ကျောက်စာဖတ်နည်းသင်တန်း ပထမဆုံး စဖွင့် ရန်ကုန်၊ မတ် ၂၅ ပျူ၊ မွန်၊ မြန်မာကျောက်စာများကို အခြေခံမှစ၍ မူရင်းကျောက်စာများအထိ ဘာသာပြန်ဖတ်ရှုနိုင်သည့်သင်တန်းကို မန္တလေးမြို့တွင် အခမဲ့သင်တန်းဖွင့်လှစ်၍ မတ်လ ၂၅ ရက်မှ စတင်သင်ကြားပေးနေကြောင်း ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းနှင့် အခမဲ့ စာကြည့်တိုက် အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းမြင့်က ပြောကြားသည်။ “ဒီသင်တန်းကို ကျောက်စာဖတ်ဖို့ တကယ် ဝါသနာပါတဲ့သူတွေအတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ဖွင့်တာပါ။ ကျောက်စာတွေ ဖတ်နိုင်တဲ့အထိ သင်ကြားမှာဖြစ်တဲ့အတွက် တကယ်ဝါသနာပါတဲ့သူတွေပဲ လာလျှောက်ဖို့ ပြောချင်ပါတယ်”ဟု ၎င်းကဆိုသည်။ ကျောက်စာဖတ်နည်း သင်တန်းကို စစ်ကိုင်းပညာရေးတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ ဒေါက်တာမောင်မောင်ဆွေက အပတ်စဉ် တနင်္ဂနွေနေ့တွင် နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ မန္တလေးမြို့ရှိ ယုံကြည်ရာ စာကြည့်တိုက်တွင် သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါသင်တန်းတွင် လူဦးရေ လေးဆယ်ကျော်အထိသာ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သင်တန်းသား ၁၃ ဦးကို စတင်သင်ကြားနေကြောင်း၊ သင်တန်းသား လက်ခံခြင်းကို ဧပြီလ ၁ ရက်အထိ နောက်ဆုံးထား၍ လက်ခံမည်ဖြစ်ကြောင်း ဦးအောင်သိန်းမြင့်ထံက သိရသည်။ မြန်မာနိုင်ငံအနေနှင့် လက်ရှိတွင် မြစေတီကျောက်စာ၊ အလောင်းမင်းတရား ရွှေပေလွှာ၊ ဘုရင့်နောင်ခေါင်းလောင်း ကျောက်စာတို့ကို ကမ္ဘာအမွေအနှစ်အထိမ်း အမှတ်စာရင်းဝင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုပြီးဖြစ်သည်။
Source : https://goo.gl/QwJD18
via IFTTT
No comments:
Post a Comment