ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်များ အရေးကြီးဟု ပုပ်ရဟန်းမင်းကြီးနှင့် မဟန သဘောတူ မြန်မာနိုင်ငံတွင် အမြင့်ဆုံး သံဃာ့အဖွဲ့အစည်း ဖြစ်သည့် သံဃမဟာနာယက အဖွဲ့ နှင့် နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံ ရာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ငြိမ်းချမ်းရေး နှင့် သဟဇာတရှိမှုကို စောင့်ရှောက်ထိန်းသိမ်းရာတွင် ဘာသာရေး ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ဦးဆောင် ဆရာတော်များနှင့် အတူ ဆွေးနွေးခဲ့သည်။ ကက်သလစ်ကျောင်းတော်၏ အကြီးအကဲဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၄ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းသည် အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာ လူများစုဖြစ်သည့် နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး တဦးအနေဖြင့် ပထမဆုံးသော ခရီးစဉ် ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ခရစ်ယန်ဘာသာဝင်များက လူဦးရေ ၏ ၆.၂ ရာခိုင်နှုန်း၊ မွတ်ဆလင်က ၅ ရာခိုင်နှုန်းဝန်းကျင်နီးပါး ရှိကြသည်။ ပုပ်ရဟန်းမင်းကြီးက ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို့သည် သည်းမခံနိုင်မှု၊ အဂတိတရား နှင့် အမုန်းပွားမှု ပုံစံအားလုံး ကို ကျော်လွှားရန် တူညီသော ရည်ရွယ်ချက်များ ရှိကြောင်းကို ၁၂ ရာစုခေတ် ကက်သလစ် သူတော်စင် ဖရန်စစ် St. Francis of Assisi ၏ ဆုတောင်းစကားနှင့် ဗုဒ္ဓ၏ ဟောကြားမှုများကို စုစည်းထားသည့် ဓမ္မပဒတို့ကို ကိုးကားပြောကြားခဲ့သည်။ “ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဒေသနာတော်က လမ်းပြထားပါတယ်။ ဒေါသကို စိတ်ရှည်ခြင်းနဲ့ အနိုင်ယူပါ။ အဆိုးကို အကောင်းနဲ့ အနိုင်ယူပါ။ လောဘကို စေတနာနဲ့ အနိုင်ယူပါ။ လိမ်လည်မှုကို အမှန်တရားနဲ့ အနိုင်ယူပါ။ ဓမ္မပဒမှာ ပြောထားတာကို မှတ်သားခဲ့ရဖူးပါတယ် (ဓမ္မပဒ၊ ၁၇၊ ၂၂၃) ။ ဒီအဆုံးအမများဟာ စိန့်ဖရန်စစ် အစီစီရဲ့ ဆုတောင်း ပတ္ထနာနဲ့ ဆင်တူတာကို တွေ့ရပါတယ်။ ‘သခင်ဘုရား၊ တပည့်တော်ကို ငြိမ်းချမ်းခြင်းအတွက် လက်သုံးတန်ဆာ ဖြစ်စေပါ၊ အမုန်းရှိသည့် နေရာတွင် မေတ္တာတရားကို လည်းကောင်း၊ ထိခိုက်စော်ကားမှုများ ရှိသည့်နေရာတွင် မေတ္တာတရားကိုလည်းကောင်း၊ မှောင်မိုက်သည့်နေရာတွင် အလင်းကိုလည်းကောင်း၊ စိတ်ဆင်းရဲခြင်းနေရာတွင် ပျော်ရွှင်ခြင်းကိုလည်းကောင်း သယ်ဆောင်နိုင်ရန် ကူညီတော်မူပါလို့’ သူ ဆုတောင်းခဲ့ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။ “ဤကဲ့သို့သော တရားသဘောက ဘာသာမတူ လူမျိုးမတူ ယဉ်ကျေးမှု မတူသူများကြားမှာ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ခွဲခြားမှု ပဋိပက္ခ ဒဏ်ရာများကို ကုသပေးပြီး နားလည်မှု စိတ်ရှည်မှုများအတွက် ကြိုးစား အားထုတ်ရာမှာ ဉာဏ်အလင်း ခွန်အား ရစေပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။ အသံမဲ့သူများ၏ အသံကို ကြားနိုင်ရေး အစိုးရ တာဝန်ရှိသူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များက ကြိုးစား အားထုတ်ရန် တာဝန်ရှိသည် ဟုလည်း တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိပြုလုပ်နေသော ပင်လုံငြိမ်းချမ်းရေး