Saturday, March 31, 2018

Eleven Media Group

တရုတ်ပြည်မကြီးသို့ မောင်းသူမဲ့လေယာဉ်ဖြင့် iPhone များ ခိုးသွင်းသည့်ဂိုဏ်းကို ဖြိုခွင်းခဲ့ ဟောင်ကောင်မှ တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာဗဟို ချက်ရှင်းကျန့်သို့ ယွမ်သန်းပေါင်း ၅၀၀ (ဒေါ်လာ ၇၉ ဒသမ ၈ သန်း) တန်ဖိုးရှိ စမတ်ဖုန်းများကို မောင်းသူမဲ့လေယာဉ်များဖြင့် မှောင်ခိုသွင်းနေသည့် ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းအား ရှင်းကျန့်အကောက်ခွန်အရာရှိများက ဖော်ထုတ်ဖြိုခွင်းနိုင်ခဲ့သည်ဟု အစိုးရပိုင် Legal Daily တွင် မတ် ၃၁ ရက်၌ ဖော်ပြခဲ့သည်။ မှောင်ခိုကုန်ကူးရန် မောင်းသူမဲ့လေယာဉ်များအား အသုံးပြုခဲ့သည်ဟု သံသယရှိသူ ၂၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ရှင်းကျန့်နှင့် ဟောင်ကောင်အကောက်ခွန်များ၏ ဖြိုခွင်းမှုအကြောင်း ရေးသားထားသည့် ထိုသတင်း၌ ဖော်ပြခဲ့သည်။ ၎င်းတို့သည် စုစုပေါင်းယွမ်သန်း ၅၀၀ တန်ဖိုးရှိသည့် ပြန်လည်ပြင်ဆင်ထားသော iPhone များကို ဟောင်ကောင်နှင့် ပြည်မကြီးကြား၌ သယ်ယူပို့ဆောင်ရန်အတွက် မီတာ ၂၀၀ (၆၆၀ ပေ) ရှိသည့် ကေဘယ်နှစ်ခုတွင် မောင်းသူမဲ့လေယာဉ်များအား ပျံသန်းစေခဲ့ခြင်းဖြစ်သည်။ “နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုကုန်ကူးဖို့ မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုကြောင်း တရုတ်နိုင်ငံထဲမှာ တွေ့တာဟာ အခုပထမဆုံးပါပဲ” ဟု မတ် ၂၉ ရက်က ရှင်းကျန့်အကောက်ခွန်ဌာနက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း ရရှိခဲ့သည့် အချက်အလက်များကို ကိုးကားကာ Legal Daily တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ မှောင်ခိုသမားများသည် ညသန်းခေါင်အချိန်မှသာ လှုပ်ရှားကြခြင်းဖြစ်ပြီး iPhone ၁၀ လုံးထက်မနည်းပါသည့် အိတ်ငယ်ကို မောင်းသူမဲ့လေယာဉ်ဖြင့် သယ်ယူပို့ဆောင်မှုသည် စက္ကန့်ပိုင်းသာကြာမြင့်ကြောင်း အကောက်ခွန်အရာရှိများက ပြောကြားခဲ့သည်ဟု သတင်းထဲတွင် ဖော်ပြခဲ့သည်။ ထိုရာဇဝတ်ဂိုဏ်းသည် တစ်ညလျှင် နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုပို့ပေးနိုင်သည့် ဖုန်းအလုံးရေမှာ ၁၅၀၀၀ ခန့်အထိရှိသည်ဟု သိရသည်။ တရုတ်တွင် မောင်းသူမဲ့လေယာဉ်များအား အသုံးပြုခြင်းကို စည်းကမ်းဖြင့် ထိန်းသိမ်းရခြင်းသည် အစိုးရအတွက် အရေးကြီးဆုံးအလုပ်တစ်ခု ဖြစ်လာခဲ့သည်။ တရုတ်သည် အရပ်ဘက်သုံးမောင်းသူမဲ့ လေယာဉ်များကို ကမ္ဘာတွင် အများဆုံးထုတ်လုပ်သည့် နိုင်ငံလည်းဖြစ်သည်။ လေယာဉ်ပျံသန်းမှု လမ်းကြောင်းအတွင်းသို့ မောင်းသူမဲ့လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်များကို ကာကွယ်ရန်အတွက် တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ်ကပင် တင်းကျပ်သော စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည်။ ထိုစည်းမျဉ်းများထဲ၌ အရပ်ဘက်သုံး မောင်းသူမဲ့လေယာဉ်များကို ပိုင်ဆိုင်သူများက ယာဉ်၏အလေးချိန်ကို ၎င်းတို့၏ အမည်အစစ်အမှန်ဖြင့် မှတ်ပုံတင်ရေးလည်း ပါဝင်သည်။ ရှင်းကျန့်ဒေသမှ အကောက်ခွန်တာဝန်ရှိသူများက ၎င်းတို့သည် နည်းပညာမြင့်ကိရိယာများဖြင့် မှောင်ခိုကုန်ကူးသည့် ပုံစံသစ်များကို အနီးကပ်စောင့်ကြည့်လေ့လာသွားမည်ဟု ပြောကြားခဲ့ကြောင်း Legal Daily ၌ ဖော်ပြခဲ့သည်။ ထို့ပြင် မှောင်ခိုလုပ်ရပ်များကို ထောက်လှမ်းနိုင်ရန် မောင်းသူမဲ့လေယာဉ်၊ ကြည်လင်ပြတ်သားသော စောင့်ကြည့်ကိရိယာများအပါအဝင် နည်းပညာမြင့်ပစ္စည်းများဖြင့် ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်သွားမည်ဟုလည်း ပြောခဲ့ကြောင်း သိရသည်။
Source : https://ift.tt/2GnzWwZ
via IFTTT

No comments:

Post a Comment