Tuesday, November 28, 2017


အရှုံးပေါ် စက်ရုံအလုပ်ရုံများ နိုင်ငံပိုင်အဖြစ်မှ စွန့်လွှတ်ရန် လွှတ်တော်ကော်မတီတောင်းဆို တနိုင်ငံလုံးတွင် အရှုံးပေါ်နေသည့် စက်ရုံ၊ အလုပ်ရုံ ၂၄ ရုံအားလုံးကို နိုင်ငံပိုင်အဖြစ်မှ စွန့်လွှတ်ပြီး ပုဂ္ဂလိကသို့ ပုံစံ အမျိုးမျိုးဖြင့် လွှဲပြောင်းပေးရန် ယခုလကုန်တွင် ပြည်ထောင်စု လွှတ်တော်သို့ ပဏာမ အစီရင်ခံစာ တင်သွင်းတော့မည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်၊ ရင်းနှီးမြုပ်နံှမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကေ်ာမတီထံမှ သတင်းရရှိသည်။ “မူဝါဒအရ နိုင်ငံပိုင်တွေ မလုပ်တော့ဘူး။ နိုင်ငံတော်ကပဲ ဆက်လုပ်နေမယ်ဆိုရင် အလားအလာ မရှိတော့ဘူး။ မလုပ်တော့ဘဲနဲ့ ဖက်စပ် လုပ်မယ်။ PPP (Public Private Partnership) လုပ်မယ်။ Profit Sharing လုပ်မယ်။ စက်ရုံတရုံချင်းရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ပုဂ္ဂလိကကို လွှဲပြောင်းတာကို ပုံစံအမျိုးမျိုးနဲ့ လွှဲပြောင်းပေးသွားဖို့ ဆုံးဖြတ်ထားကြတယ်”ဟု ယင်းကော်မတီဝင် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဧရာဝတီသို့ ပြောသည်။ စက်ရုံအလုပ်ရုံများ အရှုံးပေါ်နေရသည့် အကြောင်းရင်းကို လေ့လာသုံးသပ်ရေး အစီရင်ခံစာတွင် ဖော်ပြရမည် ဖြစ်သော် လည်း စက်ရုံ တရုံချင်းစီ အလိုက် အသေးစိတ် သုံးသပ်ရန် အခက်အခဲများရှိကြောင်း၊ စက်ရုံတခုချင်းအလိုက် မှန်ကန်မှု ရှိသည့် Data အချက်အလက်များ ရရှိရန်လည်း မလွယ်ကူပဲ ရရှိသည့် အချက်အလက်အားလုံးကိုလည်း စိတ်မချနိုင်ဖြစ်နေကြောင်း ၎င်းက ပြောသည်။ “တရုံချင်းရဲ့ Technical Report တွေ၊ Economic Report တွေ Financial Report တွေ ကို ၂၄ ရုံလုံး ရေးဖို့ကလည်း ကျနော်တို့ အဖွဲ့က အဲဒီလောက်ကြီးလည်း Capacity မရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အဲဒီလောက် အများကြီးလည်း မလုပ်နိုင်ဘူး။ အဲဒီတော့ ကျနော်တို့ မူဝါဒပိုင်းကိုပဲ သုံးသပ်တယ်။ တရုံချင်းရဲ့ ထူးခြားတဲ့ဟာလေးတွေနဲ့ ကိန်းဂဏန်းအရ ထူးခြားချက်လေးတွေ ကျနော်တို့ ရေးမယ်”ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ ကျပ်သန်းပေါင်း များစွာ ရင်းနှီးထားသော်လည်း အရှုံးပေါ်နေသည့် မြင်းခြံ သံမဏိစက်ရုံအပါအဝင် စက်ရုံပေါင်း ၂၄ ခုကို ပြည်ထောင်စု လွှတ်တော်က ယာယီရပ်ဆိုင်းမှုများ ပြုလုပ်ထားပြီး လွှတ်တော် ကော်မတီများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီး ဌာနနှင့် UMFCCI မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပုဂ္ဂိုလ်များဖြင့် စိစစ်ရေး အဖွဲ့ ၂ ခုခွဲကာ ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်လျက် ရှိရာ လေ့လာတွေ့ရှိချက် အစီရင်ခံစာတခုကို တင်ပြနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ “ဒီလကုန်မှာ ပဏာမ အစီရင်ခံစာ တင်သွင်းမှာပါ။ တွေ့ရှိချက်တွေကို ပဏာမအစီရင်ခံစာပဲ တင်မှာဖြစ်လို့ ဆုံးဖြတ်ချက်တွေကိုတော့ နောက်ဆုံးမှတင်မယ်။ အစီရင်ခံစာတွေ တင်ပြီးသွားရင်တော့ ပြည်သူလူထုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ချပြသွားမှာပါ”ဟု ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကေ်ာမတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။ အစိုးရပိုင် စက်ရုံအလုပ်ရုံအားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းမျိုး မလုပ်သင့်ဘဲ ပြည်သူလူထု သက်သာ ချောင်ချိရေးအတွက် နိုင်ငံတော်က ဆေးဝါးထုတ်လုပ်ခြင်း၊ လျှပ်စစ်နှင့် မီးရထားလုပ်ငန်းများတွင် အရှုံးခံ ဆောင်ရွက် သင့်ကြောင်း၊ ယခင်က စီမံခန့်ခွဲမှု အလွဲများကြောင့် ဆုံးရှုံးခဲ့ရသည်ကို အကြောင်းပြု၍ အားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဆိုသည့် အယူအဆမျိုး မရှိသင့်ကြောင်း ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က ပြောသည်။ “BBI ကို အရှုံးခံပြီး လုပ်နေတာ ကျန်းမာရေး ရှု့ထောင်က ကြည့်ရင် ကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ အပြစ်ပြောလို့ မရဘူး။ ရှုံးတိုင်း၊ ရှုံးတိုင်း မကောင်းဘူးလို့ သွားပြောလို့ မရဘူး။ သံမဏိစက်ရုံ ထောင်တာမျိုးက နိုင်ငံတော် ပေါ်လစီနဲ့ဆိုင်တယ်။ ဒါက ကိုင်ထားရမယ်ဆိုရင် လုပ်ပေါ့။ ဒါပေမယ့် မရှုံးအောင်တော့ ဖန်တီးရမှာပေါ့။ စီမံခန့်ခွဲမှု အလွဲတွေ အများကြီး ဖြစ်ခဲ့တယ်။ Privatize လုပ်သင့် လုပ်ထိုက်တာကို လုပ်ပါ။ မလုပ်သင့်တာကို မလုပ်ပါနဲ့”ဟု ၎င်းက အကြံပြုသည်။ အစိုးရက စက်ဘီးရုံထောင်ခြင်း၊ ချောကလက်၊ သကြားစက်ရုံထောင်ခြင်းများမှာ မဖြစ်သင့်ကြောင်း၊ သို့သော် အကျိုးအမြတ် များစွာ ရှိနေသည့် တစ်ရှုးထုတ်လုပ်သည့် စက်ရုံကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းများ ကြုံဖူးကြောင်း၊ ပြည်သူလူထုအတွက် ရှုံးရကျိုးနပ်သည့် လုပ်ငန်းများကို နိုင်ငံတော်က ဆက်ကိုင်ထားသင့်ကြောင်း ဦးသန်းလွင်က မှတ်ချက်ပြုသည်။ ယာယီရပ်ဆိုင်းထားပြီး လေ့လာသုံးသပ်လျက်ရှိသော စက်ရုံများမှာ အမှတ် ၁၄ အကြီးစား စက်ရုံ (သာဂရ)၊ အမှတ် ၁၅ အကြီးစား စက်ရုံ (သာဂရ)၊ အမှတ် ၁၆ အကြီးစား စက်ရုံ (ဆင်တဲ)၊ အမှတ် ၁၇ အကြီးစား စက်ရုံ (မလွန်)၊ အမှတ် ၁ သံမဏိ စက်ရုံ (မြင်းခြံ)၊ အမှတ် ၂ သံမဏိ စက်ရုံ (ပင်းပက်)၊ ရာဘာ ပစ္စည်း စက်ရုံခွဲ (သဃာန်းကျွန်း)၊ အမှတ် ၂၃ အကြီးစား စက်ရုံ (ညောင်ခြေထောက်)၊ အမှတ် ၂၆ အကြီးစား စက်ရုံ (သာဂရ)နှင့် အမှတ် ၃၂ အကြီးစား စက်ရုံ (ကြံခင်း)တို့ ဖြစ်သည်။ ထို့ပြင် မှန်ထုတ်လုပ်ရေး ဌာန (ပုသိမ်)၊ ပလပ်စတစ် စက်ရုံ (ကျောက်ဆည်)၊ ရွှေတောင်၊ စစ်ကိုင်း၊ ပခုက္ကူ၊ မုံရွာ၊ မြစ်သား၊ ပျော်ဘွယ်၊ တောင်သာနှင့် ရမည်းသင်းမြို့များရှိ အထည်စက်ရုံများ၊ သာပေါင်းမြို့နယ်ရှိ အဆင့်မြင့် စက္ကူစက်ရုံ၊ သာပေါင်းရှိ တန် ၆၀ သတင်းစာ စက္ကူစက်ရုံတို့လည်း ပါဝင်သည်ဟု သိရသည်။ ကျပ်သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံထားသော်လည်း အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံ ၂၄ ခုထဲတွင် မြင်းခြံမြို့ရှိ အထည်ချုပ် စက်ရုံတခုကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်၍ အမြတ်ထွက်အောင် NLD အစိုးရက စတင် ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ချိုက နိုဝင်ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။ The post အရှုံးပေါ် စက်ရုံအလုပ်ရုံများ နိုင်ငံပိုင်အဖြစ်မှ စွန့်လွှတ်ရန် လွှတ်တော်ကော်မတီတောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2hWdj43
via IFTTT

No comments:

Post a Comment