Tuesday, November 28, 2017


ကျောက်မဲမြို့ရှိ အမြောက်တပ် အနီး ပေါက်ကွဲမှုဖြစ်ပွား ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ အမြောက်တပ် (၃၅၂) အနီးတွင် ပေါက်ကွဲမှု ဖြစ်၍ အမြောက် တပ် ၏ ခြံစည်းရိုး အုတ်တံတိုင်း ပြိုကျမှု ဖြစ်ပွားကြောင်း သတင်း ရရှိသည်။ နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားသည့် အဆိုပါ ပေါက်ကွဲမှုကြောင့် လူအသေအပျောက် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း ကျောက်မဲမြို့ လူမှုရေး အဖွဲ့အစည်းတခုမှ ဒေသခံ ဦးတင်မောင်သိန်း က ပြောပြသည်။ ဒေသခံ ဦးတင်မောင်သိန်းက“မနေ့ည(နိုဝင်ဘာ ၂၇ ရက်)က ကျောက်မဲမြို့ အမှတ် ၃၅၂ အမြောက် တပ် ခြံစည်းရိုးအပြင်မှာ လက်လုပ်မိုင်း တလုံး ပေါက်ကွဲခဲ့တယ်။ ခြံစည်းရိုး အုတ်တံတိုင်း ပြိုကျတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ဒီနေ့ နံနက်မှာလည်း နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါမှာ အမြောက်တပ်နဲ့ မျက်နှာခြင်းဆိုင် နန္ဒမာလာပန်းခြံ ခြံစည်းရိုးခြုံအတွင်းမှာ အဝါ ပလတ်စတစ်ပုံးထဲမှာ ပေါက်ကွဲ ယမ်းနဲ့ သံတို သံစတွေ ထည့်ပြီး ပန်နာဆိုးနစ် 9v ဘက်ထရီ ၂ လုံးနဲ့ချိတ်ဆက်ထားတဲ့ မပေါက်ကွဲသေးတဲ့ လက်လုပ် မိုင်း တလုံးကို တွေ့ရတယ်”ဟု ပြောသည်။ နိုဝင်ဘာ ၂၈ ရက်တွင် တပ်မတော် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းမှုများ ပြုလုပ် ရာ အမြောက်တပ် ဂိတ် (၁)နှင့် မျက်နှာချင်းဆိုင် ၅၀၀ မီတာခန့် အကွာ လမ်းတဘက်ရှိ ကျောက်မဲမြို့ နန္ဒ မာလာ ပန်းခြံ၏ ခြံစည်းရိုး ခြုံပုတ်ထဲတွင်လည်း မပေါက်ကွဲသေးသော လက်လုပ်မိုင်း တခုကို ထပ်မံ တွေ့ရှိ ခဲ့ရ ကြောင်း ကျောက်မဲ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးကလည်း ပြောပြသည်။ ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် အမြောက်တပ် (၃၅၂)ကို ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ် ၍ မရပါ။ ကျောက်မဲမြို့ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူ မရှိသည့်အတွက် ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။ ထို့နောက် ကျောက်မဲမြို့ ရဲစခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင် အား ဆက်သွယ် သော်လည်း ဖုန်းပိတ်ထားခြင်း ကြောင့် တစုံတရာ မသိရှိခဲ့ရပေ။ ကျောက်မဲမြို့အနီး တဝိုက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သော ပလောင် (တအာင်း) အမျိုးသားများ လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) တို့ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။ သို့သော် ကျောက်မဲမြို့ရှိ အမြောက်တပ်(၃၅၂)၏ ခြံစည်းရိုးအနီး ပေါက်ကွဲမှုသည် TNLA အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း TNLA ဘက်က ငြင်းဆိုသည်။ TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အဲ့ဒီဘက်မှာ ကျနော်တို့ မရှိဘူး။ ကျနော်တို့ လှုပ်ရှားတာ မရှိဘူး။ ကျောက်မဲမြို့နယ် တဝိုက်မှာတော့ ကျနော် တို့ ရှိတယ်။ ကျောက်မဲမြို့ပေါ် မှာ တော့ ကျနော်တို့ မရှိဘူး။ အခု ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကျနော် တို့နဲ့ ပတ်သက်မှု မရှိပါဘူး။ ရန်ကုန် မှာ လည်း ဗုံးကွဲတာပဲလေ”ဟု ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်က ကျောက်မဲမြို့ ခရိုင်ရဲစခန်းသို့ လက်နက်ကိုင်အဖွဲ့ တဖွဲ့က လက်နက်ကြီး တမျိုးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ဖူး သကဲ့သို့ အမှတ်(၁) ရပ်ကွက်ရှိ အစိုးရအဖွဲ့၏ ဂိုဒေါင်ခြံစည်းရိုးတွင် အသေးစား လက်လုပ် မိုင်း တလုံး ပေါက်ကွဲခဲ့ဖူးကြောင်း ကျောက်မဲမြို့ ရဲ အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။ The post ကျောက်မဲမြို့ရှိ အမြောက်တပ် အနီး ပေါက်ကွဲမှုဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2Bv5wmo
via IFTTT

No comments:

Post a Comment