ပစိဖိတ်သမုဒ္ဒရာထဲမှ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် စိုးရိမ်သည်ထက် ပိုမိုများပြားနေ ပစိဖိတ်သမုဒ္ဒရာထဲတွင် မျောပါနေသော ပလတ်စတစ် စွန့်ပစ်ပစ္စည်းပမာဏသည် ယခင်က စိုးရိမ်သည်ထက်များစွာ ပိုများနေကာ အလျင်အမြန်လည်း ကြီးထွားနေကြောင်း မတ် ၂၂ ရက်က ထွက်ရှိလာသည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ ထိုပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် ပြင်သစ်၊ ဂျာမနီ၊ စပိန်တို့ပေါင်းထားသည့် ဧရိယာထက်ပင် ပိုမိုကြီးမားနေသည်။ သမုဒ္ဒရာထဲတွင် စုပုံနေသည့် အလွန်တရာမှ များပြားလှသော ပလတ်စတစ်ဘူး၊ ပုလင်း၊ ငါးဖမ်းပိုက်ကွန်နှင့် အလွန်တရာသေးငယ်သည့် ပလတ်စတစ်အမှုန်တို့ကို Great Pacific Garbage Patch (GPGP) ဟု သိကြသည်။ ထို GPGP ကို ထောက်လှမ်းစစ်ဆေးရန်အတွက် နယ်သာလန်အခြေစိုက် သုတေသီများသည် သင်္ဘောနှင့် လေယာဉ်များကို အသုံးပြုခဲ့ကြပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ စုပုံများပြားလာမှုကိုလည်း အံ့သြခဲ့ကြသည်။ “GPGP ထဲမှာ လက်ရှိပေါလောပေါ်နိုင်တဲ့ ပလတ်စတစ် ပမာဏဟာ တန်ချိန် ၈၀၀၀၀ ရှိတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” ဟု Scientific Reports ဂျာနယ်၌ ဖော်ပြခဲ့သော လေ့လာမှုအား ဦးဆောင်ရေးသားသူ လောရင့် လီဘရီတန်က ပြောကြားခဲ့သည်။ ထိုပမာဏသည် ဂျမ်ဘိုဂျက်လေယာဉ်ကြီး အစင်း ၅၀၀ ထက် ပိုလေးပြီး ယခင်လေ့လာမှုများအတွင်း တွေ့ရှိခဲ့သည့် ပလတ်စတစ်ထုကြီးထက် ၁၆ ဆ ပိုမိုများပြားသည်။ သို့သော် သုတေသီအဖွဲ့အား အမှန်တကယ် အံ့သြထိတ်လန့်စေခဲ့သည်မှာ ပြီးခဲ့သည့်နှစ်များအတွင်းက ဟာဝိုင်ယီနှင့် ကယ်လီဖိုးနီးယားတို့ကြားမှ ပင်လယ်ရေပြင်ထဲတွင် ကြီးထွားများပြားလာသည့် ပလတ်စတစ် အပိုင်းအစ ပမာဏပင် ဖြစ်သည်။ အဆိုပါ ပလတ်စတစ် စွန့်ပစ်ပစ္စည်းထုကြီးထဲတွင် အပိုင်းအစပေါင်း ၁ ဒသမ ၈ ထရီလျံ ပါဝင်နေပြီး ပင်လယ်ရေနေ သက်ရှိများအတွက် နှစ်ဆခြိမ်းခြောက်မှုကြီးဖြစ်နေသည်။ ၅၀ မီလီမီတာထက်သေးငယ်သော ပလတ်စတစ် အပိုင်းအစများကို မိုက်ခရိုပလတ်စတစ်ဟုခေါ်ပြီး ယင်းတို့သည် GPGP ထဲတွင် အဓိကပါဝင်နေသည့် အရာများကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ပြင် ယင်းအမှုန်များကို ငါးများမျိုချလိုက်ပါက အစားအသောက် ကွင်းဆက်ထဲသို့ပင် ရောက်ရှိလာနိုင်သည်။ “ငါးဖမ်းပိုက်တွေလို ပိုပြီးကြီးမားတဲ့ စွန့်ပစ်ပစ္စည်းတွေကလည်း သဘာဝပတ်ဝန်းကျင်အပေါ်မှာ သက်ရောက်မှုတွေ ရှိပါတယ်” ဟု လီဘရီတန်က ပြောကြားခဲ့သည်။ ထိုပိုက်ကွန်များအတွင်း ငါးများနှင့် လိပ်အစရှိသော အခြားသတ္တဝါများ ပိတ်မိစေကာ သေဆုံးစေနိုင်ပြီး ထိုဖြစ်စဉ်ကို တစ္ဆေငါးဖမ်းခြင်းဟု သိကြသည်။ ယခုလေ့လာမှုကိုလုပ်သည့် အဖွဲ့သည် GPGP ထဲမှ စွန့်ပစ်ပစ္စည်းများအနက် ထက်ဝက်ခန့်ကို ငါးနှစ်အတွင်း