ညီလာခံကိုလည်း ပုပ်ရဟန်းမင်းကြီးက ချီးမွမ်း၍ မြန်မာနိုင်ငံတွင် နေထိုင်သူ အားလုံး ပိုမိုပါဝင်နိုင်ရေး အတွက် ဆုတောင်းခဲ့သည်။ “ဤကြိုးစားအားထုတ်မှုက အဓွန့်ရှည်သော အသီးအပွင့်များ ပေါ်ထွက်လာမှာ သေချာပြီး ဘာသာရေးခေါင်းဆောင်များရဲ့ လက်တွဲပါဝင် ဆောင်ရွက်ခြင်းကိုလည်း လိုအပ်လာမှာ ဖြစ်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။ “မြန်မာပြည် ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး တို့အတွက် ဘာသာရေး ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံခြင်း နှီးနှော ဖလှယ်ခြင်းတို့ဟာ အလွန်အရေးပါကြောင်း သက်သေပြနေပါတယ်” ဟု သူက ထပ်ပြောသည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက ဘာသာတရား အားလုံးမှ ခေါင်းဆောင်များ အနေဖြင့် သက်ဆိုင်ရာ ဘာသာတရားများ၏ သင်ကြားဆုံးမှုများမှ တဆင့် ဟန်ချက်ညီမျှသော လူ့အဖွဲ့အစည်းတခု၏ တည်ဆောက်သူများအဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မည် ဖြစ်ကြောင်း ပြောသည်။ “မတူကွဲပြားသည့် ဘာသာဝင်များကြားတွင် အပြန်အလှန် နားလည်မှု၊ လေးစားမှုနှင့် ယုံကြည်မှု တည်ဆောက်လျက် ငြိမ်းချမ်းလုံခြုံသာယာသော လူ့ဘောင်ဘဝ တည်ဆောက်နိုင်ရန် လွန်စွာ အရေးတကြီး လိုအပ်ပါတယ်။” အမုန်းစကား ပုံစံအမျိုးမျိုး၊ မမှန်ကန်သော ဝါဒဖြန့်ချီမှုများ၊ ပဋိပက္ခ စစ်ပွဲများနှင့် ထိုသို့ ဖြစ်အောင် ထောက်ပံ့သူများကို ရှုတ်ချရင်း သံဃ မဟာနာယက အဖွဲ့ ဥက္ကဌဆရာတော်က ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် တံတားများထိုးရာတွင် ပူးပေါင်းပါဝင်ကြရန်နှင့် ဘာသာရေးကို အလွဲသုံးစားပြုလုပ်ခြင်းကို ဆန့်ကျင်ကြောင်း အများပြည်သူ သိရှိစေရေး ထုတ်ဖော်ပြောဆိုရန် ဘာသာရေး အဖွဲ့ဝင်များကို တောင်းဆိုခဲ့သည်။ နာယကအဖွဲ့ ဥက္ကဌဆရာတော်က ဘာသာရေး ယုံကြည်မှု ခေါင်းစဉ်အောက်မှ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက် ဝါဒကိုလည်း ဆန့်ကျင်ခဲ့ပြီး ကိုးကွယ်ရာဘာသာတို့၏ မူလ အဆုံးအမများကို “ဘာသာရေးသမားအချို့က” ကြိုးကိုင်ချယ် လှယ်ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ “ကိုးကွယ်ရာ ဘာသာအယူဝါဒ၏ မူရင်းသင်ကြားချက်များကို ကိုးကွယ်သူတို့က မိမိတို့၏ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဟူသော အဂတိတရားတို့နှင့် ရောနှောလျက် ပြုပြင်ဖန်တီးကြသောကြောင့်သာလျှင် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုတို့ ဖြစ်ပေါ်လာရသည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားပါတယ်” ဟု ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။ ပုပ်ရဟန်း မင်းကြီးသည် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့တွင် မစ္ဆားတရားတော် ပူဇော် ဆုတောင်းခြင်း အခန်းအနားကို ပရိသတ်များနှင့် အတူပြုလုပ်ခဲ့သည်။ ခရီးစဉ်ပြီးဆုံးသည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆက်လက်ထွက်ခွာသွားသည်။ The post ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်များ အရေးကြီးဟု ပုပ်ရဟန်းမင်းကြီးနှင့် မဟန သဘောတူ appeared first on ဧရာဝတီ.
Source : http://ift.tt/2j1TkSm
via IFTTT
No comments:
Post a Comment