သမ္မတ ဦးဝင်းမြင့် ဘယ်လိုလူလဲ “ထောက်ခံဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်း ကြေညာပါတယ်။ ဆက်လက်ပြီး ထောက်ခံဆန္ဒမဲ ဒုတိယ အများဆုံးရရှိတဲ့ ဦးမြင့်ဆွေနဲ့ တတိယ အများဆုံး ရရှိတဲ့ ဦးဟင်နရီဗန်ထီးယူ တို့ကို ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြောက်ကြောင်း ကြေညာပါတယ်” ယနေ့ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဦးဝင်းမြင့်၊ ဒုသမ္မတ (၁) ဦးမြင့်ဆွေ၊ ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တို့သုံးဦးကို လျှို့ဝှက်မဲပေး ရွေးချယ်ခဲ့ကြရာ ဦးဝင်းမြင့်က မဲများစုအသာဖြင့် အနိုင်ရရှိသွားပြီးနောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း ကြေညာလိုက်ပါတယ်။ မဲစတင်ပေးတဲ့ အချိန်မှာပဲ သမ္မတလောင်း ဦးဝင်းမြင့်နဲ့ လွှတ်တော်ရှေ့ဆုံးတန်းမှာ ထိုင်နေသူအားလုံး မဲထည့်ခွင့်ရပြီး အတန်းလိုက် မဲထည့်ကြရပါတယ်။ အဲဒီလို မဲပေးရာမှာ မဲပေးခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၆ ဦးမှာ ၆၃၆ ဦး မဲထည့်ကြပါတယ်။ မဲရွေးချယ်ပွဲကို ၂ နာရီဝန်းကျင် ကျင်းပပြီး ဦးဝင်းမြင့်ဟာ မဲ အရေအတွက် ၄၀၃ မဲ ရရှိခဲ့ပါတယ်။ သူ့နောက်က ဦးမြင့်ဆွေက ၂၁၁ မဲ၊ ဦးဟင်နရီ ဗန်ထီးယူက ၁၈ မဲ အသီးသီး ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ သမ္မတ ရွေးချယ်ပွဲတုန်းက အခု နုတ်ထွက်သွားခဲ့တဲ့ ဦးထင်ကျော်က မဲအရေအတွက် ၃၆ဝ၊ ဦးမြင့်ဆွေက ၂၁၃၊ ဦးဟင်နရီဗန်ထီးယူက ၇၉ ရရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဦးဝင်းမြင့်က သမ္မတဟောင်း ဦးထင်ကျော်ထက် ထောက်ခံမဲ အရေအတွက် ပိုများတာကို တွေ့ရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံလည်း ဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့သူ ဦးဝင်းမြင့်ဟာ အခုဆို မြန်မာနိုင်ငံရဲ့၁၀ ဦးမြောက် သမ္မတ ဖြစ်လာပါပြီ။ “မီဒီယာတွေအားလုံး ကျေးဇူးပါပဲခင်ဗျ၊ ကျနော် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပြည်သူ့တာဝန် ကျေပွန်အောင် ထမ်းဆောင်ပါမယ်”လို့ သမ္မတ ဦးဝင်းမြင့်က လွှတ်တော်အဆောက်အဦက ပြန်လည်ထွက်ခွာချိန် ကားပေါ်က လက်ပြနှုတ်ဆက်ပြီး ပြောဆိုသွားပါတယ်။ ဦးဝင်းမြင့်ရဲ့ အတိတ်ကောက်ကြောင်း လက်ရှိ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းဟာ ဦးဝင်းမြင့်နဲ့ တမြို့တည်သား ဖြစ်ပြီး