Tuesday, November 28, 2017


ဘာလီလေဆိပ် ပိတ်ထားမည့် ကာလ ထပ်မံတိုးမြှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အာဂွန်မီးတောင် ပေါက်ကွဲမည့် အခြေနေ ဖြစ်ပေါ်လျက်ရှိပြီး မီးတောင်ပြာများ မှုတ်ထုတ် နေမှုကြောင့် ကျွန်း၏ အဓိကလေဆိပ်ဖြစ်သော ဂက်စတီငူရရိုင်း နိုင်ငံတကာလေဆိပ် ပိတ်ထားသည့် ကာလကို ထပ်မံ တိုးမြှင့်ထားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ လေယာဉ်အတက်အဆင်း ပြုလုပ်သည့် လမ်းကြောင်းများကို မီးတောင်ပြာများ ဖုံးလွှမ်းနေကြောင်း ဒေသခံလေကြောင်း အာဏာပိုင်များ ထံမှ အစီရင်ခံချက် အရ ဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မီးတောင်နှင့် ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာရှိ ဘာလီလေဆိပ်သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီအထိ ပိတ်ထားမည် ဖြစ်ကြောင်း ယင်းကြေညာချက်က ဆိုသည်။ ဘာလီနှင့် လေယာဉ်အတက်အဆင်း ရှိနေသည့် အခြားလေဆိပ် ၁၀ ခုမှာလည်း နီးစပ်ရာ ပြည်နယ်များ အပါအဝင် လေကြောင်းခရီးစဉ် အသီးသီး အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ သီးခြား သတိပေးချက် အရ မီးတောင်ပြာများ တညလုံး လွင့်ပျံလာမှုကြောင့် ကနဦးသတိပေးချက်အရ ခေတ္တပိတ်ထားခဲ့ရသည့် လွန်းဘော့လေဆိပ်မှာ ယခု ပြန်လည်ဖွင့်ထားပြီ ဖြစ်သည်။ အာဂွန်မီးတောင်သည် ဘာလီကျွန်း အရှေ့ပိုင်းတွင် ခန့်ညားထည်ဝါစွာ တည်ရှိပြီး မီတာ ၃၀၀၀ (ပေ ၉၈၀၀) မြင့်သည်။ တနင်္လာနေ့က မီးတောင်အနီးတွင် နေထိုင်ကြသူများအား ချက်ချင်း ရှောင်ရှားကြရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့ပြီး ယင်း မီးတောင်သည် ၅၄ နှစ် အတွင်း ပထမဆုံး အကြိမ် ကြီးကြီးမားမား လှုပ်ရှားလာမှုဖြစ်ကာ ပေါက်ကွဲလုနီးနီး အနေအထားတွင် ရှိနေသည်။ မီးတောင်ပတ်လည်ရှိ ၈ ကီလီလိုမီတာမှ ၁၀ ကီလိုမီတာဝန်းကျင် (၅ မိုင်မှ ၆ မိုင်) ကို သီးသန့်ဇုန် အဖြစ် သတ်မှတ်ပြီး လူသူများ ရှင်းလင်းထားသည်။ ၁၉၆၃ ခုနှစ်က အာဂွန်မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး မီးတောင်မှ ထွက်သည့် ချော်ရည်ပူများ၊ မီးတောင်ပြာများ၊ ချော်တုံးချော်ခဲများကြောင့် မီးတောင်ခြေရှိ ကျေးရွာများစွာ ပျက်စီးခဲ့ရသည်။ အင်္ဂါနေ့က အာဂွန်မီးတောင်တဝိုက်ရှိ ကျေးရွာများမှာ ပုံမှန် လှုပ်ရှားသွားလာလျက် ရှိပြီး ဒေသခံများက ရိုးရာဈေးများ အသင့်ပြင်ဆင်ခြင်း၊ မီးတောင်ပြာနှင့် မီးခိုးများ တလူလူထွက်နေသည့် မီးတောင်အတွက် ဝတ်ပြု ဆုတောင်းခြင်းများ ပြုခဲ့ကြသည်။ စက်တင်ဘာလက ပထမအကြိမ် သတိပေးချက်ကြောင့် ဒေသခံအတော်များများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ယခု တကြိမ် မီးတောင်လှုပ်ရှားမှု ထပ်မံ အရှိန်အဟုန် မြင့်တက်လာခြင်းကြောင့် ဒေသခံ အများအပြားမှာ အသက်အိုးအိမ် စည်းစိမ် အတွက် စိုးရိမ်ပူပန်နေရသည်။ အင်ဒိုနီးရှား မီးတောင်ဗေဒနှင့် ဘူမိသဘာဝဘေး ကာကွယ်ရေး စင်တာ (PVMBG) က မီးတောင်ဘက်သို့ ဒရုန်းများ လွှတ်ခြင်း၊ ဂြိုဟ်တုပုံရိပ် ဖမ်းယူခြင်းနှင့် အခြား စက်ကိရိယာများဖြင့် တိုင်းတာခြင်းများ ပြုလုပ်နေပြီး လွန်ခဲ့သော ၅၄ နှစ်တာ ကာလက စက်ကိရိယာများဖြင့် လေ့လာတိုင်းတာပြီး မှတ်တမ်းတင်ခဲ့ခြင်း မရှိသောကြောင့် ယခုတကြိမ် မီးတောင်အခြေအနေ ခန့်မှန်း တွက်ချက်ရန် ခက်ခဲနေသည်။ နောက်ဆုံး ပေါက်ကွဲမှုနှင့် အလားတူ ပေါက်ကွဲမှု ဖြစ်ခဲ့လျှင် တောင်ထိပ်ပေါ်တွင် လက်သီးဆုပ် ပမာဏထက် ကြီးမည့် ကျောက်တုံးများမှာ ၈ ကီလိုမီတာ (၅ မိုင်) အထိ လွင့်ထွက်လာပြီး မီးတောင်ဓာတ်ငွေ့မှာလည်း ၁၀ ကီလိုမီတာ (၆ မိုင်) အထိ ၃ မိနစ်အတွင်း ရောက်ရှိနိုင်သည်။ အာဂွန်တောင်ထိပ်၏ အရှေ့မြောက်ဘက်တွင် တိုင်းထွာ ရရှိသည့် လတ်တလော မှတ်တမ်းများ အရ အသင့်အတင့် အားပြင်းသည့် ဖိအားမှာ မီးတောင်၀ (မျက်နှာပြင်) ဘက်သို့ ညွှန်ပြနေကြောင်း PVMBG က ဆိုသည်။ ကိုးကား ။ ။ Reuters The post ဘာလီလေဆိပ် ပိတ်ထားမည့် ကာလ ထပ်မံတိုးမြှင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2BkdCxb
via IFTTT

No comments:

Post a Comment