Saturday, March 24, 2018

MOI Webportal Myanmar

ယာယီသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဦးမြင့်ဆွေ မိန့်ခွန်းပြောခဲ့ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးပြောကြား နေပြည်တော် မတ် ၂၄ ယာယီသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဦးမြင့်ဆွေ၏ ပထမဆုံးမိန့်ခွန်းဟု လူမှုမီဒီယာတွင် ပြန့်နှံ့လျက်ရှိပြီး ထိုသို့ ပြန့်နှံ့နေသည်မှာ သတင်းမှား၊ သတင်းတု များသာ ဖြစ်ကာ ယာယီသမ္မတအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဦးမြင့်ဆွေ မိန့်ခွန်းပြောခဲ့ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က မြန်မာ့သတင်းစဉ်သို့ ပြောကြားသည်။ “လူမှုမီဒီယာမှာ ပြန့်နေတာက ယာယီသမ္မတရဲ့ ပထမဆုံး မိန့်ခွန်းဆိုပြီး ခေါင်းစဉ် တပ်ထားတယ်။ ပြီးတော့ သမ္မတကို ဘယ်လိုလူမျိုး ရွေးချယ်သင့်တယ် ဆိုပြီး တိုက်တွန်းတဲ့ ပုံစံတွေလည်း ရေးထားတယ်။ နံပါတ်တစ် အချက်အနေနဲ့ လာမယ့် ရက်သတ္တပတ် အတွင်းမှာ ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်မယ့် သမ္မတအဖြစ် ရွေးချယ်သွားမည့် အချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မိန့်ခွန်းဆိုပြီး ထွက်လာတာ ဖြစ်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေက ပြီးခဲ့တဲ့အပတ်က မော်ရိုကိုနိုင်ငံက ပြန်လာတယ်။ ဒီအတော အတွင်း ပြည်သူလူထုကို ထိတွေ့ပြီး မိန့်ခွန်း ပြောကြားခဲ့ခြင်းလည်း မရှိပါဘူး။ နောက်နိုင်ငံပိုင် သတင်းစာမှာလည်း ယာယီသမ္မတ ဦးမြင့်ဆွေ ကနေ ပြည်သူလူထုကို မိန့်ခွန်း ပြောကြားတာမျိုး ထုတ်ပြန်ထားတာ မရှိပါဘူး။ နံပါတ်နှစ် အချက်က ဒီမှာရေးသားဖော်ပြထားတာတွေက ယာယီသမ္မတ ဦးမြင့်ဆွေ မပြောကြားဘဲနဲ့ လူမှုမီဒီယာကတစ်ဆင့် လူထုကြားမှာ ပြန်နှံ့ပြီး ထင်ယောင် ထင်မှား ဖြစ်မှာစိုးတဲ့အတွက် မဟုတ်မှန်တဲ့ အကြောင်းပြောတာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ အရ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတ နှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲ အများဆုံးရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည့် အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေမှ ယာယီသမ္မတအဖြစ် ဆောင်ရွက်ရခြင်း ဖြစ်သည်။ ထို့ကဲ့သို့ သတင်းမှား၊ သတင်းတုများကို ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် ဖြန့်ဝေ လုပ်ဆောင်ခဲ့သူများကို ဥပဒေအရ အရေးယူနိုင်ရန် စိစစ်လျက် ရှိကြောင်း သိရပြီး ထိုအကြောင်းကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဒီလိုသတင်းမှားတွေ စပြီးဖြန့်တဲ့ Account ပိုင်ရှင်တွေကို လိုက်ပြီး စိစစ်နေပါပြီ။ ဒီလိုသတင်းမှားတွေ ဘယ်က စသလဲဆိုတာ စိစစ်နေပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ (သတင်းစဉ်)
Source : https://ift.tt/2pBe0nn
via IFTTT

No comments:

Post a Comment