Tuesday, November 28, 2017


မန်းကျော်စိုး ၏ ဘာသာရေး အဖွဲ့များ ဖျက်သိမ်းပေးရန် တောင်းဆို မြန်မာနိုင်ငံ အနှံ့ရှိ မန်းကျော်စိုး တည်ထောင်ထားသော ဘာသာရေး အဖွဲ့များအား ဖျက်သိမ်းပေးရန်နှင့် အဆိုပါ အဖွဲ့ အတွင်း ရောက်ရှိနေသည့် သားသမီးများကို မိမိတို့ထံ ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ပေးရန် မိဘများ က ဧရာဝတီ တိုင်း ဒေသကြီး အစိုးရနှင့် တွေ့ဆုံပွဲတွင် တောင်းဆိုကြောင်း သတင်း ရရှိသည်။ ပုသိမ်မြို့ အမှတ် ၃ နယ်မြေ ယိုးဒယားကုန်း ရပ်ကွက်ရှိ ပုသိမ် – မြောင်းမြ စကောကရင် နှစ်ခြင်းသာသနာ အသင်း ချုပ် ရုံး ၌ နိုဝင်ဘာ ၂၇ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တောင်းဆိုကြခြင်း ဖြစ်သည်။ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး ၃ ဦးနှင့် ဧရာဝတီတိုင်း ဥပဒေချုပ်၊ တိုင်းရဲတပ်ဖွဲ့မှူးတို့ ပါဝင်သော အဖွဲ့ က မိဘများအား တွေ့ဆုံကာ မန်းကျော်စိုး ၏ ဝိညာဉ်မိသားစု အဖွဲ့ကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်း ခဲ့ကြရာ မိသားစု ၁၄ စုမှ မိဘများ ဘက်ကလည်း မန်းကျော်စိုးအဖွဲ့အား ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြ ခြင်း ဖြစ်ကြောင်း သိရသည်။ တိုင်းအစိုးရနှင့် တွေ့ဆုံပွဲတွင် ပါဝင်သူ တဦးဖြစ်သည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ နော်ထူးဆေးက “ကျမတို့ သားသမီးတွေကို မန်းကျော်စိုးအဖွဲ့က စည်းရုံးသိမ်းသွင်းခေါ်ထားပြီး အလုပ်တွေခိုင်းတယ်။ အိမ်ပြန်ခေါ်လို့ လည်း မရဘူး။ သွားခေါ်ရင်လည်း ချက်ချင်း တခြားနေရာကို ရွှေ့ပစ်တယ်။ တချို့မိဘတွေဆို သူတို့ သားသမီး ဘယ် နေရာမှာ ရှိနေမှှန်းတောင် မသိရဘူး။ ဒါကြောင့် မိဘနဲ့သားသမီးကြား မဟုတ်မမှန်တွေ ပြောပြီး သွေးခွဲနေတဲ့ ဒီအဖွဲ့ အစည်းကို အပြီးတိုင်ဖျက်သိမ်းပေးဖို့နဲ့ အဲဒီအဖွဲ့ထဲရောက်နေတဲ့ ကျမတို့ သားသမီးတွေကို မိဘရင်ခွင် ပြန်ရောက် အောင် ကူညီပေးပါလို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရကို တောင်းဆိုခဲ့ပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ် သွေး၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဥပဒေချုပ် ဦးသိန်းဆွေနှင့် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့်တို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း တို့မှ သားသမီးများ လက် လွှတ် ဆုံးရှုံးနေသည့်မိဘများ တက်ရောက်၍ မန်းကျော်စိုးအဖွဲ့ နှင့် ပတ်သက်သည့် အခြေအနေများကို တင်ပြခဲ့ ကြ ကြောင်း သိရသည်။ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် သာသနာရေး ဝန်ကြီး ဦးကျော်မြင့်က မိမိတို့အနေဖြင့် သားသမီးများ လက်လွှတ် ဆုံးရှုံးနေသည့် မိဘများ၏ အကြံပြုချက်၊ တောင်းဆိုချက်များ သာမက မန်းကျော်စိုး ၏ ဝိညာဉ်မိသားစု အဖွဲ့နှင့်ပတ်သက်သည့် အချက်အလက်များကို စုစည်း၍ အစိုးရအဖွဲ့ အစည်းအဝေးတွင် ထပ်မံတင် ပြ ဆုံးဖြတ်သွားမည် ဖြစ်ပြီး ဘာသာရေးပိုင်းနှင့် ရာဇဝတ်ပိုင်း အရပါ အရေးယူမှုများ လုပ်ဆောင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောသည်။ “ဒီဘာသာရေး ပြဿနာကြောင့် ခံစားရတဲ့ မိဘတွေ ပြည်သူတွေလည်း