Monday, March 26, 2018

The Voice

ဦးပိန်တံတားပေါ်က ဈေးဆိုင်များ တစ်ပတ်အတွင်း ဖယ်ရှားမည် မန္တလေး၊ မတ် ၂၅ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ပေါ်တွင်ရောင်းချနေသည့် ဈေးဆိုင်များကို တစ်ပတ်အတွင်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။ “သူတို့တွေက ဆိုင်ရောင်းစဉ်ကတည်းက ကျွန်တော်တို့ နေရာပေးထားတာ မဟုတ်ပါဘူး။ သူတို့ကို နေရာပေးဖို့ အစီအစဉ်မရှိပါဘူး”ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။ ဦးပိန်တံတားပေါ်တွင် ရောင်းချနေသည့်ဆိုင် ၆၀ ခန့်နှင့် ယင်းပတ်ဝန်းကျင်တွင် ဆိုင် ၁၆၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းတံတားပေါ်နှင့် ပတ်ဝန်းကျင်တွင် ရောင်းချနေသည့် ဈေးသည်များ၊ တောင်မင်းကြီးမြတ်စွာဘုရား ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစ၍ မြို့နယ်အုပ်ချုပ်ရေး၊ စည်ပင်၊ ရှေး/သု၊ မြို့မိမြို့ဖများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။ တံတားပေါ်တွင်ရောင်းချနေသည့် ဆိုင်များကို ဖယ်ရှားပါက စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရနိုင်သောကြောင့် တိုင်းအစိုးရအဖွဲ့အနေနှင့် ဆိုင်ခန်းနေရာ ချထားပေးစေလိုကြောင်း ဦးပိန်တံတားပေါ်ရှိ ဈေးသည်အချို့က ပြောကြားသည်။ ဦးပိန်တံတားကို သက္ကရာဇ် ၁၂၁၁ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၁၂၁၃ ခုနှစ်တွင်ပြီးစီးခဲ့ကာ တိုင်ပေါင်း ၉၈၄ တိုင်၊ အခန်းပေါင်း ၄၈၂ ရှိပြီး တံတားအရှည်မှာ ၃၉၇၆ ပေ ရှိသည်။
Source : https://goo.gl/LZWUcS
via IFTTT

No comments:

Post a Comment