စည်ပင်က ခွေးဂေဟာဖွင့်၊ ခွေးကောင်ရေ ၃၀ဝ ခန့် ပထမဆုံး စတင်လက်ခံ ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီပထမဆုံး ခွေးဂေဟာကို ထိန်ပင်သုသာန်အနီးတွင် ဖွင့်လှစ်ခဲ့ပြီး လေလွင့်ခွေး သုံးရာခန့်ကို လက်ခံထားပြီဖြစ်ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။ ရန်ကုန်မြို့တွင် လေလွင့်ခွေး မွေးဖွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် ရန်ကုန်မြို့တော်ဝန်၏ အစီအစဉ်ဖြင့် ခွေးကောင်ရေ တစ်ထောင်ဆံ့ ခွေးထိန်းသိမ်းရေး ဂေဟာကို အောက်တိုဘာလကုန်က စည်ပင်သာယာဘတ်ဂျက် အသုံးပြုကာ ဖွင့်လှစ်ခဲ့ပြီး လေလွင့်ခွေးများ စတင် လက်ခံခြင်းဖြစ်ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ရန်ကုန်မှာ လမ်းပေါ်လေလွင့်နေတဲ့ ပိုင်ရှင်မဲ့ခွေး ပေါလာတယ်။ လူတွေနဲ့ နီးစပ်လာရင် ခွေးရူးရောဂါအန္တရာယ်က ရှိတယ်။ နေရာလေး သတ်သတ်မှတ်မှတ်နဲ့ ထိန်းနိုင်အောင် စည်ပင်ပိုင်မြေလွတ်မှာ စီစဉ်တာပါ။ တဖြည်းဖြည်း တိုးလက်ခံမှာပေါ့နော်”ဟု ၎င်းကဆိုသည်။ ခွေးဂေဟာသည် လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီးရှိ စည်ပင်ဌာနပိုင် အလျားပေ ၅၅၀ နှင့် အလျားပေ ၂၅၀ ကျယ်ဝန်းသော ခြံမြေအလွတ်တွင် ခွေးများ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ပိုင်ရှင်မဲ့ လေလွင့်ခွေးများကို လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွှန့်၊ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်းနှင့် လမ်းမတော်မြို့နယ်များမှ ခေါ်ယူစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။ “စည်ပင်အနေနဲ့ မြို့ပြအင်္ဂါနဲ့ညီဖို့ မဖြစ်မနေ စီစဉ်ဆောင်ရွက်ရတာပါ။ ကျွန်တော်တို့ တစ်ဖက်တစ်လမ်းကလည်း ခွေးမျိုးပွားမှုထိန်းရေး ဆောင်ရွက်နေတယ်။ ပြည်သူတွေကလည်း ကိုယ်နိုင်တဲ့ဘက်က ပူးပေါင်းကူညီဖို့ လိုတယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းလွှတ်တော်တွင် ယခုနှစ် စက်တင်ဘာလက ပြောကြားဖူးသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မှတ်တမ်းအရ ယခုနှစ်ကုန်တွင် ရန်ကုန်မြို့တွင် ခွေးကောင်ရေ နှစ်သိန်းခန့်ရှိလာသည်ဟု ခန့်မှန်းထားပြီး တစ်နှစ်လျှင် မျိုးပွားနှုန်းမှာ ခွေးကောင်ရေ သုံးသောင်းနှင့် ငါးသောင်းကြား ရှိနေကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
Source : https://goo.gl/uBFWGM
via IFTTT
No comments:
Post a Comment