ပဲခူးလူမှုရေးအသင်းမြေနေရာ အစိုးရဖယ်ခိုင်း၊ အသင်းက မဖယ်ဟု ပြန်လည်တုံ့ပြန် တောင်ငူ၊ မတ် ၂၅ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် တောင်သူစု ကျေးရွာအနီး အခြေစိုက်ကာ ပဲခူးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွက် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ကူညီဆောင်ရွက်ပေးနေသည့် ကလျာဏမိတ္တ လူမှုကူညီရေးအသင်းကို ယင်းတိုင်းအစိုးရက ဖယ်ရှားပေးရန် ညွှန်ကြားချက်ကို လက်မခံကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က တိုင်းဒေသကြီးအစိုးရအဖွဲ့က စာအမှတ် ၈/ ၂/ ၂၀/ ဦး ၆(၁၉၃၄)ဖြင့် ဝန်ကြီးချုပ် ကိုယ်စား ပဲခူးတိုင်း စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး လက်မှတ်ရေးထိုးထားသည့် ဖယ်ရှားပေး ရန် စာဖြင့်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ “အသင်းမြေနေရာကိုလည်း အရင်ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းလက်ထက်က မြေနေရာ ငှားရမ်းချထားပေးခဲ့တာဖြစ်ပြီး လက်ရှိပုံစံ ၁၀၅ လျှောက်ထားတယ်ဆိုပြီး ဝန်ကြီးချုပ်ဆီ စာတင်တဲ့ ဘုန်းကြီးကလည်း ဘာပိုင်ဆိုင်မှုမှ မပြနိုင်တဲ့အတွက် မဖယ်ရှားပေးနိုင်ကြောင်း စာပြန်တင်ပါမယ်။ အစိုးရအဖွဲ့က ပြန်ကြားစာပေါ်ကြည့်ပြီး တုံ့ပြန်မှုတွေ ဆက်လုပ်မယ်”ဟု ကလျာဏ မိတ္တလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့် ဆွေမြင့်(ခေါ်)ဦးကုလား က ပြောဆိုသည်။ ပဲခူးမြို့နယ် စကားဝါမြေ ကျီးတောင် တောရ ကျောင်းဆရာတော် ဒေါက်တာ ပညာသာမိက တောင်သူစုကျေးရွာအနီးရှိ အသင်းရုံးဆောက်လုပ်ထားသည့် ကွင်း အမှတ် ၆၄၀(ခ)၊ ဖဲဖောင်တော်ကွင်း၏ မြေကွက်အမှတ် (၁+၂) မြေတစ်ဧက ငှားရမ်း သုံးစွဲခွင့် လျှောက်ထားမှုနှင့် ပတ်သက်ပြီး ကားပါကင်ဆောက်လုပ်ကာ ဝင်ကြေးကောက်ခံရန် သင့်လျော်သည်ဟု ယူဆရသည့်အတွက် လူမှုရေးအသင်းကို သင့်တော်ရာနေရာသို့ ရွှေ့ဆိုင်းရန် အကြောင်းကြားထားကြောင်း ညွှန်ကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။ လက်ရှိ ယင်းနေရာကို အသင်းက မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့သို့ တစ်လလျှင် ၅၀၀၀ ကျပ်ဖြင့် တစ်နှစ်လျှင် ကျပ် ခြောက်သောင်း ပေးသွင်း၍ ငှားရမ်းထားခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ “နှစ်ပေါင်းများစွာ လူမှုရေးအသင်းကြီးကို ချထားပေးခဲ့တဲ့မြေနေရာ အနားမှာ ဘုရားတစ်ဆူရှိတယ်။ အဲဒီဘုရားက နောက်ပိုင်း ဘုရားဖူးလာတာ များတော့ ကျီးတောင်တောရ ကျောင်းဆရာတော်က ကားပါကင်လုပ်ပြီး ငှားရမ်းခယူဖို့ လုပ်ချင်တော့ ဝန်ကြီးချုပ်ဆီ စာတင်တာပါ။ ဒါကို အောက်ခြေမဆင်းဘဲ ဝန်ကြီးချုပ်က ညွှန်ကြားတာကို စည်ပင်ဝန်ကြီးက စာထုတ်ပြန်လိုက်တာပါ”ဟု ပဲခူးမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။ ပဲခူးမြို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းကို ၂၀၀၂ ခုနှစ်အတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အသင်းဝင် ၃၄၀၀ ခန့်ရှိကာ အဖွဲ့ဝင် ၅၀ နီးပါးဖြင့် နာရေးကိစ္စများ၊ လူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများသာမက ပညာရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။
Source : https://goo.gl/fCmhyb
via IFTTT
No comments:
Post a Comment