ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ ကံ့ကော်ပင်ကျွန်း တွင် ပြုလုပ်မည့် ဟိုက်ဒရိုဂျင်မီးပုံးပျံ အတက်အဆင်းနေရာ တည်ဆောက်မှုနှင့် ဝန်ဆောင်မှု အစီအစဉ် ကို ပြည်သူလူထုကလက်မခံသောကြောင့် နေရာပြောင်းလဲ တည်ဆောက်ရန် တိုင်းလွှတ်တော် တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။ ကံ့ကော်ပင်ကျွန်းတွင် ရန်ကုန်မြို့၏ မြို့အလှ ရှုခင်းများကို ကြည့်ရှုနိုင်မည့် ဟိုက်ဒရိုဂျင် မီးပုံးပျံကို တည်ဆောက်ရန် Myanmar Voyages International Tour ကုမ္ပဏီက ရန်ကုန်မြို့တော် စည်ပင်နှင့် စာချုပ်ချုပ်ဆိုထားပြီး လက်ရှိ ပြင်ဆင်စရိတ် ဒေါ်လာရှစ်သိန်းခန့် ကုန်ကျနေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။ “ကုမ္ပဏီနဲ့ တွေ့ဆုံပြီးပြီ။ လွှတ်တော်မှာ တိုင်ပင် ဆွေးနွေးပြီး ကန်တော်ကြီးထဲကနေ နေရာ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ မီးပုံးပျံက အပေါ်အောက် ဆွဲတင်မှာ ဖြစ်ပေမယ့် ကန်တော်ကြီးက ရွှေတိဂုံဘုရားကြီးနဲ့ နီးကပ်နေတဲ့အတွက် လုပ်ခွင့် မပေးပါဘူး။ သူတို့ကိုလည်း နေရာတစ်နေရာမှာ အစားထိုး ပြန်လုပ်ပေးဖို့ တိုင်းလွှတ်တော်မှာ ထပ်မံ ဆွေးနွေးပြီးမှ ပြည်သူ့အသံကို နားထောင်ပြီး နေရာပြန်ချပေးမှာပါ” ဟု ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ဆိုသည်။ ယခုလက်ရှိ ကံ့ကော်ပင်ကျွန်းတွင် ဟိုက်ဒရိုဂျင် မီးပုံးပျံ တည်ဆောက်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် တည်ဆောက်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ Myanmar Voyages International Tour ကုမ္ပဏီ တာဝန်ရှိသူ၏ ဖုန်းနံပါတ် ဝ၉-၇၃ဝ၅ဝ၇၆၁၊ဝ၉-၅ဝဝဝ၂ဝ၅ တို့သို့ ဆက်သွယ်ပါသော်လည်း ဖုန်းပိတ်ထားသည်။ ရန်ကုန်မြို့ အလှရှုခင်းများကို နိုင်ငံခြားဧည့်သည်များ နှင့် မြန်မာပြည်သူများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးလျှင် စီးနင်းခ ဒေါ်လာ ၂ဝ သတ်မှတ်ထားကာ မီးပုံးပျံတစ်ခုလျှင် လူ ၂ဝ ခန့်ထိ စီးနိုင်မည်ဖြစ်သည်။ ယခုအခါ ရှုခင်းကြည့် အပျော်စီး မီးပုံးပျံခရီးစဉ်ကို ပုဂံဒေသ၊ အင်းလေးဒေသနှင့် မန္တလေးမြို့တို့၌ ပျံသန်းလျက် ရှိပြီး ယင်းရှုခင်းကြည့် အပျော်စီး မီးပုံးပျံ ခရီးစဉ်တွင် ခရီးသည် လေးဦးဆံ့၊ ခြောက်ဦးဆံ့၊ ရှစ်ဦးဆံ့ နှင့် ၁၆ ဦးဆံ့ မီးပုံးပျံများဖြင့် ပျံသန်းလျက်ရှိသည်
Source : https://goo.gl/cJBA3E
via IFTTT
No comments:
Post a Comment