Monday, March 26, 2018


ဥပဒေမဲ့ ညှဉ်းပန်း နှိပ်စက်သည့် စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး အဖမ်းခံရ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်အုပ်စု၊ ဒေါင့်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖောက်ထွင်းမှုနှင့် ပတ်သတ်၍ သံသယတရားခံ ၂ ဦးကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် လပွတ္တာမြို့နယ်၊ ပိုးလောင်းနယ်မြေ ရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးအား ယမန်နေ့က ဖမ်းဆီးကာ ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လပွတ္တာမြို့နယ်တွင် ယခုနှစ်ဇန်နဝါရီလက ဖြစ်ပွားခဲ့သော ခိုးမှုတခုနှင့် ပတ်သက်၍ သံသယံ တရားခံ ၂ ဦးကို ဖမ်းဆီး စစ်ဆေးရာမှာ ဥပဒေလုပ်ထုံးလုပ်နည်းများကို မျက်ကွယ်ပြုပြီး ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီး စစ်ဆေး နေခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ကပြောသည်။ ဒုရဲမှူးကြီး ခင်မောင်လတ်က “အဲဒီမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရဲကင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထိမ်းသိမ်းပြီး မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ခုံရုံးအဖွဲ့နဲ့ စစ်ဆေးဆောင်ရွက် နေပါတယ်” ဟု ဧရာဝတီသို့ပြောသည်။ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ဒေါင်ချောင်းကျေးရွာနေ ဦးချစ်ခင်၊ ဒေါ်ယဉ်ယဉ်သန့်တို့ နေအိမ်တွင် ယခုနှစ် ဇန်နဝါရီလ အတွင်းက ကျပ်သိန်း ၄၀၀ ကျော် ဖောက်ထွင်း ခိုးယူမှုဖြစ်ပွားခဲ့ရာ အဆိုပါအမှုနှင့် ပတ်သတ်ပြီး ဒေါင့်ချောင်းကျေးရွာမှ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင် တို့အား ပိုးလောင်းစခန်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်း အပေါ် မိသားစုဝင်များက မကျေနပ်၍ တိုင်တန်းရာမှ ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ကြောင်းသိရသည်။ သံသယတရားခံ ၂ ဦးအား ညှဉ်ပန်းနှိပ်စက်မှုဖြင့် ဖမ်းဆီးထိမ်းသိမ်းခံနေရသူများမှာ ပိုးလောင်းစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု တပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား သူရိန်ဦးနှင့် ရဲတပ်သား ဝေဖြိုးအောင်တို့ဖြစ်ပြီး ၎င်းတို့အား လပွတ္တာမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။ ဒေါင့်ချောင်းကျေးရွာမှ သိန်း ၄၀၀ ကျော် ဖောက်ထွင်းခံရမှုနှင့်ပတ်သတ်၍ အိမ်နီးခြင်းဖြစ်သူ ကိုခင်မောင်လတ် (၃၂ နှစ်) အား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပိုးလောင်းရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး မတ်လ ၁၅ ရက်နေ့တွင် အိမ်နီးချင်းဖြစ်သူ ကိုစိုးမြတ်အောင်နှင့် ရဟန်းဝတ်နေသည့် ဖခင်ဖြစ်သူ ဦးစိုးနိုင်တို့ကို လူဝတ်လဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးရာတွင် ပိုးလောင်းရဲစခန်း အနေဖြင့် လပွတ္တာခရိုင် တရားရုံးချုပ်ရမာန် ရယူခြင်းမရှိဘဲ သံသယ တရားခံများကို ရက်ပေါင်းများစွာ ထိမ်းသိမ်း၍ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပိုးလောင်းရဲစခန်းမှ သံသယတရားခံ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့အား ဖောက်ထွင်းမှုနှင့် ပတ်သတ်၍ စစ်ဆေးမေးမြန်းရာတွင် ပလက်စတစ်ကော်ဘူးနှင့် ပလက်စတစ်ကြိုးများအား မီးရှို့၍ ကော်ရည်ပူ အစက်များဖြင့် ယောင်္ကျားအင်္ဂါနှင့် ပေါင်သားများကို လောင်းချခြင်း၊ ယောင်္ကျားအင်္ဂါကို ဆေးလိပ်မီးဖြင့်တို့ခြင်း၊ လက်ထိပ်နောက်ပြန်ခတ်၍ ထုပ်တန်းတွင် တွဲလောင်း ဆွဲထားခြင်း၊ မျက်နှာကို လက်ဝါး၊ ကတ္တီပါဖိနပ်တို့ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခြင်း၊ ယောက်ျားအင်္ဂါ အမွှေးများအား ဆွဲနှုတ်သည့် နည်းလမ်းများဖြင့် နှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ညှဉ်းပန်းနှိပ်စက် ခံရသူများက ပြောသည်။ နှိပ်စက်ခံခဲ့ရသူ ကိုစိုးမြတ်အောင် က “ပထမရက်တွေမှာ ကျနော်နဲ့ ကိုခင်မောင်လတ်ကို တခန်းစီထားပြီး နှိပ်စက်တယ်။ ကျနော့်ပါးတွေကို ကတ္တီပါ ဖိနပ်နဲ့ ချတယ်။ လက်ထိပ် နောက်ပြန်ခတ်ပြီး ထုပ်တန်းမှာ ၅ နာရီလောက် တွဲလောင်းဆွဲထားတယ်။ ယောက်ျား အင်္ဂါအမွှေးတွေကို ဆွဲနှုတ်တယ်။ မတ်လ ၂၁ ရက်နေ့ကတော့ ကျနော်နဲ့ ကိုခင်မောင်လတ်ကို ခြောက်ပေါက်ထဲကို ခြေထောက်ထည့်၊ လက်ထိပ် နောက်ပြန်ခတ်ပြီး ယောင်္ကျားအင်္ဂါနဲ့ ပေါင်တွေကို ရေသန့်ဗူးကို မီးရှို့ပြီး အစက်တွေချတာ” ဟု ဧရာဝတီကို ပြောသည်။ အဆိုပါ နှိပ်စက်မှုများအရ ကိုခင်မောင်လတ်မှာ ခိုးယူကြောင်း လိမ်လည်ဝန်ခံခဲ့ပြီး ပစ္စည်းများကို ၎င်း၏နေအိမ်တိုင် ခြေရင်းတွင် မြှုပ်ထားသည်ဟု ရဲတပ်ဖွဲ့ထံ လိမ်လည်ပြောဆိုခဲ့ကြောင်း၊ ပိုးလောင်းစခန်းမှ တပ်ဖွဲ့ဝင်များက ကိုခင်မောင်လတ် နေထိုင်ရာ ဒေါင့်ချောင်း ကျေးရွာနေအိမ်သို့ ခေါ်ဆောင်ပြီး သက်သေခံပစ္စည်း ပြသရန် ရောက်ရှိချိန်တွင် ကိုခင်မောင်လတ်မှ ဇနီးဖြစ်သူနှင့် ကျေးရွာ ရာအိမ်မှူး ၃ ဦးအား ၎င်းရရှိသည့် ဒဏ်ရာများ ပြသ၍ မိမိအား ဝိုင်းဝန်းကယ်တင်ပေးကြရန် အကူအညီ တောင်းခံရာမှ တဆင့် ပိုးလောင်းစခန်း၏ ညှဉ်းပန်းနှိပ်စက်မှုများကို ရပ်ရွာလူထုက သိရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကို ကူညီပေးနေသူ မြန်မာနိုင်ငံ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရမ်းက ပြောသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်ရေး အဖွဲ့ဝင်လည်းဖြစ်သည့် ဦးဇော်ရမ်းက “ရဲတွေ နှိပ်စက်တာကို မခံနိုင်တဲ့ အဆုံးမှာ ကိုခင်မောင်လတ်က သူ့နေအိမ်တိုင်ခြေရင်းမှာ မြှုပ်ထားတယ်လို့ လိမ်ပြောလိုက်တယ်။ ရဲတွေက သူ့အိမ်ခေါ်လာပြီး ပစ္စည်းရှာတော့ မတွေ့ဘူး။ အဲ့အချိန်မှာ ကိုခင်မောင်လတ်က သူ့မိန်းမနဲ့ စကားပြောပါရစေဆိုပြီး ခွင့်တောင်းပြီးတော့ သူ့မိန်းမနဲ့ ရာအိမ်မှူးတွေကို ဒဏ်ရာတွေပြပြီး ငါ့ကို ကယ်ကြပါဦး၊ အခုလိုသာ မတရားနှိပ်စက်နေရင် ငါသေလိမ့်မယ်ဆိုပြီး ပြောတော့မှ အားလုံးက အခြေအနေကို သိသွားတာ” ဟု ပြောသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်သည့် ရဲတပ်ဖွဲ့ဝင်များအား အရေးယူပေးရန် ကိုခင်မောင်လတ်၏ ဇနီးဖြစ်သူ မလှလှအေးနှင့် ကိုစိုးမြတ်အောင် ၏ မိခင်ဖြစ်သူ ဒေါ်ဌေးတို့က လပွတ္တာခရိုင် ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားခဲ့ရာ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပိုးလောင်း စခန်းမှူးနှင့် တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး သံသယတရားခံ များအား အချုပ်မှ လွှတ်ပေးခဲ့သည့် အတွက် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင် တို့မှာ လပွတ္တာမြို့ ၃ မိုင်မြို့သစ်ဆေးရုံတွင် မတ်လ ၂၃ ရက် နေ့က စတင်၍ ကုသမှုခံယူနေကြောင်း သိရသည်။ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဒေါင့်ချောင်းကျေးရွာမှ ကိုစိုးမြတ်အောင် က “ပိုးလောင်းစခန်းက နှိပ်စက်တဲ့ ဒဏ်ကြောင့် အခုဆိုရင် ကျနော့်မှာ လက်နှစ်ဘက်စလုံးက ဘာကိုမှ ကိုင်လို့ မရတော့ဘူး။ လက်လည်း မလှုပ်နိုင် မမြှောက်နိုင်ဘူး။ ထမင်းတောင် အမေ ခွံ့ကျွေးနေရတယ်။ ယောင်္ကျား အင်္ဂါနဲ့ ပေါင်မှာလည်း မီးလောင်ဒဏ်ရာတွေ၊ မီးလောင်ဖုတွေ ရထားတယ်။ ပါးတွေကိုလည်း ဖိနပ်နဲ့ချထားတော့ စကားများများ ပြောရင် ပါးတွေ၊ မေးရိုးတွေ အရမ်းနာတယ်”ဟု ပြောသည်။ အလားတူ ပိုးလောင်းစခန်းတွင် ၁ လခန့် ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသည့် ကိုခင်မောင်လတ်မှာလည်း ဘယ်ဘက်နား မကြားရတော့ခြင်း၊ လက်နှစ်ဖက်စလုံး မလှုပ်ရှား၊ မကိုင်နိုင်တော့ခြင်း၊ ကျားအင်္ဂါကို ပလက်စတစ်များကို မီးရှို့၍ အစက် ချခြင်းကြောင့် ဆီးသွားရန်ခက်ခဲသည့်ဝေဒနာများ ခံစားနေရကြောင်း ဒေသခံများကို ကူညီပေးနေသူ ဦးဇော်ရမ်းက ပြောသည်။ ဦးဇော်ရမ်းက “အခု ပိုးလောင်းရဲတွေနှိပ်စက်တဲ့ကိစ္စကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီတစ်ရက် နှစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကျနော်တို့ကို အကြောင်းပြန်ထားပါတယ်။ ပြီးတော့ ဒေသခံတွေ ကိုယ်စား ကျနော်တို့က ရဲတွေပြန်လည်တရားစွဲဆိုမှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ခိုးမှုသံသယ တရားခံအဖြစ် ကိုနန်းဝင်းနှင့် မသန်းသန်းအေးတို့ ဇနီးမောင်နှံ ၂ ဦးအား ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ခင်ပွန်းဖြစ်သူမှာ အချုပ်ခန်းထဲတွင် ခြင်ဆေးခွေထွန်းသည့်သံပြားဖြင့် မိမိလည်ပင်းကို လှီးဖြတ်မှုဖြစ်ပွားခဲ့ပြီး ဇနီးဖြစ်သူ မသန်းသန်းအေးမှာ ငဝန်မြစ်ထဲသို့ လက်ထိပ်တန်းလန်းဖြင့် ခုန်ချကာ မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။ ထိုသို့ ညှဉ်းပန်း နှိပ်စက်မှုများပေါ်ပေါက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ရဲချုပ်မှ သင်္ဘောကျင်းစခန်းမှ အမှုစစ် ဒုရဲအုပ်ကို ရာထူးမှ ဖြုတ်ကာ ထောင်ဒဏ် အပြစ်ပေးခဲ့ပြီး စခန်းမှအခြားအဆင့် တပ်ဖွဲ့ဝင် ၄ ဦးကို ရာထူးတဆင့် လျှော့ချသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ The post ဥပဒေမဲ့ ညှဉ်းပန်း နှိပ်စက်သည့် စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး အဖမ်းခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2GbMvr3
via IFTTT

No comments:

Post a Comment