Friday, March 30, 2018


The Voice သတင်းထောက် သေဆုံးမှု အကြိမ်ကြိမ်တောင်းပန်၍ ကျေအေးပေးလိုက်ရဟုဆို တပ်မတော်သား တဦး၏ ကားဖြင့်တိုက်မိပြီး သေဆုံးခဲ့သည့် The Voice ဂျာနယ် အကြီးတန်း သတင်းထောက် ဦးတင်လင်း အမှုတွင် ကျူးလွန်သူ ဘက်မှ မိသားစုဝင်များက အကြိမ်ကြိမ် လာရောက် တောင်းပန်မှုကြောင့် မတ်လ ၂၈ ရက်နေ့တွင် အမှုအား ကျေးအေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဦးတင်လင်း၏ ညီမဖြစ်သူ ဒေါ်စန်းစန်းကြူက “အမေက ကျန်းမာရေး မကောင်းတော့ အမေ့အတွက် ကူညီပံ့ပိုးမှုတွေပေးမယ်။ ကိုကြီးအစား သားတွေရတယ်လို့ သဘောထားပါ။ အမေကြီးကို သားတို့ ကူညီပါရစေ။ တလတခါလည်း ပံ့ပိုးပါရစေလို့ ငိုပြီးတေ့ာအမေ့ကို ကျေအေးပေးဖို့ သူ့ညီကိုယ်တိုင်က လာတောင်းပန်တာ။ အမေကအဲဒီလိုတွေပြောတေ့ာ သားသမီးချင်း ကိုယ်ချင်းစာပြီး ကျေအေး ပေးလိုက်တာ” ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့တွင်နေထိုင်သည့် ဦးတင်လင်း၏ အသက် ၈၅ နှစ်အရွယ် မိခင်ဖြစ်သူမှာ နှလုံးရောဂါ အခံရှိပြီး သားဖြစ်သူ သေဆုံးမှုကြောင့် စိတ်သောကရောက်နေချိန်တွင် ကျူးလွန်သူဘက်မှ မိသားစုဝင်များက ၃ ကြိမ်တိုင် လာရောက် တောင်းပန်ကြောင်း ထို့နောက် အမှုကိုကျေအေးပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပုဗ္ဗသီရိ မြို့နယ်၊ နေပြည်တော် ဘူတာကြီးအနီးတွင် မတ်လ ၁၇ ရက်နေ့က ပုဗ္ဗသီရိ ဘက်သို့ သံလွင်လမ်းမကြီးအတိုင်း ဦးတင်လင်း မောင်းနှင် လာသည့် မော်တော် ဆိုင်ကယ်အား ဇေယျာသီရိမြို့နယ်၊ ကျန်းမာရေးနှင့် ရောဂါ နှိမ်နှင်းရေးတပ်မှ ဗိုလ်မှူး ကောင်းထူးလွင် မောင်းနှင် လာသည့် ကားက အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အခင်းဖြစ်ပွားခဲ့သည့် နေ့က ဗိုလ်မှူး ကောင်းထူးလွင်သည် ပျဉ်မနားဘက်မှ အမှတ် (၂) စစ်ဆေးရုံသို့ အပြန် အရပ်ဝတ်ဖြင့် သွားလာစဉ် ယဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ဦးတင်လင်းမှာ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဦးတင်လင်း သေဆုံးမှုနှင့် ပတ်သက်ပြီး လူသေမှု၊ ယာဉ်တိုက်မှုတို့ဖြင့် ဇေယျာသီရိမြို့နယ်၊ ကျန်းမာရေးနှင့် ရောဂါ နှိမ်နှင်းရေး တပ်မှ ဗိုလ်မှူး ကောင်းထူးလွင် ကို ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် နယ်မြေရဲစခန်းတွင် ကနဦး အမှုဖွင့် ထားသော်လည်း တပ်စည်းကမ်း အတိုင်း အရေးယူရန် အတွက် သက်ဆိုင်ရာ တပ်ရင်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အမှုဖွင့်ထားသော်လည်း ကာယကံရှင်၏ ဆန္ဒအရ၎င်းတို့ ကိုယ်တိုင်က အမှုအား ကျေအေးကြောင်းနှင့် အမှုပိတ်သိမ်းလိုပါက ဥပဒေအရ ခွင့်ပြု၍ ရကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သည့် ပုဗ္ဗသီရိနယ်မြေရဲစခန်းမှ ရဲအုပ် သောင်းထိုက်ဦးက ဆိုသည်။ ရဲအုပ် သောင်းထိုက်ဦး က “အမှုက ရုပ်သိမ်းပြီဆိုရင်တေ့ာ ထောင်မကျတေ့ာဘူး။ ကာယကံရှင်က အမှုကို ဆက်မလုပ်လိုတော့ဘဲ လူမှုရေးအရ ကျေနပ်တယ်ဆိုပြီး တင်ရင် ဥပဒေအရ ခွင့်ပြုချက်ရရင် ထောင်မကျဘူး။ အဲဒါ ရုပ်သိမ်းခွင့်ပြုလို့ရတယ်။ ရုပ်သိမ်းခွင့်ပြုလို့ရတဲ့ အမှုအမျိုးအစားလည်း ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါအမှုကို ဦးတင်လင်း၏ မိခင်ကြီးဆန္ဒအရ မိခင်ကြီးအပါအဝင် မိသားစုဝင် ၃ ဦး၊ ရပ်မိရပ်ဖများ၊ ရပ်ကွက် အုပ်ချူပ်ရေးမှူး တို့က မတ်လ၂၈ ရက်က အမှုကို ကျေအေးကြောင်း ဦးတင်လင်း၏ မိခင်နေအိမ်တွင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ The Voice မှ အမှုဆောင် အယ်ဒီတာ ကိုအောင်စိုး က“ အမေကြီးရဲ့ ဆန္ဒအရ ကျေအေးပေးလိုက်တာပါ။ အမေကြီးရဲ့ ဆန္ဒကိုပဲ ဖြည့်ပေးရမယ့် တာဝန်ရှိတယ်လေ။ အမေကြီးရဲ့ ဆန္ဒကို လွန်ဆန်ပြီးတေ့ာ ကျနော်တို့က ဘာမှလုပ်ပိုင်ခွင့် မရှိပါဘူး” ဟု ပြောသည်။ ယင်းဖြစ်စဉ်မှာ အရက်ဖက်တွင် ဖြစ်သည့်အတွက် အရပ်ဖက်တရားရုံး၌ ရင်ဆိုင်ရမည်ဖြစ်ပြီး တပ်မတော်သား ဖြစ်သည့် အတွက် တပ်အားပြန်လည် လွှဲပြောင်းပေးရန် ဥပဒေ၌ မပါရှိကြောင်းနှင့် ယာဉ်တိုက်သည့်အတွက် လူသေမှု ဖြစ်သဖြင့် အရပ်ဖက် တရားရုံးတွင် ရင်ဆိုင်ရမည်ဖြစ်သည်ဟု နေပြည်တော်ရှိ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညိုက ဆိုသည်။ ဦးခင်မောင်ညိုက “မမျှော်လင့်ပဲ မတော်တဆဖြစ်တဲ့ အတွက် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ကိစ္စ မဟုတ်တာကြောင့် ရုပ်သိမ်းပေးလို့ ရပါတယ်။ ရုပ်သိမ်းပေးရင် ထောင်မကျဘဲ လွှတ်ပေးလို့ရပါတယ်။ တဖက်ပုဂ္ဂိုလ်ကလည်း နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ပညာရှင်တဦး ဖြစ်နေတော့ အပေါ်ရုံးကလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။ ကာယကံရှင် ကျေနပ်ဖို့ပဲလိုတာပါ” ဟု ၎င်းကပြောသည်။ ယာဉ်မတော်မဆ ဖြစ်မှုတွင် ဆရာဝန် တဦးမှ ယာဉ်တိုက်ပြီး ထွက်ပြေးသွားသည့်အတွက် ပြည်သူများအကြား ဝေဖန်မှုများရှိခဲ့သည်။ Frontier Myanmar နေပြည်တော် တာဝန်ခံ ဦးဉာဏ်လှိုင်လင်း က “ကာယကံရှင် မိသားစုကျေအေးတာနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမယ့် တပ်မတော်ဘက်က ကျူးလွန်သူကို တခုခုတော့ အရေးယူသင့်တယ်။ ဘာကြောင့်လဲဆိုတေ့ာ သာမန်တိုက်ပြီး ထွက်ပြေးတယ်။ ထွက်ပြေးတာမှ တော်တော်လေးကို လိုက်ဖမ်းရတယ်” ဟု ပြောသည်။ ဆက်လက်၍ ၎င်းက “စစ်ဘက်ဆိုင်ရာက ဆရာဝန်တယောက်လည်း ဖြစ်တာကြောင့် သူ့ရဲ့အပြုအမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အရေးယူသင့်တယ်လို့ မြင်တယ်။ အရပ်သား သတင်းထောက် တယောက်ကားနဲ့ အတိုက်ခံရတယ်။ ဒါပေမယ့် ထင်သာမြင်သာ သူ့ကို အရေးယူမှုမရှိဘူး။ ဒီလိုနမူနာမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် တပ်မတော်အပေါ် တိုင်းပြည်က အထင်လွဲမှုက တော်တော်နဲ့ပြီးဆုံးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။ သေဆုံးသူ ဦးတင်လင်းသည် ပုဗ္ဗသီရိ မြို့နယ်တွင် တစ်ဦးတည်း အိမ်ငှားရမ်းနေထိုင်သူဖြစ်ပြီး သတင်းထောက်လုပ်သက် ၁၅ နှစ်ကျော် ရှိပြီ ဖြစ်ကာ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ကွမ်းခြုံကုန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခဲ့ဖူးသည်။ ဆက်စပ်ဖတ်ရှုရန် – The Voice သတင်းထောက် သေဆုံးခဲ့သည့် ယာဉ်တိုက်မှုကို တပ်မတော်က စစ်မည် The post The Voice သတင်းထောက် သေဆုံးမှု အကြိမ်ကြိမ်တောင်းပန်၍ ကျေအေးပေးလိုက်ရဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2pTCuHV
via IFTTT

No comments:

Post a Comment