NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ၂ဦး ထပ်မံခန့်အပ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီ၏ သတင်းပြန်ကြားရေးနှင့် ပတ်သက်ပြီး စနစ်တကျ ရှိစေရန် ပြောရေးဆိုခွင့် ရှိသူ ၂ ဦးကို တရားဝင် ခန့်အပ်ခဲ့ကြောင်း ယနေ့နေပြည်တော် စည်ပင်ဧည့်ရိပ် သာတွင် ကျင်းပသည့် NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင်(CEC) အစည်းအဝေးက ဆုံးဖြတ် သည်။ အသစ်ခန့်အပ်လိုက်သည့် ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့ဖြစ်သည်။ ဒေါက်တာ မျိုးညွှန့်က “ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ တရားဝင် ၂ ဦးကတော့ ဆရာဇော်မြင့်မောင်ရယ်၊ ကျနော်ဒေါက်တာ မျိုးညွှန့်ရယ် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတေ့ာ ကျနော်တို့ သတင်းပြန်ကြား တဲ့နေရာမှာ စနစ်တကျမရှိဘူး၊ တိကျမှု မရှိဘူး၊ ဒါကြောင့် သတ်မှတ်ရခြင်းဖြစ်ပါတယ်” ဟု အစည်းအဝေးအပြီးတွင် မီဒီယာကို ပြောသည်။ ထို့အပြင် ပါတီ အတွင်းမှ သတင်းအချက်လက်များအား အလွယ်တကူ ထုတ်ပေးခြင်း မပြုရန်နှင့် သတင်းအချက်အလက် များ ပျံ့နှံ့မှု မရှိစေရန်အတွက် ဗဟိုမှ ညွှန်ကြားထားကြောင်း၊ ပြန်ကြားရေး အနေဖြင့် သတင်း အချက်အလက် စုစောင်း ရေးကို တာဝန်ယူပြီး ယင်းသတင်းအချက်လက်များအား လူထုနှင့် နိုင်ငံတကာသို့ မည်သို့ အသိပေးမည် ဆိုသည်ကိုမူ စိစစ်ပြီး ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။ ယနေ့ကျင်းပသည့် CEC အစည်းအဝေးသို့ ပါတီခေါင်းဆောင်းပိုင်မှ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်နှင့် ဦးဖြိုးမင်းသိန်း အစရှိသည့် ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြပြီး၊ သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများ အပြောင်းအလဲဖြစ်ပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသည့် ပါတီတွင်း အစည်းအဝေးလည်း ဖြစ်သည်။ ယခင်က ပါတီ၏ အရေးကြီး သတင်းအချက်အလက်များအား အတည်ပြုပေးနိုင်ရန် မီဒီယာ အများစု မှာ ဦးဉာဏ်ဝင်း နှင့် ဦးဝင်းထိန် အား ဆက်သွယ်မေးမြန်းမှု အများဆုံး ပြုလုပ်ခဲ့သည်။ ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ်များ၏ တိုင်ကြားစာများနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ ရှိချက်များကို ဗဟို အလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြထားပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အဆုံး အဖြတ်ကို ခံယူသွားမည် ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။ NLD ပါတီမှ ယခုကဲ့သို့ ပြောရေးဆိုခွင့် ရှိသူ ၂ဦး ထပ်မံခန့်အပ်သော်လည်း သတင်းမီဒီယာများ အတွက် အဆင်ပြေမည် ဟု မထင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တဦးမှာ မန္တလေးမြို့တွင် နေထိုင် သည့် ဝန်ကြီးချုပ်ဖြစ်နေသည့်အတွက် သတင်းသမားများအနေဖြင့် တစုံတရာသော သတင်းအချက် အလက်အတွက် လူချင်းသော်လည်းကောင်း၊ ဖုန်းဆက်၍ သော်လည်း မေးမြန်းရာတွင် အဆင်မပြေ နိုင်ကြောင်း 7day TV မှ ရုပ်သံ သတင်းထောက် ကိုစိုးရက ပြောသည်။ The post NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ၂ဦး ထပ်မံခန့်အပ် appeared first on ဧရာဝတီ.
Source : https://ift.tt/2pB8al6
via IFTTT
No comments:
Post a Comment