ကနေဒီလုပ်ကြံခံရမှု လျှို့ဝှက်မှတ်တမ်းများကို ထုတ်ပြန်မည်ဟု သမ္မတထရမ့် ပြောကြား အမေရိကန် သမ္မတဟောင်း ဂျွန်အက်(ဖ်) ကနေဒီ လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် လျှို့ဝှက်မှတ်တမ်းများကို အများပြည်သူများသို့ ထုတ်ပြန်ပေးရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အဆိုပါ လျှို့ဝှက်မှတ်တမ်းများကို အောက်တိုဘာ ၂၆ ရက် (ကြာသပတေးနေ့)တွင် အမျိုးသားမော်ကွန်းတိုက်မှ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် အမေရိကန်သမ္မတကနေဒီသည် တက္ကဆက်ပြည်နယ် ဒါးလက်စ်တွင် စနိုက်ပါဖြင့် ပစ်သတ်လုပ်ကြံခံခဲ့ရသည်။ အမျိုးသားမော်ကွန်းတိုက်က ကနေဒီ လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် မှတ်တမ်းအများအပြားကို အများပြည်သူသို့ ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သော်လည်း ယနေ့တိုင် လျှို့ဝှက်ထားသောမှတ်တမ်းများ ကျန်ရှိနေသေးသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ လျှို့ဝှက်ထားဆဲဖြစ်သော ကျန်ရှိနေသေးသည့် မှတ်တမ်းများကို အများပြည်သူသို့ ချပြမည်ဟု သူ၏ အင်တာနက်အကောင့်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အမေရိကန်လွှတ်တော်က ကနေဒီနှင့် ပတ်သက်သော မှတ်တမ်းများအားလုံးကို သမ္မတက အမျိုးသားလုံခြုံရေးကို ထိခိုက်သည်ဟု မယူဆပါက ၂၅ နှစ်အတွင်း ထုတ်ပြန်ပေးရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ နောက်ထပ် ထုတ်ပြန်မည့် မှတ်တမ်းများမှာ သုံးထောင်ကျော်ရှိပြီး ယခင်က အများပြည်သူသို့ ထုတ်ပြန်ပေးခဲ့သော မှတ်တမ်းသုံးသောင်းကျော်မှာလည်း စာသားများ ပြုပြင်ထားခဲ့ကြောင်း သိရသည်။ ထရမ့်အနေဖြင့် အသစ်ထုတ်ပြန်မည့် မှတ်တမ်းများကို ပကတိအတိုင်း ထုတ်ပြန်မည်လော (သို့) စာသားများ ပြင်ဆင်ပြီး ထုတ်ပြန်မည်လောကိုမူ သေချာစွာ မသိရသေးပေ။ ကနေဒီကို လေ့လာထားသည့် ပညာရှင်များကမူ နောက်ဆုံးထုတ်ပြန်မည့် မှတ်တမ်းများတွင် အရေးကြီးသည်များ ပါနိုင်မည်မဟုတ်ဟု သုံးသပ် ထားကြောင်း သိရသည်။ ကနေဒီကို အမေရိကန် မရိန်းတပ်သားဟောင်း တစ်ဦးဖြစ်သူ Lee Harvey က လုပ်ကြံခဲ့ပြီး နှစ်ရက်အကြာတွင် Lee ကို ရဲအစောင့်အရှောက်ဖြင့် ဒါးလက်(စ်) ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် လူအုပ်အတွင်းမှ Jack Ruby သည် Oswald ကို အနီးကပ် သေနတ်ဖြင့် ပစ်ခဲ့ရာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ပြီး ကနေဒီ၏ အသက်ကို ကယ်တင်ရန် ကြိုးပမ်းခဲ့သည့် ဆေးရုံတွင်ပင် Oswald မှာလည်း သေဆုံးခဲ့သည်။ ထို့ကြောင့် အမေရိကန်ပြည်သူများတွင် ကနေဒီကို လုပ်ကြံရန် Oswald အား အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေက ခိုင်းစေခဲ့ပြီး Oswald ကိုလည်း စီအိုင်အေကပင် ပြန်လည်သုတ်သင်ခဲ့သည်ဟု ယုံကြည်သူများ ရှိနေသည်။ http://ift.tt/2hV3frM
Source : http://ift.tt/2hV3frM
via IFTTT
No comments:
Post a Comment