Monday, March 26, 2018


မော်လမြိုင်လေဆိပ် အဂတိလိုက်စားမှု ပေါ်ပေါက်၊ အရေးယူရန် လွှတ်တော်ထံတင်ပြ မော်လမြိုင်လေဆိပ် မန်နေဂျာအား အဂတိမှုဖြင့် အရေးယူရန် အစီအစဉ်ရှိမရှိ မွန်ပြည်နယ် လွှတ်တော်တွင် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မတ်လ ၂၃ ရက်ကကျင်းပသော ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်လမြိုင် လေဆိပ် နေရာတွင် ဆိုင်ခန်း ငှားရမ်းထားသော ငွေများ ပြည်သူ့ ဘဏ္ဍာသို့ အပြည့်အဝ မရောက်ရှိဘဲ ကွာဟနေမှုနှင့် ပတ်သက်၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေး၌ အထောက် အထားများနှင့်တကွ တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဦးထွန်းမင်းအောင် က “ကျနော့် ဆက်စပ်မေးခွန်းက တိုတိုလေးပဲ၊ ဒီလိုအဂတိဖြစ်နေတဲ့ဟာကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အရေးယူ ဆောင်ရွက်ဖို့ အစီအစဉ် ရှိမရှိ ဘာကြောင့် အဲ့ဒါ မေးရလဲဆိုတော့ ဝန်ကြီးချုပ်ပြောထားတယ်။ ဒီလိုမျိုး အဂတိတွေ မွန်ပြည်နယ်မှာ ပေါ်ပေါက်ရင် လုံးဝ လက်မနှေးဘူးဆိုပြီးတော့ သူပြောထားတဲ့ အတွက်ကြောင့် ကျနော်တို့ ဝန်ကြီးက လက်နှေးမှာ မဟုတ်ဘူး ဆိုပြီးတော့ ကျနော်က ဒီဟာတင်ပြခြင်းဖြစ်တယ်။ အချက်အလက် အထောက်အထားနဲ့တကွ တင်ပြခြင်းဖြစ်တယ်” ဟု တင်ပြသွားသည်။ မော်လမြိုင်လေဆိပ်၌ ဆိုင်ခန်းပေါင်း ၂၄ ခန်းနှင့်အထက် ရှိနေသော်လည်း ပြည်သူ့ ဘဏ္ဍာထဲသို့ ဆိုင်ခန်း ၂၄ ခန်း၏ ငှားရမ်းငွေကိုသာ ပေးသွင်းသည်ကိုတွေ့ရပြီး ကျန်ဆိုင်ခန်းငှားရမ်းခများ ပျောက်ဆုံးနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ရန် ရှိမရှိ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ ဦးထွန်းမင်းအောင်က တင်ပြခဲ့ခြင်းဖြစ်သည်။ ပြည်နယ်လွှတ်တော်သို့ စာရင်းပေးပို့ခဲ့သည့် ဆိုင်ခန်း ၂၄ ခန်း၏ ဌားရမ်းမှုများမှာ လစဉ်ငွေကျပ်၂ သောင်းခွဲဖြင့် တဆိုင်၊ ၃ သောင်းကျပ်ဖြင့် ၃ ဆိုင်၊ ၃ သောင်းခွဲဖြင့် ၁ ဆိုင်၊ ၄ သောင်းကျပ်ဖြင့် ၁၆ ဆိုင်၊ ၈ သောင်းကျပ်ဖြင့် ငှားရမ်းထားမှုနှစ်ဆိုင်၊ ၉ သောင်းကျပ်ဖြင့် ငှားရမ်းထားမှု ၁ ဆိုင် ရှိကြောင်းဖော်ပြထားသည်။ ယင်းဆိုင်ခန်းများမှာ တရားဝင်ငှားရမ်းသည့် မြေငှားရမ်းခအပြင် ဆိုင်တဆိုင်လျှင် အခွန်ငွေ ၃၀၀၀၀ ကျပ်ကို ၆ လတကြိမ် ကောက်ခံနေပြီး အခွန်ငွေကို ပြည်သူ့ဘဏ္ဍာထဲပေးသွင်းထားမှု ရှိ/မရှိကို ဖော်ပြထားခြင်းမရှိကြောင်း ဦးထွန်းမင်းအောင် က ဆိုသည်။ ဦးထွန်းမင်းအောင် က “လွှတ်တော်ကို ပို့ထားတဲ့ ဖြေတဲ့ဟာက ၂၄ ခန်း၊ ဖူးဖူးရေဆေးခုံဆိုတာ မပါဘူး၊ ဒါဟာ နှစ်နဲ့ချီပြီ၊ ခြောက်လကိုပဲ ၅၄၀၀၀၀၊ တစ်နှစ်ဆိုလို့ရှိရင် ၁၀ သိန်းနဲ့ ၈၀၀၀၀၊ နှစ်နှစ်ဆိုလို့ရှိရင် သိန်း ၂၀ နီးပါ။ ဒါဟာ ပျောက်နေပြီး၊ နောက်တစ်ခုက ဆိုင်တိုင်း ဆိုင်တိုင်း သုံးသောင်းတောင်းထားတယ်။ အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးက သူ့အောက်အဖွဲ့ ဌာနတွေကို စစ်ဆေး ရမယ်လေ” ဟု ပြောသည်။ အထက်ပါမေးခွန်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက မော်လမြိုင် လေဆိပ်တွင် ဆိုင်ခန်းငှားရမ်းထားမှုနှင့် ပတ်သက်၍ ဆိုင်ခန်းအရေအတွက် ၂၄ ခန်း ငှားရမ်းထားပြီး ယင်းဆိုင်ခန်းများအား စည်းကမ်းချက်များ သက်မှတ်၍ စာချုပ် ချုပ်ဆိုထားကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာသို့ မြန်မာ့ စီးပွားရေးဘဏ်ခွဲ (၂) တွင် ဆိုင်ခန်းငွေ ငှားရမ်းခငွေများ ပေးသွင်းလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ သို့သော်လည်း ထိုဖြေကြားချက်တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်များထဲမှ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းချက်များကို ဖြေဆိုသွားခြင်း မရှိသလို ဆိုင်ခန်း တခန်းချင်းစီ၏ စာချုပ် ချုပ်ဆိုထားသော စာရွက်စာတမ်းများကိုု လွှတ်တော်သို့ ပေးသွင်းခြင်း မရှိခဲ့ကြောင်းနှင့် လေဆိပ်မန်နေဂျာ အဂတိရှိနေမှုကို အရေးယူပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကိုလည်း တိကျသော အဖြေမပေးသွားကြောင်း ဦးထွန်းမင်းအောင်က ဆိုသည်။ The post မော်လမြိုင်လေဆိပ် အဂတိလိုက်စားမှု ပေါ်ပေါက်၊ အရေးယူရန် လွှတ်တော်ထံတင်ပြ appeared first on ဧရာဝတီ.
Source : https://ift.tt/2I6nUEB
via IFTTT

No comments:

Post a Comment