ရာသီအဖွင့် သြစတြေးလျ ဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲတွင် ဗက်တဲလ် နှစ်ကြိမ်ဆက် ဗိုလ်စွဲ ဟာမီလ်တန် (၀ဲအစွန်)၊ ဗက်တဲလ် (ယာဒုတိယ) နှင့် ရိတ်ကွန်နန် (ယာအစွန်) အား ပြိုင်ပွဲအပြီးတွေ့ရစဉ် (Photo: AFP) ၂၀၁၈ ရာသီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ၏ ပထမဆုံးပွဲစဉ်ဖြစ်သည့် သြစတြေးလျ ဂရင်းပရီပြိုင်ပွဲကို မတ် ၂၅ ရက်က ကျင်းပရာ ဖာရာရီအသင်း၏ ဂျာမနီကားမောင်းသမား ဗက်တဲလ် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။ လက်ရည်စစ်မောင်းနှင်မှုတွင် မာစီးဒီးစ်အသင်း၏ လက်ရှိကမ္ဘာ့ချန်ပီယံ ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က စံချိန်အကောင်းဆုံးရရှိသဖြင့် ထိပ်ဆုံးနေရာမှ တာထွက်ခွင့်ရပြီး ဖာရာရီအသင်းမှ ရိတ်ကွန်နန် (ဖင်လန်) နှင့် ဗက်တဲလ်က အဆင့် (၂၊ ၃) နေရာမှ တာထွက်ခဲ့သည်။ ဟာမီလ်တန်သည် ပြိုင်ပွဲစတင်ကတည်းက ထိပ်ဆုံးမှ ဦးဆောင်မောင်းနှင်နိုင်ခဲ့သော်လည်း ၂၄ ပတ်မြောက်တွင် ဟက်စ်အသင်းမှ ဂရိုရှောင် (ပြင်သစ်) တာယာပြဿနာကြောင့် ထွက်ခွာသွားစဉ် Virtual Safety Car (VSC) စည်းမျဉ်းအရ အရှိန်လျှော့မောင်းနှင်ခဲ့ရသည်။ ဗက်တဲလ်က အခွင့်အရေးကို အမိအရအသုံးချနိုင်ခဲ့ပြီး တာယာအသစ်အား ၁၀ စက္ကန့်ဖြင့် အပြီးလဲ၍ ဟာမီလ်တန်ကိုကျော်တက်ကာ ပြိုင်ပွဲပြီးဆုံးချိန်အထိ ဦးဆောင်မောင်းနှင်နိုင်ခဲ့ သောကြောင့် ချန်ပီယံဆုရရှိခြင်းဖြစ်သည်။ ဗက်တဲလ်သည် ယှဉ်ပြိုင်ချိန် တစ်နာရီ ၂၉ မိနစ် ၃၃ ဒသမ ၂၈၃ စက္ကန့်ဖြင့် ဗိုလ်စွဲခြင်းဖြစ်ပြီး သြစတြေးလျဂရင်းပရီတွင် နှစ်နှစ်ဆက်နှင့် သုံးကြိမ်မြောက် (၂၀၁၁၊ ၂၀၁၇၊ ၂၀၁၈) ချန်ပီယံဆုရရှိကာ ဟာမီလ်တန်က ဒုတိယ၊ ရိတ်ကွန်နန်က တတိယ ရရှိခဲ့သည်။
Source : https://ift.tt/2IVoZ3k
via IFTTT
No comments:
Post a Comment