ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်တိုင်း အစိုးရ ကုမ္ပဏီ တည်ထောင် စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းသော ရန်ကုန်မြို့သစ် စီမံကိန်းကို ဖော်ဆောင်ရန်အတွက် တိုင်းဒေသကြီး အစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင်မည် ဖြစ်သော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် New Yangon Development Company Limited (NYDC) ဖွဲ့စည်း တည်ထောင်လိုက်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကြေညာလိုက်သည်။ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် မတ်လ ၃၁ ရက် ပြုလုပ်သော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် New Yangon Development Company Limited (NYDC) ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် ကျင်းပခြင်း အခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကြိုးနီစနစ်တွေ နည်းသွားနိုင်ဖို့ အစိုးရက တာဝန်ယူဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီက အစိုးရက ၁၀၀ ရာခိုင်နူန်း ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက ပုဂ္ဂလိက နယ်ပယ်အသီးသီးက ငွေကိုစနစ်ကျ ပေါင်းစည်းဆောင်ရွက်ပေးဖို့အတွက် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစီမံခန့်ခွဲပေးမှုက ယခင်အစိုးရ အဆက်ဆက် ဆောင်ရွက်ပေးခဲ့သော ကြိုးနီစနစ်တွေ မရှိဘဲ အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက် ပေးသွားမှာဖြစ်တယ်” ဟု ပြောသည်။ NYDC ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား (ဓာတ်ပုံ – ရွှေလေး၊ ဧရာဝတီ) ဆက်လက်၍ ဝန်ကြီးချုပ် က “ရန်ကုန်မြစ် အနောက်ဘက်အခြမ်းက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေပါတယ်။ ဒါကိုဖွံ့ဖြိုးတိုးတက် လာစေဖို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနယ်မြေမှာ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်ဖို့အတွက် ဖြစ်တယ်။ ဒီကုမ္ပဏီရဲ့ အဓိကရည်ရွယ်ချက်ကအလုပ်သမား ၂ သန်းလောက် အလုပ်အကိုင်အခွင့်အလမ်းပေးဖို့ ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။ NYDC ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနူန်းပြည့်ပိုရင်ဆိုင်ပြီး ပြည်ထောင်စုအစိုးရမှ တိုင်းနှင့် ပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက် ချပေးသည့် ရံပုံငွေထဲမှ ကျပ် ၁၀ ဘီလီလျံဖြင့် မတည်ထားပြီး ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြစ် အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး NYDC ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်နီလာကျော်ကလည်း ထပ်လောင်း ပြောဆိုသည်။ ရန်ကုုန်မြစ် အနောက်ခြမ်း မြို့သစ်စီမံကိန်း တည်ဆောက်ရန် အတွက် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူသွားမည် ဟုဆိုသည်။ NYDC ကုမ္ပဏီ ဒုဥက္ကဋ္ဌ Serge Pun က “မြို့သစ်၏ ပထမအဆင့်နှင့် ဆက်စပ်သော အခြေခံ အဆောက်အအုံ ကဏ္ဍကတော့ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမှာ ဖြစ်တယ်။ မြို့သစ်ပြီးစီးလို့ရှိရင် လုပ်အကိုင် အခွင့်အလမ်း ၂ သန်း ဖော်ထုတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ NYDC မှာ အမှုဆောင်အရာရှိချုပ်အနေနဲ့ တာဝန်ယူစဉ်အတွင်း ကျနော်ကိုယ်တိုင်နဲ့ ကျနော့် ထိန်းချုပ်ကွပ်ကဲမှု အောက်မှာရှိတဲ့ ကုမ္ပဏီများအနေနဲ့ မြို့သစ်ဆောက်လုပ်ရေး လုပ်ငန်းများမှာ တင်ဒါများ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။ NYDC ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား (ဓာတ်ပုံ – ရွှေလေး၊ ဧရာဝတီ) အဆိုပါ မြို့သစ်စီမံကိန်း၏ အခြေခံအဆောက်အအုံ လုပ်ငန်းများမှာ ရွာမြို့နယ် ၅ ခု မြို့ပြင် ဆက်သွယ်သော တံတား ၂ စင်း၊ ၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်း ကီလိုမီတာရှိ စက်မှုဇုန် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အဆောက် အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရန်ကုန်မြို့သည် နိုင်ငံ၏ စီးပွားရေးဗဟိုအချက်အခြာ ဖြစ်နေပြီး နိုင်ငံ၏ အမျိုးသား ပြည်တွင်း အသားတင်ထုတ်ကုန်အချိုး (GDP) ၂၆ ရာခိုင်နူန်းရှိသည့် ငွေကျပ် ၁၉ ဒသမ ၃ ထရီလီယံကို ထုတ်လုပ်ပေးနေသည်။ ထို့အပြင် ရန်ကုန်မြို့၏ လူဦးရေသည် လာမည့် ၁၀ နှစ်တွင် လူဦးရေ ၁၀ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသောကြောင့် အလုပ်အကိုင် လူနေအိမ်နှင့် အခြေခံအဆောက်အအုံ အပါအဝင် သန့်ရှင်းသောရေ ဖြန့်ဖြူးပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်ရေးတို့ပေါ်တွင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်။ မြို့သစ် တည်ဆောက်ရာတွင် Public private Parthership (PPP) ဟုခေါ်သည့် မော်ဒယ်နှင့် အဓိက အသုံးပြုသွားမည်ဖြစ်ပြီး ယခု စီမံကိန်းသည် တရုတ်နိုင်ငံရှိ ရှန်ဇန် (Shenzhen) မြို့နှင့် မလေးရှားနိုင်ငံရှိ (Iskandar) တို့နှင့် ပုံသဏ္ဍာန် တူညီမည် ဖြစ်ကြောင်း ကုမ္ပဏီ ဒုဥက္ကဋ္ဌ Serge Pun က ပြောသည်။ စီမံကိန်းစတင်မည့် အချိန်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူမည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် New Yangon Development Company Limited (NYDC) မှ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း လောလောဆယ်တွင် အသေးစိပ် ပြောကြားနိုင်ခြင်း မရှိကြောင်း NYDC ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်နီလာကျော်က ပြောသည်။ The post ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်တိုင်း အစိုးရ ကုမ္ပဏီ တည်ထောင် appeared first on ဧရာဝတီ.
Source : https://ift.tt/2GmNbxP
via IFTTT
No comments:
Post a Comment