လူမျိုး ဘာသာ မခွဲခြားဘဲ “မြန်မာစိတ်” မွေးပြီး စည်းလုံးညီညွတ်ရေး တပ်ချုပ် တိုက်တွန်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းရင်းသား လူမျိုးစု အားလုံးသည် အခွင့်အရေး တန်းတူညီမျှဖြစ်ပြီး လူမျိုး ဘာသာ ခွဲခြားမှု မရှိဘဲ “မြန်မာစိတ်” မွေးနိုင်မှ နိုင်ငံသည် စည်းလုံးညီညွတ်စွာဖြင့် အာဆီယံနိုင်ငံများ နောက်မကျန်ရစ်ဘဲ အမှီလိုက်နိုင်မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ “ကျန်တဲ့နိုင်ငံတွေကို အမီလိုက်ဖို့ဆိုရင် သူများ ခြေတလှမ်း လှမ်းရင် ကိုယ်က ခြေလှမ်းများစွာ လှမ်းနိုင်မှ ဖြစ်မယ်။ ဒီနေရာမှာ လူမျိုး ဘာသာ ခွဲခြားမှု မရှိဘဲ “မြန်မာစိတ်” မွေးပြီး နိုင်ငံတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားသွားကြဖို့ လိုအပ်တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၇၃ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။ ယင်းသို့ ပြောကြားချက်သည် ဆယ်စုနှစ်များစွာကြာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ခိုက်လာခဲ့သော ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းနေချိန်နှင့် ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်ဆလင်များကို “လူမျိုးတုန်း ရှင်းလင်းရေး” လုပ်နေသည်ဟု ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး အဖွဲ့များ၏ ဖိအားပေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ကျင့်သုံးလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာစေရေးအတွက် တပ်မတော် အနေဖြင့် ရိုးသားမှုကို အခြေခံပြီး မျှော်လင့်ချက်၊ ယုံကြည့်ချက် အပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောဆိုသည်။ “ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြတဲ့အခါမှာ မဖြစ်နိုင်တာတွေ တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အရှည်မျှော်တွေးညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်ကြမှာ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။ နိုင်ငံရေး အကူးအပြောင်းကာလတွင် တပ်မတော်ကို နိုင်ငံရေးသိက္ခာ ကျဆင်းအောင်၊ ပြည်သူ ယုံကြည်မှု ကျဆင်းအောင်၊ တပ်တွင်း ညီညွှတ်မှု ပျက်ပြားအောင် ဆန့်ကျင်ဘက်အဖွဲ့တချို့က နည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်နေကြောင်းလည်း စွပ်စွဲသွားခဲ့သည်။ “အတိတ်ကို လက်ညိုးထိုးပြီး အပြစ်ရှာနေတာထက် အတိတ်အပေါ် သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်သွား ကြဖို့ အချိန်ရောက်နေပြီ”ဟု တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယခင် တပ်မတော်နေ့များတွင် တပ်ချုပ်သည် မော်တော်ကားဖြင့် လှည့်လည်၍ အလေးပြုခံလေ့ ရှိသော်လည်း ယခုနှစ်တွင် ခြေလျင် လျှောက်ခဲ့ပြီး တပ်မတော်နေ့တိုင်း ပါဝင်နေကျ စက်ယန္တရား၊ မော်တော်ကားများပင် ပါဝင်ခြင်း မရှိဘဲ လူများဖြင့်သာ ချီတက် အ လေးပြုခဲ့သည်ကို တွေ့ရသည်။ ၇၃ နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှ သိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများ၊ လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ၂၀၁၇ ခုနှစ်တွင်သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ် ရရှိခဲ့ကြသောအရာရှိ၊ စစ်သည်များလည်း ပါဝင်သည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် အပစ်ရပ်ထားသည့် အဖွဲ့များ၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့် ဗဟိုအကြံပေးကွပ်ကဲရေးအဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မည်သည့် အစိုးရ၊ မည်သည့်နိုင်ငံရေး စနစ်ဖြင့် သွားသည်ဖြစ်စေ တပ်မ တော်၏ အဓိက တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေး၊ အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်ရန် ဖြစ်ပြီး ယင်း တာဝန်ကြီးများအပြင် ဒို့တာဝန် အရေး ၃ ပါးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတွင် ရောင်စုံသူပုန်များကို ဗိုလ်ချုပ်ကြီး နေဝင်းက နှိမ်နင်းပေးခဲ့ရကြောင်း၊ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်တို့တွင် တပ်မတော်က တာဝန်ယူပေးခဲ့ရခြင်း၊ ၁၉၈၈ ကာလတွင် အုပ်ချုပ်ရေးနှင့် တရား ဥပဒေစိုးမိုးရေး ပျက်ပြား၍ တပ်မတော် အခြေအနေ အရပ်ရပ်ကို ဝင်ရောက် ထိန်းသိမ်းပေးခဲ့ရပြီး နိုင်ငံတည်ဆောက်ရေး အခြေခံ အုတ်မြစ်များ ချပေးခဲ့ကြောင်း တပ်ချုပ်က ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“တို့တပ်မတော် အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လိုအပ်တဲ့ အခြေခံကောင်း တွေ ဖြစ်ပေါ်လာအောင် ပုံဖော်ပေးခဲ့သလို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ညင်သာ ချောမွေ့စွာ ဖြစ်စေရေးကိုလည်း ဆောင်ရွက်ပေး ခဲ့တယ်”ဟု ၎င်းက ပြောသည်။ ဒီမိုကရေစီ စနစ်တွင် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့် ရှိသော်လည်း ပြဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ပြောဆိုရေးသားရန် လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း၊ အခြေအမြစ် မရှိဘဲ စည်းကမ်းမဲ့ ပြောဆို ရေးသားမှုများသည် အမုန်းတရားကို ဖြစ်စေပြီး နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့်အပြင် နိုင်ငံ တည်ဆောက်ရေး တွင်လည်း အဟန့်အတား ဖြစ်စေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ လွတ်လပ်ရေးရပြီး ကာလကလည်း နိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ်များသည် ၎င်းတို့၏ အာဏာလွန်ဆွဲပွဲတွင် တပ်မတော်ကို အသုံးချရန် လမ်းကြောင်း အမျိုးမျိုးမှ သွေးထိုးလှုံဆော်မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ကြောင်း တပ်မတော် ပြိုကွဲအောင် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုရေးသားမှုများကို အသိ၊ သတိတရားများနှင့် ယှဉ်၍ တုန့်ပြန်ရမည်ဟုလည်း မှာကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ နှစ်စဉ်ကျင်းပနေကျအတိုင်း ဖက်ဆစ်တော်လှန်ရေးနေ့ဟု သတ်မှတ်ပြီး ရန်ကုန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ဌာနချုပ်တွင် အခမ်းအနားတရပ် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် အမျိုးသားအရေးနှင့် တိုင်းရင်းသားလူမျိုးစုများ အရေးတွင် စစ်အင်အားဖြင့် သြဇာသက်ရောက်အောင် ဆောင်ရွက်နေခြင်းမျိုးကို အဆုံးသတ်ကြရမည်ဟု NLD က ကြေညာချက် ထုတ်ပြန်သည်။ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွှန့်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များကြားတွင် ပုံမှန်ဆက်ဆံရေး အခြေအနေမျိုး ရှိနေပြီး စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။ “မျှော်လင့်ချက်တော့ ရှိတာပေါ့။ ဒီထက်တော့ ပိုပြီးတော့ သွက်လက်ပြီးတော့ လျှင်မြန်စေချင်တယ်ဗျ။ လက်ရှိ နိုင်ငံရေး အခြေအနေက ဒီထက်ပိုပြီးတော့ ရင်ချင်းအပ်ပြီး လုပ်ဆောင်မှ ရင်ကြားစေ့ရေးမျိုး ဖြစ်မှ အခုဖြစ်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာပါ။ တယောက်ကို တယောက် သံသယတွေနဲ့ လက်တွဲတာမျိုး ကျတော့လေ။ ကျနော်တို့ ထင်သလောက် ခရီးမပေါက်ဘူး”ဟု ဒေါက်တာ မျိုးညွှန့်က ပြော သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ NLD ပါတီကိုယ်စား ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်စိုး တက်ရောက်ခဲ့သည်။ The post လူမျိုး ဘာသာ မခွဲခြားဘဲ “မြန်မာစိတ်” မွေးပြီး စည်းလုံးညီညွတ်ရေး တပ်ချုပ် တိုက်တွန်း appeared first on ဧရာဝတီ.
Source : https://ift.tt/2umVwMn
via IFTTT
No comments:
Post a Comment