စံချိန်မမှီ ရေသန့်ထုတ်လုပ်သူ ၆၀ ကျော်ကို နေပြည်တော် FDA ခေါ်တွေ့ သတ်မှတ် စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှု မရှိသည့် ရေသန့်လုပ်ငန်းလုပ်ကိုင်သူ ၆၈ ဦးကို ယနေ့ နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ရုံးသို့ ခေါ်ပြီး အရည်အသွေး ပြည့်ဝသည့် ရေသန့်များ ထုတ်လုပ်နိုင်ရန် အတွက် အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက “ တနိုင်ငံလုံး အနေနဲ့ သုံးကြိမ် နဲ့ အထက် စစ်ပြီးသားမှာ ကျနေတဲ့ လုပ်ငန်းရှင် ၆၈ ဦးရှိတယ်။ ဒီနေ့က အဲဒီ ၆၈ ဦး ကို ခေါ်ယူူပြီး စည်းကမ်းချက်နဲ့ ကိုက်ညီပြီး၊ စံချိန်၊ စံညွှန်းမှီတဲ့ ရေများ ထုတ်လုပ် နိုင်ဖို့ အတွက် ညှိနှိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။ ထို့အပြင် တနိုင်ငံလုံး အနေဖြင့် FDA ထောက်ခံချက် ရရှိထားသည့် လုပ်ငန်းရှင်ပေါင်း ၁၃၀၀ ရှိသော်လည်း ပြန်လည် စစ်ဆေးချက် အရ သတ်မှတ် စံချိန်၊ စံညွှန်း ဖြင့် ကိုက်ညီသည့် ရေသန့် လုပ်ငန်းရှင် ပေါင်း ၇၉၀ ဦးသာ ရှိကြောင်း၊ လုပ်ငန်းရှင် ၅၀၀ ခန့်မှ ထုတ်လုပ်သည့် ရေသန့် ရေ နမူနာများကို ယူပြီး ဓာတ်ခွဲ စစ်ဆေးရာတွင် ပထမအကြိမ် စစ်ဆေးမှု မအောင်မြင်မှုများ ရှိသလို၊ သုံးကြိမ် နှင့် အထက် ပြန်လည် စစ်ဆေးရာတွင် အရည်အသွေး မမှီသည့် ရေသန့် များ ရှိနေသည့်အတွက် ယင်းလုပ်ငန်းရှင် ၆၈ ဦးကို ယနေ့ ခေါ်ယူကာ ဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။ “ဆရာတို့က သူတိုွှကို လုပ်ငန်း ပိတ်သိမ်း ခိုင်းတာ မဟုတ်ဘူး။ အချိန်ပေးထားတယ်။ ချက်ချင်း ပြန်မစစ်ဘူး။ သူတို့ စက်ကို သူတို့ကောင်းအောင်ပြင်၊ စက်တွေကောင်းပြီ ဆိုမှ ရေသန့် ထုတ်၊ ထုတ်ထားတဲ့ ရေကို ဆရာတို့ဆီကို ပို့ရမှာ အဲဒီ အချိန်မှ ဆရာတို့က ပြန်ပြီး စစ်မှာပေါ့။” ဒေါက်တာ ဥက္ကာဖြိုးကပြောသည်။ ရေသန့်လုပ်ငန်း လိုင်စင်သက်တမ်းမှာ ၂ နှစ် တကြိမ် ပြန်လည် သက်တမ်းတိုးရပြီး၊ သက်တမ်းတိုးသည့် အခါ၌ ရေကိုပါ ပြန်လည် စစ်ဆေးရခြင်းဖြစ်သဖြင့် စံညွှန်းများနှင့် ကိုက်ညီခဲ့သည့် ရေများကို ၂ နှစ်အချိန်ကြာမှ ပြန်လည် စစ်ဆေးသည့် အခါ၌ စံညွှန်းဖြင့် မကိုက်ညီသည့် ရေများအား တွေ့ရှိရခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရှိ ရေသန့်လုပ်ငန်းရှင် ဦးမြင့်မိုး က “ အန်ကယ်တို့ ရေသန့်က သက်တမ်းဟာ မိဘ တွေ လက်ထက်တည်းက လုပ်လာတာ၊ သုံးကြိမ် စစ်တာကို သုံးကြိမ်လုံး ကျတယ်ဆိုတော့ တော်တော်လေး စိတ်ပျက် နေပြီ၊ ဒီနေ့ ညွှန်ချူပ်ကြီး ပြောတဲ့ အတိုင်း အဆင့်ဆင့် လုပ်ကြည့်မယ်။ လုပ်ကြည့်လို့မှ ထပ်ကျတယ်ဆိုရင်တော့ လုပ်ငန်း ပိတ်သိမ်းတော့မယ်။” ဟု ဧရာဝတီ သို့ ပြောသည်။ မန္တလေး တိုင်းဒေသကြီးမှ ရေသန့်လုပ်ငန်းရှင် ဒေါ်နှင်းအိလွင်ကလည်း “ရေက တခါစစ် မအောင်၊ နှစ်ခါစစ် မအောင်၊ သုံးခါစစ်မအောင်ဆိုတာက နေပြည်တော်မှာပဲ စစ်ဆေးရတော့ အချိန် ကြန့်ကြာမှုတွေ ရှိတယ်။ ဒိတ်လွန်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ရန်ကုန်ဆို ရန်ကုုန်မှာပဲ နေ့ချင်းစစ်၊ မန္တလေးဆို မန္တလေးမှာပဲ နေ့ချင်းစစ်ဖို့ ဒီနေ့ ညွှန်ချူပ်က ပြောလိုက်တဲ့ အတွက် တော်တော်လေး အဆင်ပြေသွားပါတယ်။” ဟု ဧရာဝတီ သို့ ပြောသည်။ ရေသန့်များကို သတ်မှတ်စံညွန်းအတိုင်း FDA မှ စစ်ဆေးရာတွင် Standard Plate count 100 အောက် ရှိမှ စံချိန်မီပြီး FDA ထောက်ခံချက် ထုတ်ပေးကြောင်း၊ သို့သော် နောက်ပိုင်းတွင် မှောင်ခိုဈေးကွက် ပပျောက်ရန် နှင့် လုပ်ငန်းရှင်များ သတ်မှတ် စည်းကမ်းလိုက်နာ နိုင်ရန် အတွက် နိုင်ငံတကာ စံညွှန်းနှင့်လည်း ကိုက်ညီသည့် (Standard Plate count ) ၅၀၀ အောက် ရောက်ရှိရုံဖြင့် သတ်မှတ် စံနှုန်း ဖြင့် ကိုက်ညီကြောင်း ရေသန့်လုပ်ငန်းရှင်များသို့ ကြေညာခဲ့ကြောင်း သိရသည်။ FDA ၏ သတ်မှတ် စံချိန်မီ ရေသန့်လုပ်ငန်းများ၊ စံချိန်မမှီသဖြင့် ပြန်လည် စစ်ဆေးရသည့် ရေသန့်လုပ်ငန်းများ၏ နာမည် အသေးစိတ်ကိုမူ မသိရှိရပါ။ The post စံချိန်မမှီ ရေသန့်ထုတ်လုပ်သူ ၆၀ ကျော်ကို နေပြည်တော် FDA ခေါ်တွေ့ appeared first on ဧရာဝတီ.
Source : http://ift.tt/2ncVa7l
via IFTTT
No comments:
Post a Comment