အများအပြား ဖြစ်နေပြီ။ သူတို့ အခြေစိုက်တဲ့ နေရာ ကလည်း မြန်မာပြည်မှာ ၉ နေရာလောက် ရှိတယ်ဆိုတော့ ဒီထက်မက ပိုကျယ်ပြန့်လာလေ ထိခိုက်ခံစားသူ တွေ ပိုများလာလေ ဖြစ်နိုင်တယ်။ အဲဒီတော့ ခရစ်ယာန် ဓမ္မတရားနဲ့ မကိုက်ညီတဲ့ ဒီအဖွဲ့ရဲ့လှုပ်ရှားမှုတွေကို ဘာသာ ရေး အရရော ပြစ်မှုကြောင်းအရရော အရေးယူလို့ရနိုင်တဲ့ အချက်အလက်တွေ အကုန်လုံးကို စုဆောင်းပြီး တိုင်းဒေသ ကြီး အစိုးရ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဆက်လက်ပြီး အရေးယူဆောင်ရွက် သွားပါမယ်”ဟု ဝန်ကြီး ဦးကျော်မြင့်က ပြောဆိုသည်။ မန်းကျော်စိုး၏ ဝိညာဉ်မိသားစုအဖွဲ့သည် ရက် ၄၀ တပည့်တော်ဖြစ် သင်တန်းများပြုလုပ်၍ ခရစ်ယာန် ဓမ္မတရားနှင့် မကိုက်ညီသော အစွန်းရောက်တရားများ ဟောပြောခြင်း၊ လူငယ်များအား မိဘဆွေမျိုးများကို အဆက်ဖြတ် စွန့်လွှတ် ရန် ဟောပြောခြင်း၊ မိဘများအား အသိပေး အကြောင်းကြားခြင်းမရှိဘဲ လူငယ်များကို ၎င်းတို့ အစီအစဉ်ဖြင့် လက်ထပ် ထိမ်းမြား ပေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။ ထို့အပြင် လူငယ်များကို ဘုရားအတွက် အလုပ်လုပ်သည်ဟု ပြောဆိုကာ လုပ်အားခမပေးဘဲ အလုပ်ခိုင်းစေခြင်း၊ အလုပ် ခိုင်းရန် ရည်ရွယ်ချက်ဖြင့် တနေရာမှ တနေရာသို့ လူကုန်ကူးသည့် ပုံစံဖြင့် ပို့ဆောင်ခြင်း၊ ထိုသို့ ပို့ဆောင်ရာ တွင် ပြည်တွင်းရှိ ၎င်းတို့အဖွဲ့ခွဲများ ထံသာမက ပြည်ပရှိ စင်္ကာပူနိုင်ငံ အထိပါ အလုပ်လုပ်ရန် စေလွှတ်ခြင်းများ ပြုလုပ် နေကြောင်း သားသမီးများ လက်လွှတ် ဆုံးရှုံးနေသည့် မိဘများနှင့် အဆိုပါအဖွဲ့ အတွင်းမှ ပြန်လည် လွတ်မြောက် လာသူများက ပြောဆိုကြသည်။ မန်းကျော်စိုး အဖွဲ့မှ ပြန်လည် လွတ်မြောက်လာသူ တဦးဖြစ်သည့် ကျုံပျော်မြို့တွင် နေထိုင်သော နော်သေးလှက “ကျမသမီးက တိုက်တွန်းလို့ ကျုံပျော် လှည်းဆိပ်မှာ ရက် ၄၀ သင်တန်း သွားတက်တယ်။ သင်တန်းလည်း ပြီးရော အဖွဲ့ ခေါင်းဆောင် ဒေါ်နီလာထွန်းက ဘုရားကို ဆက်ကပ်ရမယ်ပြောပြီး တဖွဲ့ကို ၆ ယောက် ၇ ယောက် နာမည်တွေ ရေးတယ်။ ဆက်ကပ်ရမယ် ဆိုတာ ဘာလဲလို့ ကျမမေးတော့ အလုပ်လုပ်ရမယ်လို့ ပြောတယ်။ အဲဒါနဲ့ လူငယ်တွေကို ရန်ကုန် စမ်းချောင်းက ဖိနပ်ဆိုင်ကို ပို့တယ်။ ပေါက်ခေါင်းက ဆောက်လုပ်ရေး ပစ္စည်းဆိုင်တွေကို ပို့တယ်။ လူငယ် တွေ ကို ဆက်ကပ်ရမယ် ဆိုပြီး ပိုက်ဆံမပေးဘဲ အလုပ်ခိုင်းတာ ကျမ တွေ့ခဲ့တယ်။ ကလေးတွေ ဘဝက ထမင်းစား ကျွန်ခံ ဖြစ်နေတယ်”ဟု ပြောပြသည်။ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ မြို့ပြနှင့် ကျေးလက် ဌာနခွဲ ကလည်း စင်္ကာပူနိုင်ငံသား မန်းကျော်စိုး အပါအဝင် ခေါင်းဆောင် ၆ ဦး တည်ထောင်ထားသည့် ဝိညာဉ်မိသားစု အဖွဲ့ခွဲများသည် စင်္ကာပူ နိုင်ငံ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ ပဲခူးတိုင်း တောင်ငူနှင့် ပေါက်ခေါင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရန်ကုန်တိုင်း မြောက်ဒဂုံနှင့် စမ်းချောင်းမြို့နယ်၊ ဧရာဝတီတိုင်း ကျုံပျော်၊ ကျောင်းကုန်း၊ ကန်ကြီး ထောင့်၊ မြောင်းမြနှင့် ပုသိမ်မြို့နယ် တို့တွင် အဖွဲ့ခွဲများ တည်ရှိကြောင်း ထုတ်ပြန်ထားသည်။ ခရစ်ယာန် ဓမ္မတရားနှင့် ဆန့်ကျင်သည့် သွန်သင်ဟောပြော ဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အတွက် အဆိုပါ အဖွဲ့ကို မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီနှင့် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် တို့က လည်း ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။ မန်းကျော်စိုး၏ စခန်းတခု ဖြစ်သော ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာ စခန်းတာဝန်ခံ ဦးဉာဏ်ထွန်း ကျော် (ခေါ်) မန်းဖိုးကြူးက မိမိတို့ အနေဖြင့် နိုင်ငံသားတဦး၏ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အရ ထာဝရ ဘုရားသခင် ကို ဝတ်ပြု ကိုးကွယ်နေခြင်း ဖြစ်ကြောင်း၊ မည်သည့် ခရစ်ယာန် ဂိုဏ်းဂဏ လက်အောက်ခံမှ မဟုတ်ကြောင်း၊ အစိုးရ ထံတွင် ဘာသာရေး အသင်းအဖွဲ့ အဖြစ် မှတ်ပုံတင်ထားခြင်း မရှိကြောင်း၊ မှတ်ပုံတင်ရန်လည်း အစီအစဉ်မရှိကြောင်း၊ လူငယ်များအား အလုပ်ခိုင်းစေပြီး ရရှိလာသည့် လုပ်အားခများကို အတူတူစားသုံးခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြော သည်။ “ဒီဝိညာဉ်မိသားစုမှာက ဝိုင်းလုပ်တယ်။ ဝိုင်းစားတယ်။ ဥပမာဆိုရင် အထောင်မှာ (ကျုံပျော်မြို့နယ် အတွင်း) ကောက် ရိတ် ဖို့ လိုအပ်တယ်။ အိမ်သာကျင်း တူးဖို့ လိုအပ်တယ် ဆိုပါစို့။ သွားဝိုင်းလုပ်ကြတယ်။ ပြီးရင် ပြန်လာတယ်။ ရလာ တဲ့ လုပ်အားခကို ဒီအဖွဲ့ထဲကိုပဲ ဘုံသဘော ပြန်ထည့်ပြီး စားသောက်ကြတာပေါ့။ သူတို့ သားသမီးတွေ အိမ်ပြန်ခေါ်လို့ မရဘူး ဆိုတာကတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ သူ့မိသားစုနဲ့ပဲ ဆိုင်တယ်။ သူ အိမ်မပြန်ဘူး ဆိုတာက လူတယောက် ရဲ့ လွတ်လပ်ပိုင်ခွင့်ပဲ”ဟုလည်း မန်းဖိုးကြူးက ပြောဆိုသည်။ လတ်တလောတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က မန်းကျော်စိုး၏ ဝိညာဉ်မိသားစုအဖွဲ့ တည်ရှိရာ ကျုံပျော် မြို့နယ် လှည်းဆိပ် ကျေးရွာရှိ ဦးဉာဏ်ထွန်းကျော် (ခေါ်) မန်းဖိုးကြူး နေအိမ်တွင် ခွင့်ပြုချက်မရှိဘဲ လူအများ စုဝေး၍ ဝတ်ပြုဆု တောင်းခြင်းနှင့် တရားဆွေးနွေးခြင်း အစီအစဉ်များ မပြုလုပ်ရန် တားမြစ်ထားပြီး လိုက်နာခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ညွန်ကြားချက် ထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်း အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံသည့် မိဘများက ယမန်နေ့က တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြီးနောက် အဆိုပါ မန်းကျော်စိုး အဖွဲ့အား အပြီးတိုင် ဖျက်သိမ်းပေးရန်နှင့် ၎င်းတို့ သားသမီးများအား မိဘ ရင်ခွင် ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ပေးရန် နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် သာသနာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို နှင့် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ထံသို့ အကူအညီ တောင်းခံ သည့် စာတစောင် ကိုလည်း ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။ The post မန်းကျော်စိုး ၏ ဘာသာရေး အဖွဲ့များ ဖျက်သိမ်းပေးရန် တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2iZNocv
via IFTTT

No comments:

Post a Comment