၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ရာနှုန်းပြည့် မီးလင်းမည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားပေးဝေနိုင်ရေး အတွက် ကမ္ဘာ့ဘဏ်ချေးငွေနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ (YESC) မှ သိရသည်။ “အခု ပေးနေတာက ၇၄ ရာခိုင်နှုန်းအထိ မီးပေးနေပြီ။ ကျန်တာက ကျေးရွာတွေပဲ ကျန်တော့တယ်။ ကျေးရွာ ပေါင်း ၂ ထောင်ကျော်ရှိတဲ့ အနက် ကျေးရွာ ၈ ရာလောက်ပဲ မီးမပေးနိုင်တဲ့ ဧရိယာကျန်တယ်။ အဲဒါအတွက် လည်း ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကျေးရွာမီးလင်းရေးတွေလည်း လုပ်ငန်းတွေလည်း လုပ်နေပါတယ်။ ရှေ့နှစ်ဘတ် ဂျက်မှာဆိုရင် စတော့မှာပေါ့။ ပစ္စည်းဝယ်တဲ့ လုပ်ငန်းတွေ ပြီးသွားပြီ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးသန့်ဇင်က ဧရာဝတီသို့ ပြောသည်။ ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက် သွား မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရရှိရေး (၅) နှစ်စီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ သန်း ၃၀၀ ကျော်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ယင်းကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၇ ခုနှစ် သြဂုတ်-၁၆ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ် တော် အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ အရှုံးပေါ်မှုအားကာမိစေရန် အစီအစဉ်များနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးခွန်းအား ယင်းသို့ ဖြေကြားသွားခြင်း ဖြစ်သည်။ “၅ နှစ်စီမံချက်အား ရေးဆွဲထားရာ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အပြီးမှာ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ် အား ရရှိသုံးစွဲလျက်ရှိသော ၆၆ မြို့နှင့် ကျေးရွာ ၂၉ ရွာအား ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါတယ်။၂၀၃၀ ခုနှစ်တွင် မြန်မာတနိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေ ရိကန် ဒေါ်လာသန်း ၃၁၀ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အား အဆင့် ၄ ဆင့်သတ် မှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ဆက်လက် ပြောကြားသွားသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် လွန်ခဲ့သည့် ၄ နှစ်ကစတင်ပြီး လျှပ်စစ်မီး အပြည့်ရရှိနေပြီဖြစ်ကာ ရံဖန် ရံခါ ဖြစ်တတ်သည့် ချို့ယွင်းမှုများမှ အပ လျှပ်စစ်ဓာတ်အား မနိုင်သဖြင့် လျှပ်စစ်မီးပေးချိန် လျှော့ချဖြတ် တောက်ရခြင်းများလည်း မရှိတော့ကြောင်း ဦးသန့်ဇင်က ထပ်မံပြောဆိုသည်။ စက်မှုဇုန်များအတွက် ပေးဆောင်ရသည့် မီတာခနှုန်းထားမှာ အခြားနိုင်ငံများနှင့် ယှဉ်လျှင်များသော်လည်း ယခင် လျှပ်စစ်မီးမရသည့် အချိန်က ဒီဇယ် မီးစက်များနှင့် အသုံးပြုရသည်ထက် ကုန်ကျစရိတ်များစွာသက် သာပြီး လျှပ်စစ်မီးအပြည့်ရလာပါက လုပ်ငန်းလည်ပတ်မှုနှုန်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဌ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။ “၁ ယူနစ်ကို ၁၅၀ ကျပ်အခြေခံဆိုပေမယ့် စောင့်ရှောက်ခလည်း ပေးရတယ်။ နောက် Lost (ပျောက်ဆုံးခ) ကလည်း ၁၀ ရာခိုင်နှုန်းဆိုတော့ ၁ ယူနစ်ကို ၁၆၅ ကျပ်ပေးနေရတယ်။ မီတာခကတော့ တော်သေးတာပေါ့ ကိုယ့်ဘာသာ ဒီဇယ်နဲ့ လည်မယ်ဆိုရင် ၁ ယူနစ်ကို ၃၀၀ ကျော်ကျနေတာလေ။ ဒီနှစ်ကတော့ တော်တော်လေး ကောင်းလာပါတယ်” ဟု ၎င်းက သုံးသပ်သည်။ ဆက်လက်ပြီး ဦးမြတ်သင်းအောင်က “၂၄ နာရီပုံမှန်မီးရမယ်ဆိုရင်တော့ လုပ်ငန်းရှှင်တွေက အလုပ်သမား ၂ ဆိုင်း ၃ ဆိုင်းနဲ့ လည်နိုင်တယ်။ လောလောဆယ်တော့ အဲဒီလို မသေချာတဲ့အတွက် စက်ရုံတွေက ၁ ဆိုင်းနဲ့ပဲ သွားတာများတယ်။ ၂ ဆိုင်းဆိုတာ ရပ်လို့မရတဲ့ လုပ်ငန်းမျိုးလောက်ပဲ သွားတာများတယ်”ဟု ဆိုသည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အနေဖြင့် နှစ်စဉ် အမြတ်ငွေ ၁၈ ဘီလီယံခန့်ရှိသော်လည်း နှစ်စဉ် တိုးတက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် တည်ဆောက်နိုင်ရန် လိုအပ်ချက် ရှိနေဆဲဖြစ်သဖြင့် ချေးငွေဖြင့် တည်ဆောက်နေရခြင်းဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။ မြန်မာတစ်ပြည်လုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်တွင် လျှပ်စစ်မီးအသုံးပြုနေသည့် အိမ်ထောင်စုပေါင်း ၄ သန်းကျော်ရှိသည့်အနက် ရန်ကုန်မြို့သည် ၁ ဒသမ၃ သန်းခန့် အသုံးပြုလျက်ရှိပြီး နိုင်ငံ တော်၏ စီးပွားရေး စီမံကိန်းများနှင့်ဦးစားပေးအစီအစဉ်အရ ရန်ကုန်မြို့၏ လျှပ်စစ်ကဏ္ဍသည် နံပါတ် ၁ ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ လူဦးရေ ၅၃ သန်းခန့်ရှိသည့်အနက် လူဦးရေ ၆ သန်းခန့်သည် ရန်ကုန် တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိပြီး လက်ရှိ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၃၇၅၀ မဂ္ဂါဝပ် ကျော်ခန့် ဖြစ်ပြီး ၁၃၉၃ မဂ္ဂါဝပ်ကို ရန်ကုန်တိုင်းဒေသကြီးမှ သုံးစွဲလျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် လျှပ်စစ်ဓာတ်အားကို ပြည်ထောင်စုအစိုးရထံမှ တယူနစ် လျှင် ၆၀ ကျပ်ဖြင့် ဝယ်ယူနေခြင်းဖြစ်ပြီး အများပြည်သူကို ၃၅ ကျပ်မှ ၅၀ ကျပ်အထိ နှုန်းထားဖြင့် လည်း ကောင်း လုပ်ငန်းသုံးအတွက် တယူနစ်လျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်အထိလည်းကောင်း နှုန်းထားဖြင့် ပြန်လည် ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း သိရသည်။ The post ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ရာနှုန်းပြည့် မီးလင်းမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2J7kXEU
via IFTTT
No comments:
Post a Comment