အမေရိကန်သံတမန်များကို နှင်ထုတ်ကာ ကောင်စစ်ဝန်ရုံး ပိတ်ပစ်ခြင်းဖြင့် ရုရှားလက်တုံ့ပြန် ရုရှားသံတမန်များကို အမေရိကန်နှင့် ဗြိတိန်က စတင်နှင်ထုတ်ခြင်းကို လက်တုံ့ပြန်သည် အနေဖြင့် စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်မည်ဖြစ်ပြီး၊ သံတမန် ၆၀ကိုလည်း နှင်ထုတ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီ လက်ရော့ဗ်က ပြောသည်။ အလားတူ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကိုလည်း ဒု နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရက်ကောဗ်နှင့် တွေ့ဆုံရန် လည်း ဆင့်ခေါ်ထားကြောင်း၊ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်နှင့် တွေ့ဆုံအပြီးမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ ဗြိတိန်တွင် ခိုလှုံနေသည့် ရုရှား နှစ်ဖက်ချွန် ထောက်လှမ်းရေး သူလျှို အဆိပ်ခပ်ခံရပြီးနောက် ဗြိတိန်က ရုရှားသံတမန် ၂၃ဦးကို နှင်ထုတ်ခဲ့သလို ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်ကလည်း ဆီယက်တဲလ်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်ကာ ရုရှားသံတမန် ၄၈ဦးနှင့် ကုလသမဂ္ဂမစ်ရှင်မှ ၁၂ဦးကို နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ အလားတူ အမေရိကန်နှင့် ဗြိတိန်၏ နောက်လိုက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ သြစတြေးလျ၊ ဒိန်းမတ် အစရှိသည့် နိုင်ငံများ ကလည်း ရုရှားသံတမန် ၉၀ကျော်ကို နှင်ထုတ်သည်။ ထို့အတွက် အထက်ပါ အမေရိကန်နှင့် ဗြိတိန်၏ နောက်လိုက်နိုင်ငံများကိုလည်း ၎င်းတို့ နှင်ထုတ်သည့် ရုရှားသံတမန် အရေအတွက်နှင့် တူညီသည့် သံတမန် ဦးရေအချိုးအစားတိုင်း ဆက်လက်နှင်ထုတ်ဦးမည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး လက်ရော့ဗ်က ပြောသည်။ နှင်ထုတ်ခံ အမေရိကန်သံတမန်များသည် ဧပြီ ၅ရက်နေ့ မတိုင်မီ ရုရှားမှ ထွက်ရမှာဖြစ်သလို၊ စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးမှာလည်း မတ် ၃၁ရက်တွင် ပိတ်ရမှာဖြစ်သည်။ “ကျနော်တို့ကို ထိပါးတဲ့ လှုပ်ရှားမှုတွေကို ပြန်စဉ်စားဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားစေသည့် လုပ်ရပ်တွေကို ရပ်တန်ဖို့ အမေရိကန်အစိုးရကို ဖိတ်ခေါ်ကမ်းလှမ်းပါတယ်”ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားသည်။ ရုရှားရဲ့ အမေရိကန် သံတမန်တွေ နှင်ထုတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဋ္ဌာန ပြောခွင့်ရ ဟီသာနူးယက် က မိမိတို့၏လုံးဝတရားမျှတသည့်လုပ်ဆောင်ချက်ကို ရုရှားဘက်က တရားမျှတမှုကင်းမဲ့စွာ တုံ့ပြန်ခြင်းသာဖြစ်ကြောင်း စောဒကတက်သည်။ The post အမေရိကန်သံတမန်များကို နှင်ထုတ်ကာ ကောင်စစ်ဝန်ရုံး ပိတ်ပစ်ခြင်းဖြင့် ရုရှားလက်တုံ့ပြန် appeared first on ဧရာဝတီ.
Source : https://ift.tt/2E6n3RR
via IFTTT
No comments:
Post a Comment