နေမာနဲ့ ရီးရဲလ်အသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ မီဒီယာတွေရဲ့ ကစားပွဲတစ်ခုပါလို့ ဆိုလိုက်တဲ့ ပက်စတိုရီ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျာဗီရာပက်စတိုရီက နေမာဟာ ပဲရစ်စိန့်ဂျာမိန်းအသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်းနဲ့ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ဖော်ပြနေတဲ့ သတင်းတွေဟာ မီဒီယာတွေရဲ့ ကစားပွဲတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘရာဇီးကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အဆိုပါအသင်းမှာ မပျော်မရွှင် ဖြစ်နေတာကြောင့် လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ အသင့်ဖြစ်နေတယ်လို့ မီဒီယာတွေက ဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါကစားသမားဟာ လက်ရှိအချိန်မှာ ခြေထောက်ဒဏ်ရာ ရရှိနေသူဖြစ်ပြီး လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို ပြန်လည် ရောက်ရှိလာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပြင် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမားတွေကလည်း အဆိုပါကစားသမားကို ကြိုဆိုကြောင်း မကြာသေးမီက သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နေမာရဲ့ အသင်းဖော် ပက်စတိုရီကတော့ “သူ ဒီကနေထွက်သွားမှာ မဟုတ်သလို ထွက်သွားဖို့ စိတ်ကူးလည်း ရှိမယ်မထင်ပါဘူး။ ဒါတွေဟာ သူ့ရဲ့ ဆန္ဒထက်စာရင် သတင်းမီဒီယာတွေရဲ့ တကယ့်ဆန္ဒထက်စာရင် မီဒီယာတွေရဲ့ ကစားပွဲတစ်ခုလို့သာ ကျွန်တော်မြင်ပါတယ်။ သူအသင်းကို စတင်ရောက်ရှိလာခဲ့တုန်းက အသင်းနဲ့အတူ ဆုဖလားတွေ ရယူဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ ကျွန်တော်တို့ဟာ ဘာစီလိုနာအသင်းရဲ့ အဆင့်ကို မရောက်သေးပေမယ့် လာလီဂါမှာ ကစားရတာနဲ့ လီဂူးဝမ်းမှာ ကစားရတာက ခံစားမှုသက်သက်စီပါ" လို့ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး ပက်စတိုရီက နေမာဟာ လာမယ့်ရာသီအထိ ပီအက်ဂျီအသင်းသား တစ်ဦးအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ၎င်းအနေနဲ့ နည်းပြကြီး အူနိုင်းအမ်မရီရဲ့ လက်အောက်မှာ ပွဲထွက်ကစားခွင့် နည်းပါးနေတာကြောင့် အနာဂတ်အတွက် အသင်းပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ထပ်မံပြောကြားခဲ့ပါတယ်။ “ကျွန်တော်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဆက်ဆံရေးဟာ မကြာခင် ပြီးဆုံးတော့မှာပါ။ အသင်းနဲ့ ကျွန်တော် စာချုပ် ၁ နှစ် ကျန်ပါသေးတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဒါတွေ ဖြစ်လာလိမ့်မယ်ဆိုတာ သဘောပေါက်ထားပြီး အနာဂတ် အတွက်လည်း သေချာဆုံးဖြတ်သွားမှာပါ။ ကျွန်တော်ဘယ်လို အဆုံးသတ်မလဲ ဆိုတာကို မသိသလို ဘာဆုံးဖြတ်ချက်မှ လည်း လောလောဆယ် မချထားသေးပါဘူး။ ခုချိန်မှာတော့ ရာသီကုန်အထိ အကောင်းဆုံး ခြေစွမ်းတွေနဲ့ အသင်းကို ကူညီနိုင်အောင်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော် အသင်းအတွက် လီဂူးဝမ်းနဲ့ ရှုံးထွက်ဖလားတွေ ရအောင် ကြိုးစားသွားမှာပါ။ ဘယ်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားထားလဲဆိုရင် ကျွန်တော် စပိန်ကို ရွေးချယ်ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘာသာစကားနဲ့ စပိန်ကလပ်တွေရဲ့ ကစားဟန်ကို ကျွန်တော် သဘောကျလို့ပါ" လို့ ပက်စတိုရီက ထပ်မံပြောကြားခဲ့ပါတယ်။ နည်းပြကြီး အူနိုင်းအမ်မရီရဲ့ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာခဲ့ရပေမယ့်လည်း လီဂူးဝမ်းမှာတော့ ဒုတိယနေရာက လက်ရှိ ချန်ပီယံမိုနာကိုအသင်းကို ၂၃ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီး ဆုဖလားကြီးကို ဗိုလ်စွဲဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။
Source : https://ift.tt/2G7jsZE
via IFTTT
No comments:
Post a Comment