ဦးဝင်းမြင့်ရဲ့ ဇနီး ဖြစ်သူ ဒေါ်ချိုနဲ့ ဆွေမျိုးတွေလို ဖြစ်နေတာကြောင့် ဦးဝင်းမြင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ဖို့ လိုတဲ့အခါ သူဟာ ဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ် ဖြစ်လာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး ပါတီရုံးခန်းငှားဖို့ တလ ၁ သိန်းပေးတာတောင် ငှားမယ့် လူ မရှိလို့ ၎င်းကိုယ်တိုင် တာဝန်ခံပြီး အာဏာပိုင်တွေ ပြဿနာရှာလာရင် သူ့ကိုသာ လွှဲချဖို့ သဘောတူညီချက်နဲ့ အခန်းတခု ရခဲ့တယ်လို့ ဦးဝေလှိုင်ထွန်းက ဆိုပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးဝင်းမြင့် အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လွှတ်တော်ထဲကိုရောက် ရှိသွားပြီး သူရ ဦးရွှေမန်းတာဝန်ပေးတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ ဖြစ်လာတဲ့အခါ ဦးဝင်းမြင့်က အတွင်းရေးမှူး အဖြစ် ပိုပြီး နီးကပ်သွားခဲ့ပါတယ်။ “သူက အဲဒီအချိန်တုန်းက NLD စီအီးစီထဲမှာ အသက်အငယ်ဆုံးပဲ။ အလုပ် အရမ်းလုပ်လို့ ဒေါ်စုက သဘောကျတယ်။ ထက်ထက်မြက် မြက် ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဦးဝင်းမြင့်ကို ခိုင်းရင် အလုပ်ပြီးတယ်။ ဒေါ်စုကလည်း အလုပ်လုပ်တဲ့သူ၊ တော်တဲ့သူကိုပဲ ခေါ်တာ”လို့ ဦးဝေလှိုင်ထွန်းက ဆိုပါတယ်။ ဦးဝင်းမြင့်ဟာ ဧရာဝတီတိုင်း၊ ပုသိမ်မှာပဲ ၁၀ တန်းအောင်ပြီး တက္ကသိုလ်ကနေ ဘူမိဗေဒဘွဲ့ ရရှိခဲ့တယ်။ ဘွဲ့ရပြီး တဲ့နောက် အစိုးရ ဝန်ထမ်းလုပ်ဖို့ အခွန် ဦးစီးမှူးဖြစ်ဖို့ အလုပ်ဝင်လျှောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒါကြောင့် ဥပဒေဘွဲ့ ထပ်ယူ ပြီး ရှေ့နေဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ နိုင်ငံရေးလောကထဲကို ရောက်ရှိသွားတယ်လို့ သိရပါတယ်။ “၈၈ နောက်ပိုင်းမှာ နိုင်ငံရေးလုပ်တော့ စီးပွားပျက်တာပဲ။ ဓနုဖြူက အိမ်ကို ရောင်းလိုက်ရတယ်။ သူ နောက်ဆုံးတကြိမ် ထောင်ကျတော့ သားက တိုက်ဖိုက်ရောဂါနဲ့ အသည်းအသန်ဖြစ်တယ်။ သူ့သား အသုဘချမှ ထောက်လှမ်းရေးက ခဏ ပြန်လွှတ်ပေးခဲ့တာ”လို့ ဦးဝေလှိုင်ထွန်းက ပြောပါတယ်။ အသုဘအတွက် အိမ်ကို ခဏ ပြန်လာတဲ့ ဦးဝင်းမြင့်ကို ဇနီးသည် ဒေါ်ချိုဟာ ရုတ်တရက် မမှတ်မိခဲ့ပါဘူး။ ပိန်ချုံးပြီး အရင်ရုပ် ဖမ်းလို့ မရအောင် ရုပ်ပျက်နေခဲ့တယ်လို့ ဒေါ်ချိုက ဦးဝေလှိုင်ထွန်းကို ပြန်ပြောပြခဲ့ပါတယ်။ အဲလို ပြန်လွှတ်ပေးတဲ့အချိန်မှာပဲ ဦးဝင်းမြင့် ပါတီက နုတ်ထွက်ရင် မော်တော်ကားပါမစ်၊ တီးအီးကားကြီးတစီးနဲ့ သယ်ဆောင်လာတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ပေးမယ်လို့ စည်းရုံးခဲ့ပေမယ့် ဦးဝင်းမြင့်က ငြင်းပါတယ်။ ရလဒ်က သားဖြစ်သူ အသုဘလည်းပြီး ထောင်ထဲကိုပဲ ပြန်ပို့ခံရပါတယ်။ “အသုဘပြီးတော့ ထောင်ထဲမှာ တိုက်ပိတ်ခံခဲ့ရတယ်။ ကျွေးတဲ့ ထမင်းနဲ့ ပေးတဲ့ရေက အဆင်မပြေပေမယ့် မသေအောင် သူ ကြိတ်မှိတ် စားခဲ့ရတယ်။ အဲဒီတိုက်ထဲမှာ လေငန်းမဖြစ်အောင် သူတော်တော် ကြိုးစားခဲ့ရတယ်။ အဲဒီအချိန်မှာ ထောင်ထဲကို ICRC က လာ စစ်တော့ သူ့နာမည် မေးတဲ့အခါ ထောင်က မရှိဘူးလို့ လိမ်ခဲ့တယ်”လို့ ဦးဝေလှိုင်ထွန်းက ပြန်ပြောပြပါတယ်။ အဲဒီလိုနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ထောင်က ပြန်တဲ့အခါမှာ ဦးဝင်းမြင့်ကို ထောင်ထဲကထုတ်၊ ရန်ကုန်က ရဲမွန်ကို ပို့ပြီး ထမင်းဟင်းကောင်းကောင်း ကျွေး၊ ကျန်းမာရေး စောင့်ရှောက်မှုတချို့ပါပေးခဲ့လို့ ပိန်ချုံးပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ဦးဝင်းမြင့်တယောက် သေဘေးက လွတ်ခဲ့ရပါ တယ်။ ဦးဝင်းမြင့် ပုံမှန် ပြန်ဖြစ်လာလို့ ICRC ကို ခေါ်ပြီး တွေ့ခွင့်ပေးခဲ့တဲ့အချိန်မှာတော့ ဦးဝင်းမြင့်ကို အဲဒီအဖွဲ့က သူတို့ သိချင်တာတွေ မေးပါတော့တယ်။ ဦးဝင်းမြင့်ကလည်း ဒီနေရာမှာ ပြောလို့ အဆင်မပြေလို့ ထောင်ထဲက ကွင်းကြီးတခုဆီကို လိုက်နိုင်ရင် ပြောပြမယ်လို့ ဆိုတဲ့အခါ ICRC က လူတွေဟာ ခုံတွေမပြီး ဦးဝင်းမြင့်နောက်ကို လိုက်ခဲ့ကြပါတယ်။ ဘာလို့ဆိုရင် ထောင်က စီစဉ်ပေးတဲ့နေရာက အသံဖမ်းစက်တွေ ပြည့်နေလို့ပါပဲ။ အဲဒီလိုနဲ့ ဦးဝင်းမြင့်ကို နိုင်ငံရေးက ထွက်အောင် မစည်းရုံးနိုင်ခဲ့လို့ သူ့မိသားစုဝင်တွေ ဖြစ်တဲ့ ဇနီး ဒေါ်ချို၊ ကလေး ၂ ယောက်ကိုလည်း စည်းရုံးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒုတိယနှစ် တက်နေတဲ့ သားကို နေမကောင်းရင် ဆေးကုဖို့ ပိုက်ဆံလိုရင် ပြောဖို့၊ ဆေးကုပေးမယ်ဆိုပြီး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ချိုကတော့ ခင်ပွန်းဖြစ်သူရဲ့ ရပ်တည်ချက်အတိုင်းပဲလို့ တုန့်ပြန်ခဲ့ပါတယ်။ သမီးကြီးဖြစ်သူကိုလည်း စည်းရုံးလို့ မရတဲ့အခါ အလုပ်တွေမှာ အဆင်မပြေအောင် လိုက်နှောက်ယှက်တာကြောင့် နောက်ဆုံးမှာ စင်ကာပူနိုင်ငံကို ထွက်သွားခဲ့ရပြီး ရတဲ့ဝင်ငွေနဲ့ မိသားစုကို ပြန်လည်ထောက်ပံ့ပေးခဲ့ရတာပါ။ ဒီဇာတ်လမ်းတွေကို ပြန်ပြောပြခဲ့တဲ့ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းဟာ ဇာတ်လမ်း မပြီးခင်မှာ ၃ ကြိမ်ထက် မနည်း မျက်ရည်တွေ ကျခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးနောက် အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းမြင့်ဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတဲ့ အခါ တဦးတည်း ကျန်တော့တဲ့ သမီးဖြစ်သူ မင်္ဂလာဆောင်ကို မည်သည့် မင်္ဂလာ လက်ဖွဲ့ကိုမှ လက်ခံခြင်း မပြုလို့ ဆုံးဖြတ်ချက်ကို ဦးဝင်းမြင့် ကိုယ်တိုင် ချခဲ့တာလို့ သမက်ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ဆိုပါတယ်။ အဲဒီ မင်္ဂလာဆောင်ကိုတောင် ဟိုတယ်မှာ ခမ်းခမ်းနားနား မလုပ်ဘဲ အကျဉ်းချုံး ကျင်းပဖို့ အထိ ဆုံးဖြတ်တာကြောင့် ဇနီးဖြစ်သူ ဒေါ်ချိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် အကူအညီတောင်းလို့ မင်္ဂလာပွဲကို သင့်တင့်အောင် ကျင်းပနိုင်ခဲ့တာလို့ သိရပါတယ်။ “သူက ဆုံးဖြတ်ပြီးရင် ပြန်ကို မပြင်ဘူး။ သူမှန်တယ်ထင်ရာ လုပ်တတ်တော့ ဒေါ်ချိုက မင်္ဂလာဆောင်ကိစ္စမှာ ဒေါ်စုကို သွားပြောရတယ်။ ဒေါ်စု ပြောရင်တော့ သူ(ဦးဝင်းမြင့်) နားထောင်တယ်”လို့ ဦးဝေလှိုင်ထွန်းက ပြောပါတယ်။ ဦးဝင်းမြင့်ကို ဘယ်လို မြင်ကျသလဲ လွှတ်တော် ဥက္ကဌ တာဝန်ကို ၂ နှစ်တိတိ ယူခဲ့တဲ့ ဦးဝင်းမြင့်ကို NLD ပါတီက အမတ်တွေတောင် သဘောမကျပါဘူး။ အကြောင်းက တော့ ပြောစရာရှိရင် ဘယ်သူ့မှ မညှာဘဲ ပြတ်ပြတ်သားသား ပြောလို့ပဲ ဖြစ်ပါတယ်။ အရပ်စကားနဲ့ ဆိုရင်တော့ အဆူခံရတာပေါ့။ လွှတ်တော်ထဲမှာ ဂျာနယ်ဖတ်တာကအစ အကျီ်အရောင် မအပ်စပ်ဘဲ ဝတ်တာအဆုံး ဥပဒေနဲ့ မညီရင် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို အားမနာစတမ်း ပြောလို့ပါပဲ။ အဲဒီလို အပြောကောင်းလို့လည်း မအူပင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းဆိုသူဟာ NLD ပါတီကပါ နုတ်ထွက်ပြီး လယ်သမားအရေး အခြေပြုတဲ့ ပါတီတခုတောင် သီးခြားထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် အကောင်းမြင်သူတွေကတော့ ဦးဝင်းမြင့်အခုလို အမိုက်ခံပြီး လွှတ်တော်ကို ထိန်းကျောင်းပါတယ်။ ဦးဝင်းမြင့်နဲ့ လွှတ်တော်ထဲမှာ အပြန်အလှန် အခြေအတင် စကားများခဲ့တဲ့ ရခိုင် ANP ပါတီက မြောက်ဦးအမတ် ဦးဦးလှစောကလည်း အဲဒီအချက်ကို သဘောတူပါတယ်။ “သူက အဲဒီ ၂ နှစ် ကာလ အတွင်းမှာ လွှတ်တော်ကိုပဲ မောင်းနှင်နိုင်ဖို့ ကြိုးစားခဲ့တာ။ တချို့နေရာမှာလည်း ကြမ်းချင်လည်း ကြမ်း မှာပေါ့။ ဒါပေမယ့် လွှတ်တော်ကိုလည်း မောင်းနိုင်ခဲ့တယ်။ တပ်မတော်၊ တိုင်းရင်းသားတွေနဲ့ NLD အမတ်တွေကို ထိန်းဖို့ ကြိုး စားနိုင်ခဲ့တယ်”လို့ ၎င်းက မှတ်ချက်ချပါတယ်။ လွှတ်တော်မှာ ဝန်ကြီးဌာနတွေရဲ့ ဖြေဆိုမှုတွေကို အားမရတဲ့အခါ ပြန်လည် ပြုပြင်ပေးတာ၊ ဖိအားပေးတာတွေက တိုင်းပြည်အတွက် အကျိုးရှိပြီး အဆိုတွေကို မတိမ်းစောင်းအောင် လုပ်နိုင်ခဲ့ပေမယ့် အနောက်တံခါး ပြဿနာ ဖြစ်တဲ့ ရခိုင်အရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ကိုတော့ ကျွမ်းကျင်လိမ္မာတဲ့သဘော ရှိပုံမရဘူးလို့ ဦးဦးလှစောက သုံးသပ်ပါတယ်။ “၂၀၁၆ မတ်ကတည်းက အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကို သူကိုယ်တိုင် လုပ်မယ်၊ ကျမကိုယ်တိုင် ကိုင်တွယ်မယ်လို့ ကျ နော်တို့ကို ပြောခဲ့တယ်။ အဲဒါကြောင့် ရခိုင်အရေးမှာတော့ သူ (ဦးဝင်းမြင့်) ထိထိရောက်ရောက် ပါရမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဝန်ကြီးဌာနတွေကိုတော့ ခပ်တင်းတင်းလေး ကိုင်လိမ့်မယ်လို့ ထင်တယ်”လို့ ဦးဦးလှစောက ပြောပါတယ်။ ဦးဦးလှစော ပြောသလို ဦးဝင်းမြင့်ဟာ လွှတ်တော် ဥက္ကဌ တာဝန်ထမ်းဆောင်ရင်း ဝန်ကြီးဌာနများရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိနေပြီး ဖြစ်လို့ ၎င်း သမ္မတ ဖြစ်လာသည့်အခါ ၎င်းရဲ့ သြဇာနှင့် ရပ်တည်မှုကို ပြသနိုင်ဖို့ ဝန်ကြီးဌာနတွေကို တင်းတင်းကျပ်ကျယ် ကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်ကြသူတွေလည်း ရှိပါတယ်။ နိုင်ငံရေး သမားတဦးဖြစ်သူ ဦးမြအေးကတော့ “ပြည်သူ့လွှတ်တော်မှာ ၂ နှစ်လောက် ကြပ်ကြပ်မတ်မတ်နဲ့ ဦးဆောင်နိုင်စွမ်းရှိတယ် ဆို တာကို ဖော်ပြခဲ့ပြီး ဖြစ်တယ်။ သူ သမ္မတ ဖြစ်လာရင် သူ့ရဲ့ရှိတဲ့ အရည်အချင်းတွေနဲ့ တတ်နိုင်သလောက် လုပ်ကိုင်ဆောင်ရွက်သွားလိမ့် မယ်လို့ မြင်တယ်။ သြဇာလွှမ်းမိုးမှုလည်း တစုံတရာ ရှိတဲ့လူဖြစ်တဲ့အတွက်ကြောင့်မိုလို့ အခြေအနေ တစုံတခုတော့ တိုးတက် ေ ပြာင်းလဲလာနိုင်လိမ့်မယ်”လို့ ပြောပါတယ်။ မူဝါဒရေးရာ သုံးသပ်သူတဦးဖြစ်တဲ့ ဦးတင်မောင်သန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးထင်ကျော်ကို ရွေးခဲ့တုန်းက အထိမ်းအမှတ် သဘောမျိုးထားဖို့ ရည်ရွယ်ချက်နဲ့ ရွေးခဲ့တာဖြစ်ပြီး ဦးဝင်းမြင့်ကတော့ သူရဲ့ လုပ်ရည်ကိုင်ရည်၊ ရာထူး အနေအထား၊ ပါတီတွင်း တာဝန် ယူမှု အခြေအနေတွေအရ ဦးဝင်းမြင့်ဟာ ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ သူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းမြင့်ကို တင်လိုက်ခြင်းအားဖြင့် သူဟာ ဦးထင်ကျော်ကို ရည်ရွယ်ခဲ့တဲ့ ရည်ရွယ်ချက်မျိုး မဟုတ်ဘူးလို့ ပြောလို့ရတယ်။ ကျနော်ကတော့ လစ်ဟာနေတဲ့ နေရာတွေမှာ ဝင်ရောက်ကိုင်တွယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တယောက်ကို ရွေးချယ်တယ်လို့ မြင်တယ်”လို့ သင့်ဘဝ မဂ္ဂဇင်းရဲ့ အယ်ဒီတာဟောင်းတဦးဖြစ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က တိုင်းပြည်မှာ ရှေ့နေတယောက် သမ္မတဖြစ်လာရင် တရားဥပဒေ စိုးမိုးရေး ပိုဖြစ်ထွန်းလာနိုင်ပြီး အမေရိကန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ သမ္မတ အများစုဟာ ရှေ့နေတွေ ဖြစ်ကြောင်း၊ အဲဒီအခါမှာ ၎င်းတို့ဟာ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက် တဲ့အခါမှာပဲ ဖြစ်ဖြစ် ဥပဒေနဲ့ညီအောင် လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ “အခု ရှေ့နေတယောက်က သမ္မတ ဖြစ်လာပြီဆိုရင် တိုင်းပြည်မှာ တရား ဥပဒေ စိုးမိုးရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးတို့ တော် တော်လေး ပီပြင်ပြီး အကောင်အထည်ပေါ်လာလိ့မ်မယ်။ ဦးဝင်းမြင့်က ဝန်ကြီးဌာနတွေမှာလည်း ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို ခွင့်ပြုမှာ မဟုတ်တော့ဘူး။ သူက ဥပဒေသမား ဖြစ်တဲ့အတွက် သူ အကုန်ချမှာ”လို့ ၎င်းက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းမှာ ဥပဒေသမား အုပ်ချုပ်တဲ့ကာလက ရက်ပိုင်းလောက်သာ ရှိခဲ့ပြီး ၁၉၆၂ နောက်ပိုင်းမှာ သမ္မတ ဖြစ်လာသူ ဒေါက်တာ မောင်မောင်ပါ။ အဲဒီနောက်ပိုင်းမှာ အုပ်ချုပ်တဲ့ စစ်ဗိုလ်ချုပ်တွေကို အကြံပေးရတဲ့ ဥပဒေသမားတွေဟာ ပြည်သူ မျက်နှာကို မ ကြည့်ဘဲနဲ့ အာဏာရှင် အလိုကျ အကြံပေးခဲ့တဲ့ ဥပဒေပညာရှင်တွေပဲ ရှိခဲ့တာဆိုတော့ တိုင်းပြည်ရဲ့ တရားစီရင်ရေးဟာ အမှောင်ကျ ခဲ့ရတယ်။ SNLD က တိုင်းရင်းသား အမတ် ဦးစိုင်းသီဟကျော် မြင်တာက NLD က တက်လာတဲ့ ဘယ်သမ္မတမဆို ဒေါ်အောင်ဆန်းစုကြည် လက်ခံ သူ၊ လိုလားသူ တဦးဦးပဲ ဖြစ်မှာမိုလို့ လွှတ်တော်တခုလုံးက ရွေးကောက်တင်မြောက်ပြီး မဲပေးလိုက်တဲ့ သမ္မတလို့ မယူဆကြောင်း၊ ဦးထင်ကျော်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်စား တာဝန်ထမ်းဆောင်နိုင်ဖို့ ရွေးချယ်ခဲ့တာပဲလို့ ဆိုပါတယ်။ “ဆိုတော့ သမ္မတတယောက်ဟာ ဘယ်လောက် လုပ်နိုင်တယ်။ မလုပ်နိုင်ဘူးဆိုတာ မေးခွန်းမေးစရာ ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ ဦးထင်ကျော် ဘယ်လောက်လုပ်နိုင်တယ်ဆိုတာ မပြောလိုတော့ဘူး။ အားလုံးလည်း သိနေတဲ့အတိုင်းပဲ။ အခုလည်း ဦးဝင်းမြင့်က သမ္မတ ဖြစ်လာတဲ့အခါ သူ့အနေနဲ့ ဘယ်လောက်လုပ်ပိုင်ခွင့် ရှိမလဲဆိုတာ မေးစရာရှိတယ်”လို့ သူက မြင်ပါတယ်။ အခုလည်း သမ္မတအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးမှု မရှိဘဲနဲ့ သမ္မတတယောက်ရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း လွတ်လွတ် လပ်လပ် လုပ်ခွင့်ရမယ်ဆိုရင် ဦးဝင်းမြင့်ဟာ ဦးထင်ကျော်ထက် တော်တော်များများ သာလိမ့်မယ်လို့ ယူဆပြီး သူ့အနေနဲ့ ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရှိမလဲဆိုတာ မသိတော့ သူဘယ်လောက် လုပ်နိုင်မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်လို့ ဦးစိုင်းသီဟကျော်က ပြောပါတယ်။ ဦးဝင်းမြင့်နဲ့ သမ္မတလောင်း ဝင်ပြိုင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးကတော့ သမ္မတသစ်ရဲ့ စွမ်းဆောင်ရည်ကို စောင့် ကြည့်ရဦးမယ်လို့ ဆိုပါတယ်။ ဦးဝင်းမြင့်ဟာ လွှတ်တော်ထဲမှာတွေ့ဆုံ၊ ဆွေးနွေး စကားပြောကြည့်တဲ့အခါမှာ ဥပဒေကို အင်မတန် လေးစားလိုက်နာသည်ကို မြင်ရကြောင်း၊ ဥပဒေ အတိုင်းလုပ်မည်ဟု ၎င်းတို့ကို အကြိမ်ကြိမ် ပြောဖူးကြောင်း ဆိုပါတယ်။ “ဒါကြောင့် သူတက်လာရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခိုင်ခိုင်မာမာ ကိုင်တွယ်ပြီး သူ့ရဲ့ (သမ္မတရဲ့) လုပ်ပိုင်ခွင့်အတိုင်း မှန်မှန်ကန်ကန် တိတိကျကျ သွားမယ်ဆိုရင်တေ့ာ ယခင်အနေအထားထက်တေ့ာ ပိုပြီးတေ့ာ ရွေ့လာလိမ့်မယ်၊ ပိုပြီးတေ့ာ တိုးတက်လာ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးသောင်းအေးက ဆိုပါတယ်။ သမ္မတ ဦးဝင်းမြင့် ဘာဆက်လုပ်မှာလဲ ဦးဝင်းမြင့် သမ္မတဖြစ်လာရင် တိုင်းပြည်ရဲ့ စီးပွားရေး ဦးမော့လာအောင် အရင်ဆုံး ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ကော်မတီရဲ့ ဥက္ကဌ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက စီးပွားရေး အင်မတန် နှေးကွေးနေတယ်။ ကျမတို့ ဖြစ်စေချင်တာက စီးပွားရေးကို ဦးမော့လာ အောင် အရင်ဆုံး