ထိုင်းတွင် CI စာအုပ်လုပ်သည့် မြန်မာများ လမ်းဘေးတွင် အိပ်စောင့်နေကြရ ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိရန်အတွက် ထုတ်ပေးနေသော Certificate of Identity (CI) စာအုပ် ရရှိရေး အတွက် မြန်မာအလုပ်သမားများမှာ ညအိပ်စောင့်ဆိုင်းနေရသည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။ CI စာအုပ်ဆိုသည်မှာ ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်၍ အလုပ်လုပ်ကိုင်ခွင့်ရှိရန် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာအုပ်ဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရကြား သဘောတူညီချက်နှင့် ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ စတင်၍ ထုတ်ပေး နေခြင်းဖြစ်သည်။ CI စာအုပ်လုပ်ငန်းစဉ်မှာ ယခုလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သဖြင့် အချိန်မီ မလုပ်လိုက်နိုင်လျင် တရားမဝင် အလုပ်သမား ဖြစ်မည်ကို စိုးရိမ်နေကြသည့် မြန်မာ အလုပ်သမားများမှာ CI စာအုပ်ထုတ်ပေးရေး ရုံးများရှေ့တွင် တန်းစီ၍ ညအိပ်ညနေ စောင့်ဆိုင်းနေကြရခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့် ရှောက်ရေး အဖွဲ့ (AAC) အဖွဲ့တာဝန်ခံ ဦးရဲမင်း ကပြောသည်။ CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC) ဦးရဲမင်း က “လက်ရှိကတော့ အလုပ်သမားတွေ သက်တမ်းတိုးဖို့ မမီတော့ဘူး။ အချိန်က ကပ်သွားပြီ အလုပ်သမားတွေ သိန်းနဲ့ ချီပြီး ကျန်ခဲ့မယ်။ လက်ရှိလုပ်နေတဲ့လူတွေကလည်း CI ရုံးတွေရှေ့လမ်းဘေးက ပလက်ဖောင်းမှာ ဖြစ်သလို အိပ်စောင့်ပြီး လုပ်နေရတဲ့ အနေအထားတွေ ဖြစ်ကုန်တာပေါ့။ နှစ်ဘက်အစိုးရကြား ချမှတ်တဲ့ ပေါ်လစီမှာ ဘာအမှားအယွင်း ဖြစ်သွားလဲတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ထိုင်းအစိုးရ၏ တရားဝင် ထုတ်ပြန်ထားချက်အရ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် CI စာအုပ် လုပ်ငန်းစဉ်ကို ရက်ထပ်တိုးပေးရန် လိုအပ်ပြီး အကယ်၍ တိုးမပေးနိုင်ပါက မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင် အလုပ်သမားများ ဖြစ်သွားလျှင် ထိုင်းအလုပ်ရှင်များကိုလည်း ထိခိုက်မှုရှိလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။ CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC) ရွှေ့ပြောင်း အလုပ်သမားများမှာ တရားဝင် အလုပ်သမားများအဖြစ် လုပ်ကိုင်နိုင်ကြရန် ကြိုးစားနေကြသော်လည်း လုပ်ငန်းစဉ် ဆောင်ရွက်နေမှု အနေအထားအရ အလုပ်သမားများ တရားမဝင်ဖြစ်သွားခြင်း၊ တရားဝင်ဖြစ်သွားခြင်းမှာ ၂ နိုင်ငံ အစိုးရများ အပေါ်တွင်သာ မူတည်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။ ဦးအောင်ကျော် က “ထိုင်းအစိုးရက နောက်ဆုံး သတ်မှတ်ပေးလိုက်တဲ့ မတ်လ ၃၁ ဆိုတဲ့ အနေအထားမှာ အချိန်မမီမှာ စိုးတဲ့ အတွက် ကျနော်တို့ မြန်မာလုပ်သားတွေဟာ စိုးရိမ်စိတ်ကြီးစွာနဲ့ သက်ဆိုင်ရာ စခန်းအသီးသီးမှာ နေ့ရော၊ ညရော အိပ်စောင့် နေရတဲ့ အနေအထား မျိုးတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC) CI စာအုပ်ကို မြန်မာအလုပ်သမား အများစုရှိသော မဟာချိုင် ဒေသ အပါအဝင် စုစုပေါင်း နေရာ ၉ ခုအထိ ဖွင့်လှစ် လုပ်ဆောင်ပေးနေသလို လူများသော စက်ရုံ အလုပ်ရုံများတွင်လည်း Mobile Team စနစ်ဖြင့် လိုက်လံ ဆောင်ရွက် ပေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး အလုပ်သမားသံအရာရှိများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများ ထံမှ သိရှိရသည်။ သို့သော်လည်း အဆိုပါ CI စာအုပ်ထုတ်ပေးရေးရုံးများတွင် မြန်မာအလုပ်သမားများမှာ ကြားပွဲစားများ၏ ခေါင်းပုံဖြတ်မှု ခံနေရကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။ CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC) ဦးရဲမင်း က “CI စာအုပ်ထုတ်ပေးရေးနေရာတွေမှာ ပွဲစားတွေက ကြိုတင်နံပက်တွေကို အများကြီး ကြိုယူထားတယ်လို့ သိရတယ်။ ပွဲစားနဲ့ ရောင်းစားထားတဲ့ သဘောပေါ့” ဟု ဆိုသည်။ နှစ်နိုင်ငံ တရားဝင် သဘောတူညီချက် အရ CI စာအုပ် လုပ်ဆောင်သောအခါ ပေးသွင်းရမည့် ငွေပမာဏသည် CI စာအုပ် ကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၁၀၊ ဗီဇာကြေး ၅၀၀ နှင့် အလုပ်အကိုင် ရှာဖွေရေးဌာနတွင် Work Permit နှင့် ပတ်သက်သည့် စာရွက် စာတမ်းဖိုး ၁၀၀၊ စုစုပေါင်း ဘတ် ၉၁၀ (မြန်မာကျပ်ငွေ ၄ သောင်း ဝန်းကျင်) ကုန်ကျမည်ဖြစ်သည်။ သို့သော်လည်း လက်တွေ့လုပ်ဆောင်သည့် အခါတွင် မူလတရားဝင် သတ်မှတ်ဈေးနှုန်း မဟုတ်ဘဲ ဘတ် ၅ ထောင်၊ ၇ ထောင်၊ ၁ သောင်း မှ ၁၅၀၀၀ ထောင် (ကျပ် ၆ သိန်းခန့်) အထိ ပေးနေရကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ နှင့် မြန်မာ အလုပ်သမားများက ပြောသည်။ CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC) ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံရန် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီတွင် တွေ့ရန် ချိန်းဆိုထားသော်လည်း ညနေ ၅ နာရီထိုးသည် အထိ ရောက်ရှိမလာသေးကြောင်း တွေ့ဆုံရန် စောင့်ဆိုင်းနေသူ တဦးက ဧရာဝတီသို့ ပြောသည်။ ဝန်ကြီး ဦးသိန်းဆွေနှင့် တွေ့ဆုံလျှင် ၎င်းတို့အနေဖြင့် မြန်မာအလုပ်သမားများ၏ လက်ရှိကြုံတွေ့နေရသော CI စာအုပ်လုပ်ငန်းစဉ်အပါအဝင် အခြားသော အခက်အခဲအခြေအနေများနှင့်ပတ်သက်ပြီး တင်ပြရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ AAC အဖွဲ့တာဝန်ခံ ဦးရဲမင်း ကတော့ ၎င်းတို့ အနေဖြင့်လည်း မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ အကြပ်အတည်းများနှင့် ပတ်သက်၍ ဝန်ကြီး ဦးသိန်းဆွေ၏ ခရီးစဉ်တွင် တင်ပြရန် ပြင်ဆင်ထားသော်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး အလုပ်သမား သံအရာရှိများက မဖိတ်ကြားသဖြင့် တင်ပြခွင့်မရဘဲဖြစ်နေသည်ဟုဆိုသည်။ CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC) ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ လက်ရှိကြုံတွေ့နေရသည့် CI ကတ်ထုတ်ပေးရေး အခြေအနေများ၊ အလုပ်သမားများ ကြုံတွေ့နေရသည့် အကြပ်အတည်းများနှင့်ပတ်သက်၍ မေးမြန်းရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး အလုပ်သမား သံအရာရှိများထံ ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသား စုစု ပေါင်း ၄ သန်းခန့်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားပြီး ထိုပမာဏ၏ ရာခိုင်နှုန်း အများစုသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။ CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC) ဆက်စပ် ဖတ်ရှုရန် – ထိုင်းမှာ CI စာအုပ် လုပ်ရင်း ခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာတွေ The post ထိုင်းတွင် CI စာအုပ်လုပ်သည့် မြန်မာများ လမ်းဘေးတွင် အိပ်စောင့်နေကြရ appeared first on ဧရာဝတီ.
Source : https://ift.tt/2pR3Min
via IFTTT
No comments:
Post a Comment