အမျိုးသား ရင်ကြားစေ့ရေးကို တက်ကြွစွာ ကူညီမည်ဟု ဒုတပ်ချုပ်ပြော နိုင်ငံတော် အစိုးရ၏ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အကောင်အထည်ဖော်မှုများတွင် တက်ကြွစွာ ကူညီပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ “နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုသစ်တရပ်အဖြစ် ဆောင်ရွက်ရာမှာ နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ ပါဝင်လာရေး ကျနော်တို့ JICM ၊ UPDJC အဖွဲ့ဝင်များ အားလုံးက တက်ကြွစွာ စည်းရုံး ဆွေးနွေးပြီး အဲဒီအဖွဲ့တွေ ပါဝင်လက်တွဲ လာနိုင်အောင် ဆောင်ရွက်သွားကြရမှာလည်း ဖြစ်ပါတယ်”ဟု ဒုတပ်ချုပ်က ပြောဆိုခဲ့သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော တပ်မတော်ခေါင်းဆောင်တဦး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်ရာတွင် ဒို့တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားလျက် ခိုင်မာစွာနှင့် ဆက်လက် ရပ်တည်ပြီးနောက် ကူညီပါဝင်ဆောင်ရွက်မည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ဘယ်လိုပဲ ဖြစ်ဖြစ် ထာဝရ ငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး ဦးတည်ချက်ကို အခြေအပျက်မခံဘဲ လုပ်သင့်လုပ်ထိုက်တာတွေ ဆွေးနွေးသင့် ဆွေးနွေးထိုက်၊ အဖြေရှာသင့် အဖြေရှာထိုက်တာတွေကို ဆက်လက်လုပ်ဆောင်ဆွေးနွေးကြဖို့လည်း လိုအပ်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။ ယနေ့ အစည်းအဝေးတွင် NCA အကောင်အထည်ဖော်မှု အလုပ်အဖွဲ့ အစည်းအဝေး အစီရင်ခံစာ တင်ပြခြင်း၊ UPDJC မှ ရေးဆွဲထားသော terms of Reference -TOR ၊ SOP – Standard Operating Procedure များ တင်ပြခြင်း၊ အတည်ပြုခြင်း၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း၊ အထွေထွေ ဆွေးနွေးခြင်းတို့ကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆွေးနွေးရာတွင် မိမိတို့၏ လိုအင်ဆန္ဒအသီးသီးကို အလွန်အကျွံ ရှေ့တန်း မတင်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ပကတိ လိုအပ်ချက်ဖြစ်သည့် ဒို့တာဝန် အရေး ၃ ပါးကို ရာသက်ပန် စောင့်ထိန်းလိုစိတ်၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနှင့် ရာသက်ပန် စောင့်ထိန်းလိုစိတ်များကို အခြေခံပြီး ဆွေးနွေးအတည်ပြုနိုင်ရေးတို့ လိုကြောင်း အထက်ပါ တပ်မတော် ခေါင်းဆောင်က တိုက်တွန်းခဲ့သည်။ အမျိုးသား ရင်ကြားစေ့ရေးဆိုသည်မှာ ကွဲပြားနေသည့် လူမှုအဖွဲ့အစည်းများကြား မတူညီသည့် အယူအဆ၊ ခံယူချက်များကို အချင်းချင်း အပြန်အလှန်နားထောင်ပေးခြင်း၊ ညှိနှိုင်းခြင်း၊ ဘုံရည်မှန်းချက်အတွက် အဖြေရှာခြင်းတို့ဖြစ်၍ ယခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုး သားရင်ကြားစေ့ရေးသည် အရေးကြီးကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။ “ကျနေ်ာတို့နိုင်ငံမှာ အဓိကကျတဲ့ State Holders အားလုံးကြားထဲမှာ သဟဇာတဖြစ်တဲ့ အနာဂတ်တိုင်းပြည်ကို တည်ဆောက်ဖို့ဆိုရင် အားလုံးလက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် အခြေခံတွေကို အုတ်မြစ်ချရာကနေ စဖို့ လိုပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့လည်း လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။ အားလုံး ရည်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကို မြန်မြန်သွားနိုင်ခြင်းက ကောင်းသည်ဆိုသော်လည်း အယူအဆ မတူမှုညီမှုများ ကြားတွင် အချိန်ယူပြီး ကျေကျေလည်လည် ညှိနှိုင်းသည့် အခင်းအကျင်းနှင့် သွားသင့်ကြောင်း၊ ထို့ကြောင့် ယခု ဆွေးနွေးပွဲများတွင် ယင်းအခြေခံများတွင် သွားကြရန် လိုကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံသည့် တွေ့ဆုံဆွေးနွေးမှု များကို ပြု လုပ်ကြရန် တိုက်တွန်းကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောသည်။ လက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်မြေပြင်တွင် အဓိက လိုအပ်သည်မှာ ရုပ်ပိုင်းဆိုင်ရာ သတ္တိဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဖော်ဆောင်မည့် အစည်းအဝေးများတွင် အဓိက လိုအပ်သည်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ သတ္တိပင် ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ သတ္တိ ဆိုသည်မှာ ရန်သူကို ရင်ဆိုင်ရဲသည့် သတ္တိဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာသတ္တိဆိုသည်မှာ ကိုယ့်ကိုကိုယ် ရင်ဆိုင်ရဲသည့် သတ္တိပင်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ကျမတို့အားလုံးဟာ ငြိမ်းချမ်းရေအတွက်လိုအပ်တဲ့မှန်ကန်တဲ့ အဖြေတွေကို ရှာရဲတဲ့ သတ္တိရှိရပါမယ်။ ဒီအဖြေတွေကို ရနိုင်၊ မရနိုင်ဆို တာလည်း မှန်မှန်ကန်ကန်သုံးသပ်နိုင်ရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ငြိမ်းချမ်းရေးကို တည်ဆောက်ချိန်အတွင်း ကြားကာလများတွင် နားလည်မှု လွဲမှားစေနိုင်သည့် ကိစ္စများ ရှေ့တန်းတင်ခြင်း၊ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ ကျော်လွန်ခြင်း စသည့် ရှောင်ရန် အချက်များကိုလည်း လက်အောက်မှ တပ်ဖွဲ့ဝင်များအထိ စောင့်ထိန်းလိုက်နာ လမ်းညွှန်ကြီးကြပ်ပေးကြရန် လိုကြောင်းလည်း ဒုတပ်ချုပ်က သတိပေးသည်။ ၆ ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တွင် ကျင်းပရာ အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။ The post အမျိုးသား ရင်ကြားစေ့ရေးကို တက်ကြွစွာ ကူညီမည်ဟု ဒုတပ်ချုပ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2johgPl
via IFTTT
No comments:
Post a Comment