NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးခန့်အပ် နေပြည်တော်၊ မတ် ၂၄ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၏ သတင်းပြန်ကြားရေးကိစ္စများ စနစ်တကျ ရှိစေရန်အတွက် ပါတီ၏ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးအဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့ကို ခန့်အပ်လိုက်သည်။ မတ်လ ၂၄ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာအတွင်း ကျင်းပခဲ့သည့် NLD ပါတီ CEC အစည်းအဝေးက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ “ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ တရားဝင် ၂ ဦးကို ဆရာဇော်မြင့်မောင်ရယ်၊ ကျွန်တော်ရယ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ သတင်းပြန်ကြားတဲ့နေရာမှာ စနစ်မကျဘူး၊ တိကျမှုမရှိဘူး၊ ဒါကြောင့် သတ်မှတ်ရခြင်းဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ ယင်းအစည်းအဝေးသို့ ပါတီမှ နုတ်ထွက်စာ တင်ခဲ့သည့် ဦးဝင်းထိန် တက်ရောက်ခဲ့ပြီး ၎င်း၏တာဝန်သည် ယခင်အတိုင်းသာဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည်။ လက်ရှိတွင် ပါတီ၏ဗဟိုက ပါတီတွင်း သတင်းအချက်အလက်များကို အလွယ်တကူ မထုတ်ပေးရန် ညွှန်ကြားထားကြောင်း ဒေါက်တာမျိုးညွန့်ကဆိုသည်။ “တာဝန်ယူထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တိုင်ကြားစာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အဆုံးအဖြတ်ကို ခံယူပါတယ်။ ဒီနေ့ဟာ ပါတီတွင်းလုပ်ငန်း ဆုံးဖြတ်ချက် နည်းပါတယ်။ လုပ်ဖော်ကိုင်ဖက် ဘဘ ဦးဝင်းထိန် ပြန်လာတဲ့အတွက်ကြိုဆို နှုတ်ဆက်စကားတွေ ပြောကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ပိုပြီး အဆင့်မြင့်တဲ့ ဒုတိယဥက္ကဋ္ဌလွှတ်တော်တာဝန်ကို ယူသွားရပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ စကားပြောကြတာပဲ ဖြစ်ပါတယ်”ဟု ပါတီ၏ ပြန်ကြားရေးတာဝန်ယူထားသူ ဒေါက်တာမျိုးညွှန့်က ပြောကြားခဲ့သည်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်သည် ၎င်း၏သားမင်္ဂလာပွဲအပြီး ရက်ပိုင်းအကြာ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားပြီးနောက် နှစ်လကျော်အကြာတွင် မတ်လ ၂၄ ရက်နေ့ နံနံက် ၉ နာရီခန့်က ဩစတြေးလျနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ဆက်လက် ခရီးထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ဦးဝင်းထိန်က ပါတီမှ နုတ်ထွက်စာ တင်ခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံက ဩစတေးလျသို့ ရောက်ချိန်တွင် ပြန်လည်ခေါ်ခဲ့သောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်လေဆိပ်၌ ယနေ့ ကျင်းပသောပါတီ CEC အပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။
Source : https://goo.gl/wERJCp
via IFTTT
No comments:
Post a Comment