“အကုသိုလ်များ”တဲ့ မြန်မာ့နိုင်ငံရေးဆီ ဦးဝင်းထိန် ပြန်လာ ပြဿနာများစွာ ဖြေရှင်းနေရသဖြင့် ပါတီက နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်မခံသဖြင့် ပြန်လာရ ခြင်း ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် NLD ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးအပြီးတွင် ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို ဩစတြေးလျမှ မနားတန်း ပြန်လာသည့် ဦးဝင်းထိန်က ထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ဒီမှာ အကုသိုလ် အရမ်းများတယ်။ မတော်တဆ တခုခု ဖြစ်သွားရင် အပယ်လားမှာ။ အပယ်တော့ အလားမခံနိုင်ဘူး။ ထွက်မယ်ဆို ပြီးတော့ ဘာမှမလိုချင်ဘဲ ထွက်သွားတာ”ဟု ဦးဝင်းထိန်က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ၎င်း၏ အသက်မှာ ၈၀ နားကပ်၍ သေခါနီးနေပြီ ဖြစ်ကြောင်း၊ သို့သော် သတင်းထောက်များ အပါအဝင် ပါတီဝင်များ၊ အခြားသူများနှင့် တွေ့ရသည့် အခါတိုင်း ပြဿနာချည်း ရှင်းနေရသဖြင့် ဒေါသထွက်ရကြောင်း၊ ပြောရဆိုရကြောင်း၊ လက်ရှိတွင် ပါတီ၏ မူလတာဝန်များ ကို ယခင်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ဦးဝင်းထိန်သည် ဂျာနယ်လစ်များ၊ တပ်မတော်အပါအဝင် အခြားအတိုက်အခံများနှင့် ဆက်ဆံရေး မပြေပြစ်ဘဲ နိုင်ငံရေးတွင် လူကြမ်းစာရင်းဝင်ခဲ့သည်။ ယခုနှစ်ဆန်းပိုင်း ခန်းနားကျော့ရှင်းသော သူ့သား မင်္ဂလာဆောင်အပြီး မြန်မာနိုင်ငံတွင်းမှ သမီးရှိရာ ဩစတြေးလျနိုင်ငံသို့ ထွက်သွားခဲ့သည်။ ပါတီမှ နုတ်ထွက်ခွင့်တင်ထားကြောင်း ပါတီကလည်း အတည်ပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဩစတြေးလျ ရောက်စဉ် ဦးဝင်းထိန်ထံ သွားတွေ့ပြီး ပြန်ခေါ်လာပုံ ပေါ်သည်။ သမ္မတ ဦးထင်ကျော် နုတ်ထွက်ခဲ့အပြီး ယခု နေပြည်တော် ပြန်ရောက်လာသော ဦးဝင်းထိန်၏ ပါတီတွင်း အခန်းကဏ္ဍကို ဗဟိုအလုပ်မှုဆောင် အဖွဲ့က ဆုံးဖြတ်ပေးမည် ဖြစ်၍ ယခုအချိန်တွင် တိတိကျကျ မပြောနိုင် သေးကြောင်း၊ မည်သည့်တာဝန် ပြန်လည် ထမ်းဆောင်မည်ကို ဆုံးဖြတ်ပေးရန် ကျန်သေးပြီး ပြန်လည် ဝင်ရောက်မှုကို ကြိုဆိုသည်ဟု သာ ပြောနိုင်သေးကြောင်း ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွှန့်က မီဒီယာများသို့ ပြောသည်။ ယနေ့ညတွင် လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်၏ နေအိမ်တွင် ဦးဝင်းထိန်ကြိုဆိုပွဲတခုကို ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ရန် ရှိကြောင်းလည်း သိရသည်။ ၎င်းက “ဦးဝင်းထိန် ပြန်လာတဲ့အတွက် ကြိုဆို နုတ်ဆက်ပွဲ လုပ်မယ့် လူမှုရေး တွေ့ဆုံပွဲ သက်သက်ပါ။ အတိုင်ပင်ခံတက်မယ်လို့တော့ မျှော်လင့်ပါတယ်။ မသေချာပါဘူး။ လူမှုရေးပွဲ ဆိုတေ့ာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဖြစ်တယ်။ တက်လည်း တက်နိုင်ပါတယ်”ဟု ေ ပြာသည်။ NLD ပါတီသို့ ဦးဝင်းထိန် ပြန်လည် ဝင်ရောက်ခဲ့ခြင်းသည့် ပါတီကို အားပြန်ဖြစ်စေပြီး ၎င်းကိုယ်တိုင်လည်း ယခင်လို မဟုတ်တော့ဘဲ ထိန်းထိန်းသိမ်းသိမ်း နေသွားလိမ့်မည်ဟု မျှော်လင့်ရကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက ပြောသည်။ “သူပြန်လာတော့ စည်းလုံးညီညွှတ်မှု မပြိုကွဲတော့ဘူး။ အိုင်ဒီယာတို့ဘာတို့ နောက်ကွယ်က ပေးနိုင်တယ်။ သူပြန်လာပြီဆိုရင် အရင်ကလို မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်း နေသွားလိမ့်မယ်။ သူမှားခဲ့တာမျိုးတွေလည်း မဖြစ်နိုင်တော့ဘူး။ နောက်တခုက ပါတီ အားပြန်ရှိသွားတယ်။ သူက အတွေးအခေါ် ရှိတာကိုး”ဟု ၎င်းက ဆိုသည်။ ယနေ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင်လည်း ဦးဝင်းထိန် ပြန်လာခဲ့ခြင်းကို ဝမ်းသာ ကြိုဆို နုတ်ခွန်းဆက် စကားများ ပြောဆို ခဲ့ကြောင်း၊ ပါတီ CEC တဦး ဖြစ်သူ ဦးထွန်းထွန်းဟိန် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌတာဝန် ထမ်းဆောင်မည့် အပေါ်တွင်လည်း ကြိုဆိုကြောင်း ပြောဆိုခဲ့ကြသည်ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။ လက်ရှိ နိုင်ငံရေး အပြောင်းအလဲများနှင့် ပတ်သက်၍ လွှတ်တော်နှင့် အုပ်ချူပ်ရေးပိုင်းဆိုင်ရာ ကိစ္စများကို လွှတ်တော်နှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာမှ ပုဂ္ဂိုလ်များက ဆုံးဖြတ်ကြောင်း၊ ပါတီကိစ္စများကို ပါတီတာဝန်ရှိသူများက ဆုံးဖြတ်ကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် သတင်းများကို ကြိုတင် အသိပေးနိုင်အောင် ထုတ်ပြန်ပေးမည်ဟု NLD ခေါင်းဆောင်များက ပြောသည်။ The post “အကုသိုလ်များ”တဲ့ မြန်မာ့နိုင်ငံရေးဆီ ဦးဝင်းထိန် ပြန်လာ appeared first on ဧရာဝတီ.
Source : https://ift.tt/2pE5ymy
via IFTTT
No comments:
Post a Comment