သမ္မတသစ် ဦးဝင်းမြင့်ထံ တရုတ်သမ္မတ ရှီကျင့်ဖျင် ဝမ်းမြောက်ဂုဏ်ပြု သဝဏ်လွှာပို့ မြန်မာသမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် ထံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က လှိုက်လှဲစွာ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ မနေ့က ပေးပို့ကြောင်း ဆင်ဟွာ(မြန်မာ)သတင်းက ဆိုသည်။ သမ္မတရှီကျင့်ဖျင်၏ သဝဏ်လွှာတွင် အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာအစိုးရနှင့် ပြည်သူပြည်သားများ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေး ဖွံဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် ဆက်လက် တွန်းအားပေးရေး၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက် မှုတိုးချဲ့ရေး အစရှိသည့်နယ်ပယ်များ၌ အောင်မြင်မှုအသစ်များ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး၊ နှစ်နိုင်ငံပြည်သူ လူထု၏ “ပေါက်ဖော်’’ ချစ်ကြည်ရေးသည် နက်ရှိုင်းလှပါကြောင်း ဆိုသည်။ ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ နီးကပ်စွာ အပြန်အလှန်ပေါင်းသင်း ဆက်ဆံပြီး ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခဲ့ကြောင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်၌ ကူးလူးဆက် ဆံမှု တက်ကြွစွာ ဆင်နွှဲခဲ့ပြီး နိုင်ငံတကာမျက်နှာစာ ၌ နီးကပ်စွာတိုင်ပင်ညှိနှိုင်းခဲ့ကြောင်း၊ ယင်းက နှစ်နိုင်ငံ ပြည်သူလူထု အတွက် တိကျသော အကျိုး စီးပွားကို ဆောင်ကြဉ်းလာရုံသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး နှင့် သာယာဝပြော ရေးကို တက်ကြွစွာ အထောက်အကူပြုခဲ့ကြောင်း ပါရှိသည်။ သမ္မတရှီကျင့်ဖျင်အနေဖြင့် တရုတ် – မြန်မာဆက်ဆံရေး ဖွံဖြိုးတိုးတက်ရန် အထူးအလေးထားပြီး အစဉ်အလာ ချစ်ကြည် ရေးကို ပိုမိုခိုင်မာအောင်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းအောင်၊ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နောက်ထပ်အဆင့်မြှင့်တင်ပေးရန်နှင့် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူလူထု တို့အတွက် အကျိုးစီးပွားဆောင်ကြဉ်းလာရန် အဆွေတော်နှင့်တကွ ကြိုးပမ်းဆောင်ရွက်လို ကြောင်း၊ အဆွေတော် ကျန်းမာချမ်းသာ၍ အလုပ်အဆင်ပြေပါစေကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် စည်ပင်သာယာပြီး၊ ပြည်သူလူထုချမ်းမြေ့သုခ နှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက် ပါသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၇ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ နယ်စပ်ကင်း စခန်းများကို အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA က တိုက်ခိုက်မှုကို တပ်မတော်က စစ်ဆင်ရေးများ ပြုလုပ်၍ နယ်မြေရှင်း လင်းခြင်းနှင့် ပတ်သက်၍ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် အပါအဝင် အာရပ်တိုင်းပြည်များနှင် ကုလသမဂ္ဂတို့က ရှုံချခဲ့ပြီး လုံခြုံရေးကောင်စီတွင် မဲခွဲကာာ အရေးယူမည့် ကိစ္စနှင့် ပတ်သက်ပြီး ရုရှားနှင့် တရုတ်က မြန်မာနိုင်ငံဘက်မှ ရပ်တည်ခဲ့သည်။ သို့သော် တရုတ်၏ အကျိုးစီးပွားသည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ် ကမ်း၊ မြန်မာပြည်ကို ဖြတ်သန်းသွားသည့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် စီမံကိန်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း စသည်တို့ကို မြန်မာနိုင်ငံတွင် လုပ်ကိုင်လျှက်ရှိပြီး၊ One Belt One Road ခေါ် ရပ်ဝန်းတခု လမ်းတခု စီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအကြား လုပ်ဆောင်နေသည့် မဲခေါင်- လန်ချန်း စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်နေသည်။ The post သမ္မတသစ် ဦးဝင်းမြင့်ထံ တရုတ်သမ္မတ ရှီကျင့်ဖျင် ဝမ်းမြောက်ဂုဏ်ပြု သဝဏ်လွှာပို့ appeared first on ဧရာဝတီ.
Source : https://ift.tt/2J0s2XM
via IFTTT
No comments:
Post a Comment