တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ ကျန်းမာရေးလမ်းနှင့် ဂေါက်ကွင်းလမ်းတို့၌ ညအချိန် ချိန်းတွေ့ စကားပြောနေသော ချစ်သူစုံတွဲများအား ရဲယူနီဖောင်း ဝတ်ဆင်၍ ငွေကြေးနှင့် ဖုန်းများ တောင်းယူခ့ဲသူများကို အောက်တိုဘာ ၂၁ ရက် ညက ဖမ်းဆီးရမိခ့ဲကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ ချစ်သူစုံတွဲများ ချိန်းတွေ့ရာ နေရာများဖြစ်သော ဂေါက်ကွင်းလမ်းနှင့် ကျန်းမာရေးလမ်းတို့၌ ချိန်းတွေ့ကြသော စုံတွဲများအား ရဲယူနီဖောင်းဝတ်ဖြင့် လူအချို့မှ ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်းနှင့် ငွေများ တောင်းခံခ့ဲမှုများမှာ ယခုလပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခ့ဲကြောင်း၊ အောက်တိုဘာ ၂၁ ရက် ည ၇ နာရီတွင် ထားဝယ်မြို့မ ရဲစခန်းမှ ရဲအုပ်စိုးနိုင် ဦးစီးသည့် အဖွဲ့က သက်သေများနှင့်အတူ သတင်းအရ ကျန်းမာရေးလမ်းနှင့် မီးရထားလမ်းဆုံ၌ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဥ် ည ၇ နာရီခွဲခန့်၌ နက်ပြာရောင် ဘောင်းဘီရှည်နှင့် ပြောက်ကျားလည်တို၊ ဖိနပ်စီးထားသော မင်းဇော် (၃၂ နှစ်) ထိန်ဟောင်းရပ်ကွက် ထားဝယ်မြို့နေသူအား မသင်္ကာ၍ စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှာခေါင်းစည်း အမည်းရောင် သုံးခု၊ OPPO အမျိုးအစား (ဆင်းကတ်မပါ) လက်ကိုင်ဖုန်း အဖြူ ရောင် တစ်လုံး၊ ခါးကြားထဲတွင် လက်ထိတ်တစ်ကွင်း ထိုးထားသည်ကို တွေ့ရှိခ့ဲသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခ့ဲပြီး လက်ကိုင်ဖုန်းအား မင်းဇော်က ပိုင်ဆိုင်ကြောင်း အထောက်အထားပြောပြနိုင်ခြင်း မရှိသဖြင့် ပိုင်ရှင်စုံစမ်းနေစဥ်အတွင်း မင်းဇော်အား ဥပဒေအရ အယူပေးရန် ရဲအုပ်စိုးနိုင်က တိုင်တန်းခဲ့သောကြောင့် ထားဝယ်မြို့မ ရဲစခန်းမှ (ပ) ၁၂၈၁/၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့်ထားခ့ဲကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ ထို့နောက် မင်းဇော်အား စစ်ဆေးချက်အရ အောက်တိုဘာ ၂၂ ရက် နံနက် ၂ နာရီ မိနစ် ၂ဝ တွင် ကွင်းဆက် တရားခံများဖြစ်သည့် ထိန်ဟောင်းရပ်ကွက်နေ ကျော်မြတ်သူ (၂၈ နှစ်) နှင့် အိမ်ရှေ့ပြင်ရပ်ကွက်နေသူများဖြစ်သည့် ခင်မောင်ထွေး (ခ) ကန်းကန်း(၃ဝ နှစ်)၊ ရဲဝင်း(ခ) နိုင်နိုင်(၃၅ နှစ်) တို့အား စုံစမ်းဖမ်းဆီးခ့ဲပြီး အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မင်းဇော်၏ ယောက္ခမနှင့် ဇနီးဖြစ်သူ ထိန်ဟောင်းရပ်ကွက်နေ ဒေါ်ကြည်နွယ် (၄၄ နှစ်)နှင့် မသီအေး (၂၈ နှစ်) တို့အား ဖမ်းဆီးခ့ဲကြောင်း သိရသည်။ ဖမ်းဆီးရမိခ့ဲသူများအား စစ်ဆေးချက်အရ ကျော်မြတ်သူထံမှ နံပါတ်မပါ Wave-100 ဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်အံခွက် အတွင်းမှ နက်ပြာရောင် ရဲအကင်္ျီ နှစ်ထည်၊ တောဆောင်းပြောက်ကျား ဦးထုပ်တစ်လုံး၊ ဒေါ်ကြည်နွယ်ထံမှ လက်ကိုင်ဖုန်း သုံးလုံး (နံပါတ်စိစစ်ဆဲ) တို့အား သိမ်းဆည်းရမိခ့ဲသည့်အပြင် သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးဖော်ထုတ်ချက်အရ တရားခံ မင်းဇော်၊ ကျော်မြတ်သူ၊ ခင်မောင်ထွေးနှင့် ရဲဝင်းတို့ လွန်ခ့ဲသည့် တစ်လကျော်ခန့်က ဂေါက်ကွင်းလမ်းနှင့် ကျန်းမာရေးလမ်းတို့တွင် ရဲယူနီဖောင်း လက်ထိတ်တို့ဖြင့် ရဲအသွင် ဟန်ဆောင်၍ ချစ်သူစုံတွဲများအား ဖမ်းဆီးမည် စသဖြင့် အမျိုးမျိုးခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းနှင့် ရွှေငွေများကို တောင်းခံခ့ဲကြောင်း၊ တောင်းခံရရှိသည့် လက်စွပ်နှစ်ကွင်းအား ထားဝယ်မြို့ စည်ပင်သာယာစျေးရှိ ရွှေဆိုင်တွင် မင်းဇော်၏ဇနီးနှင့် ယောက္ခမဖြစ်သူတို့က ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခ့ဲပြီး သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်များအား စုံစမ်းဖော်ထုတ်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ထားဝယ်မြို့မ ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် တရားခံများကို ထားဝယ်မြို့မ ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေပြီး ရာဇသတ်ကြီးပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ Writer: ဖြိုးဇင်
Source : http://ift.tt/2ewLzl5
via IFTTT
No comments:
Post a Comment