြောတယ်။ အဲဒီမှာ ၈၀ ရာခိုင်နှုန်းလောက်က မြန်မာက ဆိုတာကို။ သေချာတာကတော့ ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းလောက်က မြန်မာပြည်က ဖြစ်နေတယ်။ ဒီအနေအထားကို ကျနော်တို့က အမွေဆက်ခံပြီးမှ ပုံမှန် ပြန်ရောက်အောင် လုပ်ရတဲ့ နေရာမှာ အခက်အခဲကတော့ အများကြီးပဲ။ ကျနော်တို့ မကွေးတိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကတော့ ပြည်သူလူထု အားရကျေနပ်လိမ့်မယ် လို့ ယုံကြည်တယ်။ ကျနော်တို့ ပြည်သူလူထုအပေါ် အထောက်အကူပြုလား မပြုဘူးလား ဆိုတာကတော့ ၂၀၂၀ ကျရင် အဖြေပေါ်မှာပဲ။ အဲဒီ အချိန်ကျရင်လည်း အောင်မြင်မှုရလိမ့်မယ် လို့ ယုံကြည်တယ်။ ။ The post “၂၀၂၀ ကျရင် အဖြေပေါ်မှာပဲ”လို့ ဆိုတဲ့ မကွေးတိုင်း ဝန်ကြီးချုပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2AiOiKR
via IFTTT
No comments:
Post a Comment