ခရီးသည်တင်ယာဉ်ပေါ် တွင် ညအိပ်စောင့်သူနှစ်ဦး ခြင် ဆေးခွေထွန်းပြီးအိပ်ပျော်နေစဉ် ကားမီးလောင်မှု ဖြစ်ပွားသဖြင့် အသက်(၁၃)နှစ်အရွယ် လူငယ်တစ်ဦးအပါအ၀င် ညအိပ်စောင့်သူနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ လှိုင်သာယာမြို့နယ် အလယ်ရွာကျေးရွာရှိ YBS (၅၃)ကား ဂိတ်တွင် ညအိပ်ရပ်နားထားသည့် အဆိုပါ ယာဉ်လိုင်းမှ ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌ မတ်လ ၂၈ ရက် ည ၁၁ နာရီခန့်က (၂၂) နှစ်အရွယ်ယာဉ်မောင်းနှင့် အဖော်လာအိပ်ပေးသူတို့ ခြင်ဆေးခွေထွန်းပြီး အိပ်ပျော်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ ထိုသို့ အိပ်ပျော်စဉ်ယာဉ်ပေါ်တွင် ထွန်းထားသည့်ခြင်ဆေးခွေအနီးရှိဆိုဖာကူရှင်များနှင့် ထိမိရာမှ မီးစတင်လောင်ပြီးမီးသတ်တပ်ဖွဲ့ က ငြိမ်းသတ်ခဲ့ရာ ၂၅ မိနစ်အကြာ၌ မီးငြိမ်းခဲ့ကြောင်း ရဲအရာရှိက ဆက်လက်ပြောသည်။ ကားမီးလောင်မှုကြောင့် ယာဉ်အတွင်းရှိ ဆိုဖာထိုင်ခုံများ၊ ရှေ့လေကာမှန်၊ပြတင်းမှန်နှင့် ယာဉ်အတွင်းခန်းစုစုပေါင်း ကျပ်ငါးသိန်းဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်တွင် အိပ်ပျော်နေသည့် ယာဉ်မောင်းဇော်ချစ်နှင့် အဖော်လာအိပ်သူ (၁၃) နှစ်အရွယ် ဝေလင်းအောင်တို့ ခန္ဓာကိုယ်အနှံ့မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း ၎င်းကဆိုသည်။
Source : https://ift.tt/2pQi6Iu
via IFTTT
No comments:
Post a Comment