ဆောင်ရွက်စေချင်တယ်။ ပြီးရင်တော့ အုပ်ချုပ်ရေးမှာ ထိထိရောက်ရောက် ကိုင်တွယ်စေချင်တယ်။ အပြစ်ရှိတာမျိုး တွေ့ရင် ချက်ချင်း အရေးယူကိုင်တွယ် ဆောင်ရွက်စေချင်တယ်။ တကယ် အလုပ်မလုပ်တဲ့ ဝန်ထမ်းတွေကို သေချာ အရေးယူစေချင်တယ်။ သူရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ သူဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေ ဒီ ၂ ခုက ထပ်တူထပ်မျှ ကျဖို့ရာ အရေးကြီးပါတယ်”လို့ သူက ဆိုပါတယ်။ ဦးဝင်းမြင့်ဟာ နိုင်ငံရေး သမားအစစ်ဖြစ်လို့ နိုင်ငံကို ဘယ်လို ဗျူဟာမျိုးနဲ့ သွားရမလဲဆိုတာ ကောင်းကောင်းသိတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ပိုပြီး အင်အားကောင်းအောင် ရွေ့သွားနိုင်မယ်လို့ ယုံကြည် မျှော်လင့်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးအောင်ကြည်ညွှန့်က ပြောပါတယ်။ “ပထမ သမ္မတကြီးတုန်းက နိုင်ငံရဲ့ ရှိနေတဲ့ လိုအပ်ချက်နဲ့ အခြေအနေအရ ဝင်ရောက်ပြီး ရိုးရိုး သားသား တည်တည်ငြိမ်ငြိမ်လေးပဲ ထိန်းသိမ်းပေးခဲ့တာ။ ဦးဝင်းမြင့်ဆိုတာက နိုင်ငံရေးလောကထဲမှာ အစအဆုံး ကျင်လည်လာခဲ့ရတဲ့ ပုဂ္ဂိုလ်လူတယောက် အနေနဲ့ကတော့ နိုင်ငံရေးသမား တယောက် အနေနဲ့ပိုပြီးတော့ ထက်ထက်မြက်မြက် လုပ်လာနိုင်လိမ့်မယ်ဆိုတာ အငြင်းပွားစရာ မလိုဘူး”လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်ကြည်ညွှန့်က ပြောပါတယ်။ သမ္မတ ဦးဝင်းမြင့်ကို တိုင်းပြည်က စိန်ခေါ်မှု များစွာနဲ့ စောင့်နေပြီး ဒီစိန်ခေါ်မှုတွေကို တခါတည်း ဖြေရှင်းလို့ မရဘူးဆိုတာ ပြည်သူတွေ သိသလို သမ္မတသစ်ရဲ့ နိုင်ငံရေး ဦးဆောင်မှုကိုလည်း ၎င်းတို့ ယုံကြည်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောပါတယ်။ “ဒါပေမယ့် ကျနော်တို့က ပြောသင့်တာ ဝေဖန်သင့်တာတွေကတော့ ဆက်လုပ်ရမယ်။ ပြီးရင် သမ္မတသစ်ကို လုပ်သင့်တာတွေ လုပ်ရင်း ဝန်းရံသွားမယ်ဆိုရင် ပြောင်းလဲကာစ ဒီမိုကရေစီအတွက် စိတ်ချရမှာပါ” လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ သမ္မတဖြစ်လာပြီဖြစ်တဲ့ ဦးဝင်းမြင့်တယောက် မြန်မာနိုင်ငံရေးမှာ ဘယ်လောက် လုပ်ပိုင်ခွင့်ရပြီး ဘာတွေ စလုပ်နိုင်မလဲဆိုတာကို မဝေးတော့တဲ့အချိန်မှာ အဖြေပေါ်မှာပဲ ဖြစ်ပါတော့တယ်။ The post သမ္မတ ဦးဝင်းမြင့် ဘယ်လိုလူလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2pNnOuL
via IFTTT
No comments:
Post a Comment