ဖယ်ရှားရန် ရည်ရွယ်နေသည့် Ocean Cleanup ဖောင်ဒေးရှင်းမှဖြစ်သည်။ ၎င်းတို့၏ လုပ်ငန်းစဉ်မှာ မျှော်လင့်ချက်ရောင်ချည်လေးတစ်ခု ဖြစ်လာနိုင်သည်။ တစ်ခါသုံးပြီးလျှင် လွှင့်ပစ်လေ့ရှိသော လူ့အဖွဲ့အစည်း ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှု ပမာဏသည် ၂၀၁၅ ခုနှစ်က တန်ချိန် ၃၂၂ သန်း ပြည့်သွားခဲ့သည်ဟု နိုင်ငံတကာ စံသတ်မှတ်ရေး အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။ နှစ်စဉ်သမုဒ္ဒရာထဲသို့ ရောက်ရှိနေသော ပလတ်စတစ်ပမာဏသည် တန်ချိန်ရှစ်သန်းရှိသည်ဟု ယခုလေ့လာမှုကို ပြုလုပ်သည့် Ocean Cleanup Project က ထုတ်ပြန်ခဲ့သည်။ လေ့လာသူများက ပလတ်စတစ်များကို ထောက်လှမ်းသိရှိနိုင်သည့်စွမ်းရည်ကို တိုးမြှင့်ရန်အတွက် သင်္ဘောအစင်း ၃၀၊ လေယာဉ်နှစ်စင်းတို့ကို အသုံးပြုခဲ့ကြောင်း သိရသည်။ ထိုလေယာဉ်နှစ်စင်းအနက် တစ်စင်းသည် GPGP ၏ သုံးဖက်မြင်ပုံရိပ်ကို ထုတ်လုပ်ပေးနိုင်သော အဆင့်မြင့် အာရုံခံစနစ်ပါဝင်သည့် C-130 Hercules ဖြစ်သည်။ GPGP သည် လက်ရှိတွင် စတုရန်းကီလိုမီတာ ၁ ဒသမ ၆ သန်းအထိ ဖြန့်ကြက်တည်ရှိနေသည်ကို တွေ့ခဲ့ရပြီး ဆက်လက် ကြီးထွားနေသည်ဟုလည်း သတိပေးခဲ့ကြသည်။ သို့သော် ယင်းဖြစ်စဉ်သည် ယခု ပြဿနာတစ်ခုလုံး၏ အပိုင်းအစသာဖြစ်သည်ဟု သိရသည်။ “ရေနက်ပိုင်းလွှာတွေနဲ့ GPGP အောက်က ပင်လယ်မျက်နှာပြင်မှာရှိနေတဲ့ ပလတ်စတစ် ညစ်ညမ်းမှုအဆင့်ကို အခုထက်ထိ မသိနိုင်သေးပါဘူး” ဟု လေ့လာမှုထဲတွင် သတိပေး ဖော်ပြခဲ့သည်။ လာမည့်ငါးနှစ်အတွင်း ပလတ်စတစ်ထက်ဝက်ကျော်ကို ရှင်းလင်းရန် လေနှင့် ရေစီးကြောင်းအတိုင်း မျောပါနိုင်သည့် ရေပေါ်ပေါ်နိုင်သော အတားအဆီး ဒါဇင်ပေါင်းများစွာကို ဆောက်လုပ်ရေးအတွက် ဖောင်ဒေးရှင်အဖွဲ့မှ သုတေသီနှင့် အင်ဂျင်နီယာ ၇၅ ဦးက စီစဉ်နေကြသည်။ သို့သော် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်မှုများကို ယခုစုပေါင်းလုပ်ဆောင်မှုက လျော့ပါးရုံသာ သက်သာစေလိမ့်မည်ဟု လီဘရီတန်က အလေးပေး ပြောကြားခဲ့သည်။ “လူတွေဟာ ငါးဖမ်းရာမှာ အသုံးပြုတဲ့ပစ္စည်းတွေရဲ့ အရည်အသွေးကို ကြည့်ကြပြီး ငါးဖမ်းကဏ္ဍကို လက်ညှိုးထိုးကြတယ်။ ဒါပေမဲ့ သူတို့ပဲ ငါးတွေကို စားကြပြန်တယ်။ ဒါပေမဲ့ အဲဒီကဏ္ဍဟာ အများကြီး မသက်ရောက်စေဘူး။ တစ်ခါသုံး ပလတ်စတစ်တွေကိုသုံးပြီး လွှင့်ပစ်တဲ့ လူ့အဖွဲ့အစည်းအတွင်းက ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထိုပြဿနာကို အလေးအနက်ထားပြီး ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် ဖြေရှင်းရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။ Ocean Cleanup ကို ၂၀၁၃ ခုနှစ်က အသက် ၁၈ နှစ်အရွယ် နယ်သာလန်အမျိုးသား ပိုယန်စလပ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ Ref: AFP
Source : https://ift.tt/2IR3AZ9
via IFTTT
No comments:
Post a Comment