အထူးဒေသ အပါအဝင် ရှမ်းအရှေ့ရှိ ခြေတု တပ်ဆင်လိုသူများကို ဒီဇင်ဘာလဆန်းတွင် လက်ခံမည် ကျိုင်းတုံ၊ နိုဝင်ဘာ ၂၈ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသား လက်နက်ကိုင် အထူးဒေသများ အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ခြေတု တပ်ဆင်လိုသူများကို ဒီဇင်ဘာလ ၄ ရက်မှ စတင်ကာ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးစင်တာမှ အရိုးအကြော အဆစ်ကုထုံး ပညာရှင်(Physiotherapist) Ms. Therese Powell က ပြောကြားသည်။ “ဒီနှစ်ဧပြီလက စတင်ပြီး ကျိုင်းတုံမြို့ပေါ်မှာရှိတဲ့ အရိုးအကြောအဆစ် ကုသမှုနဲ့ ခြေတု တပ်ဆင်လိုသူများကို စတင် ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ လက်ရှိမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနအနေနဲ့ ထမင်းချက်၊ အဝတ်လျှော်စတဲ့ လိုအပ်တဲ့ ဝန်ထမ်းတွေ ခန့်အပ်ပြီးဖြစ်လို့ အတွင်းလူနာတွေကို ဝန်ဆောင်မှု လက်ခံ ဆောင်ရွက်ပေးတာပါ”ဟု ၎င်းကဆိုသည်။ ဒီဇင်ဘာ လဆန်းပိုင်းက စတင်၍ ပြည်နယ်အတွင်းရှိ ခြေတု တပ်ဆင်လိုသူများကို ဝန်ဆောင်မှု လက်ခံမည်ဖြစ်ရာ နိုဝင်ဘာလ နောက်ဆုံးပတ်က တာချီလိတ်၊ တာလေနှင့် မိုင်းဖြတ်မြို့တို့တွင် ပညာရှင်များဖြင့် ခြေတု တပ်ဆင်လိုသူများကို ဆန်းစစ်လေ့လာမှု ပြုလုပ်နေကြောင်း ယင်းပြည်နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဉာဏ်မြင့်က ပြောကြားသည်။ “မိုင်းဆတ်မှာတော့ ခြေတုအပြင် လက်တုပါ တပ်ဆင်လိုတဲ့သူ ၁၂ ဦးလောက် စာရင်းပေးထားတယ်။ ခြောက်ဦးက ဆန်းစစ်လေ့လာပြီးလို့ သွားတပ်ရုံဗျ။ ခြေတုတွေကို အခမဲ့ တပ်ဆင်ပေးမယ့်အပြင် ခရီးစရိတ်နဲ့ စားသောက်စရိတ်တွေကို ICRC က ထောက်ပံ့ပေးမယ်လို့ သိရတယ်”ဟု မိုင်းဆတ်ခရိုင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးစိုင်းထွန်းဦးက ပြောကြားသည်။ ကျိုင်းတုံမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးဝင်းတွင် ၃၄ ခုတင်ဆံ့ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေး စင်တာကို ကျပ် ၁ ဒသမ ၈၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်း) အကုန်ကျခံတည် ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် ကျိုင်းတုံမြို့ရှိ ခြေတု တပ်ဆင်လိုသူများကို ဝန်ဆောင်မှု စတင်ပေးခဲ့ရာ အကြောအဆစ် ကုထုံးကုသမှု အပါအဝင် လူဦးရေ ၇၅ ဦးကို လက်ခံ ဆောင်ရွက်ခဲ့ပြီး ဘီးတပ် ကုလားထိုင် ခြောက်ခုနှင့် ခြေတု ၃၄ ချောင်း တပ်ဆင်ပေးပြီးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ထုတ်ပြန်ချက်အရ သိရသည်။
Source : https://goo.gl/zw21zR
via IFTTT
No comments:
Post a Comment