ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ နဝဒေးလမ်းပေါ်တွင် မတ်လ ၂၃ ရက် ည ၇ နာရီခန့်က အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်အတူ အသက် ၂၆ နှစ်အရွယ် ၎င်း၏ဖခင်ဖြစ်သူတို့ ဓားခုတ်ခံခဲ့ရကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ ဓားခုတ်ခံရမှုကြောင့် အသက် ၂ နှစ်အရွယ် မိန်းကလေးတွင် ဦးခေါင်းထိပ် ဆံစအနီး ပြတ်ရှဒဏ်ရာတစ်ချက်၊ နဖူးဘယ်ဘက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်နှင့် အသက် ၂၆ နှစ်အရွယ် ဖခင်တွင် ဦးခေါင်းထိပ်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ကျောပြင်တွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ “အိမ်နီးနားချင်းတွေ စရင်း နောက်ရင်းနဲ့ စကားများရန်ဖြစ်တာ၊ ဖြစ်တာကတော့ လူကြီးချင်းဖြစ်တာ၊ ကလေးက ဘယ်လိုနဲ့ ဘယ်လို ခုတ်ခံရ တာလဲဆိုတာ စစ်ဆေးဆဲမို့ တိတိကျကျ မသိရသေးဘူး၊ ပြစ်မှုကျူးလွန်တဲ့သူကို လည်း မနေ့က ဖမ်းဆီးအရေးယူထား တယ်။ ဓားခုတ်ခံရတဲ့သူနှစ်ဦးကလည်း မစိုးရိမ်ရတော့ပါဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ ဓားခုတ်ခံရသူ အသက် ၂၆ နှစ် အရွယ် ဝင်းကိုဝင်း(ခ)အငယ်လေးနှင့် ၎င်း၏အစ်ကိုဖြစ်သူတို့သည် ယင်းနေ့ ညနေ ၄ နာရီခွဲခန့်က ပြစ်မှုကျူးလွန် သည်ဟုဆိုသော အသက် ၂၆ နှစ်အရွယ် မျိုးမင်းအောင် (ခ) ဘောကြီးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ကို မကျေနပ်သဖြင့် သွားရောက်ဆဲဆိုစဥ် ဓားနှင့် လိုက်ခုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဓားနှင့် လိုက်ခုတ်သည်ဟုဆိုသော အသက် ၂၆ နှစ်အရွယ် မျိုးမင်းအောင်(ခ)ဘောကြီးကို စက်ဆန်းနယ်မြေရဲစခန်းက (ပ)၇၉/ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ / ၃၂၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။
Source : https://goo.gl/tqQmjV
via IFTTT
No comments:
Post a Comment